အပိုင်း ၁၁၅
Viewers 16k

Chapter 115


ဖုယွမ်ချွမ်း၏အသွင်အပြင်သည် သူ၏အမြင်အာရုံကို အပြည့်အဝ ဖမ်းစားသွားခဲ့သည်။ လွန်ခဲ့သည့် စက္ကန့်ပိုင်းလောက်ကတော့ ဖုယွမ်ချွမ်းသည် သူ့ကို ပြုံးပြုံးလေး ကြည့်နေခဲ့ပြီး ဆန့်ကျင်ဘက်အနေဖြင့် မက်ခါကို ကိုင်တွယ်နေစဉ်တွင်တော့ အလွန် လေးနက်နေ၏။


ဖုယွမ်ချွမ်းသည် အတိအကျ တိုင်းချုပ်ထားသော တော်ဝင်စစ်ဝတ်စုံကို ၀တ်ဆင်ထားသည်။ ကျွင်းချင်ယွီ၏ အကြည့်များက သူ့ကော်လံနားတဝိုက်တွင် ဝဲနေပြီး ကြယ်သီးများကို ဖြုတ်ထားပါက ပို၍ ကြည့်ကောင်းမည် ဟု တွေးနေမိသည်။


သူသည် စေ့စေ့စပ်စပ် ကြည့်နေစဉ်တွင် နားထဲ၌ အသံတစ်သံ ကြားလိုက်ရလေသည်။


 “ကြည့်လို့ ကောင်းလား” 


ကျွင်းချင်ယွီသည် ခေါင်းညိတ်ပြလိုက်ပြီး သိပ်မကြာခင်တွင် သူ အံသြတကြီး ဖြစ်သွားသည်။ အပြင်သို့ ပြန်ကြည့်လိုက်သောအခါ ကြယ်များ အများအပြား ရှိနေ၍ ဟိုက်ပါခုန်ဆင်းခြင်းက ပြီးဆုံးခါနီးနေလေပြီ။


မက်ခါ၏စတီယာရင်က အလိုအလျောက်စနစ်သို့ ပြန်ပြောင်းသွားသည်။


ကျွင်းချင်ယွီသည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး အပေါ်သို့ မှီထားရန် လက်ယပ်ခေါ်လိုက်သည်။


ဖုယွမ်ချွမ်းလည်း မှီထားလိုက်ပြီး စကားပြောရန် ပြင်လိုက်သောအခါတွင် ရေသူလေးက ခေါင်းကို မော့၍ နမ်းလိုက်လေသည်။


"ခင်ဗျား တော်ဝင်စစ်ဝတ်စုံကို ဝတ်ထားတာ အရမ်းကြည့်လို့ကောင်းတယ်"


ဖုယွမ်ချွမ်း၏ မျက်လုံးများ အနည်းငယ် အရောင်မှိန်သွားပြီး 


"နောက်တစ်ခါဆိုရင် မင်းအတွက်ပဲ ဝတ်ပေးမယ်"


"ဟင်"


ငါ့အတွက်ပဲ?


ကျွင်းချင်ယွီသည် ထိုစကားကို သိပ် မရှင်းသလို ခံစားရ၏။


သူသည် မည်သည့်ကိစ္စများ ဖြစ်ပျက်နေမှန်း မမေးရသေးခင် ဖန်သားပြင်ပေါ်တွင် တစ်စုံတစ်ယောက်သည် လင့်ခ်တစ်ခုကို တည်ဆောက်ရန် ကြိုးစားနေကြောင်း ပြသလာသည်။


'DC-10 တော်ဝင်စစ်ဘက်ဆိုင်ရာမက်ခါ ထံမှ ချိတ်ဆက်ရန် တောင်းဆိုချက်ကို လက်ခံရရှိပါသည်။ ချိတ်ဆက်လိုပါသလား။'


"ချိတ်ဆက်ပါ"


'အတည်ပြုပြီးပါပြီ၊ ချိတ်ဆက်နေဆဲ ဖြစ်ပါသည်... အောင်မြင်စွာ ချိတ်ဆက်ပြီးပါပြီ'


ယွီကျစ်သည် ဖန်သားပြင်ပေါ်တွင် ပေါ်လာပြီး လေးနက်စွာ ပြောသည်။


"မာရှယ်မှ သတင်းပေးပို့ခြင်း ဖြစ်ပါတယ်... အတူ ပါ၀င်သည့် မက်ခါငါးခုကို စစ်ဆေးမှု ပြီးသွားပါပြီ၊ ရလဒ်များအရ မူမမှန်တာမျိုး မရှိပါဘူး" 


 "ဆက်လုပ်ပါ"


 "ဟုတ်ကဲ့ နားလည်ပါပြီ"


ဆက်သွယ်မှု ပိတ်လိုက်သည့် အခိုက်အတန့်တွင် ယွီကျစ်က ခေါင်းငုံ့ကြည့်လိုက်ပြီး ထိန်းချုပ်ကိရိယာပေါ်တွင် ရှိနေသော အရောင်ဖျော့ဖျော့ အရာလေးကို တစ်ချက်ကြည့်လိုက်သည်။ ရွှေရောင် ရေသူလေးတစ်ကောင်များလား...


ထိန်းချုပ်ကိရိယာတစ်ခုလုံးသည် အရောင်တူညီကြ၏။ အရောင်ကွဲဖြင့် တပ်ဆင်ထားရသည့် အထူးလုပ်ဆောင်ချက်များပါရှိသော ခလုတ်အနည်းငယ်မှလွဲ၍ အားလုံးက အရောင် တူညီကြသည်။


တစ်ရောင်တည်းရှိနေသော မျက်နှာပြင်ပေါ်တွင် ရွှေဖျော့ဖျော့အရောင်လေးက အလွန် ထင်ရှားနေ၏။


သူ အနီးကပ် မကြည့်ရသေးမီတွင် မြင်ကွင်းက ပျောက်ကွယ်သွားသည်။ ယွီကျစ်သည် တခဏခန့် လန့်ဖြန့်သွားပြီး နောက်ထပ် စဉ်းစားမနေတော့ဘဲ နောက်တစ်ကြိမ် ခုန်ရန် ပြင်ဆင်လိုက်လေသည်။


ကျွင်းချင်ယွီသည် မက်ခါပေါ်မှ ဆင်းလာသောအခါ ဖုယွမ်ချွမ်း၏အိတ်ကပ်ထဲတွင် ရှိနေခဲ့သည် ။


မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန်အတွက် ကျွင်းချင်ယွီသည် ခေါင်းပင် မဖော်ရဲချေ။


ဖုယွမ်ချွမ်းသည် အချိန်ဆွဲမနေဘဲ ဧည့်ခန်းထဲသို့ တန်းတန်းမတ်မတ် ပြန်လာခဲ့သည်။


 တံခါးဖွင့်သံကို ကြားသောအခါ ကျွင်းချင်ယွီသည် စကားစရန် ပြင်လိုက်သော်လည်း သူ တစ်ခွန်းမှ မပြောရသေးမီတွင် ဖုယွမ်ချွမ်းက သူ့ကို အိတ်ကပ်ထဲမှ ထုတ်၍ ငါးကန်ထဲသို့ ပစ်ထည့်လိုက်၏။


 “…?”


သူ၏အမြီးထိပ်ဖျားသည် ရေနှင့်ထိတွေ့သည်နှင့် တပြိုင်နက် အလိုလို ကွေးကောက်သွားသည်။ ကျွင်းချင်ယွီသည် ရေပေါ်တွင် ပေါလောပေါ်နေပြီး မနစ်မြုပ်သွားသော်လည်း ဤနေရာတွင် ငါးကန်ရှိရခြင်းနှင့်ပတ်သက်၍ အနည်းငယ် နားလည်ရခက်သွားသည်။


အိမ်၌ရှိသော ကုတင်အလွတ်များပါဝင်သည့် ငါးကန်များနှင့် သိပ်ပြီး မကွာလှပေ။


ကျွင်းချင်ယွီသည် ငါးကန်၏အစွန်းကို မှီထားလျက် မေးလိုက်သည်။


"ခင်ဗျားရဲ့ ဧည့်ခန်းထဲမှာ ဘာလို့ ငါးကန်က ရှိနေတာလဲ"


ဖုယွမ်ချွမ်းသည် ရေသူများအတွက် ကောင်းကျိုးပေးသည့် အမှုန့်အချို့ကို ရေထဲသို့ ဖြန်းလိုက်ပြီး


"ကိုယ် လမ်းမှာတုန်းက ဒီဘက်မှာရှိတဲ့ တစ်ယောက်ယောက်ကို ပြင်ဆင်ထားပေးဖို့ အကြောင်းကြားခဲ့တာ"


ဤနေရာ၌ သူသည် လူသားအဖြစ် အသွင်မပြောင်းနိုင်ဟု တွေးမိသောကြောင့် ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သူသည် ငါးကန်ကို ပြင်ဆင်ထားခဲ့သည်။ ကျွင်းချင်ယွီက အားရပါးရ ပြုံး၍ ပြောလိုက်လေသည်။


"ခင်ဗျားက ကျွန်တော့်ကို မနက်အစောကြီးထဲက ဒီကို ခေါ်လာချင်တဲ့ပုံပဲနော်" 


မည်သို့ပင်ဆိုစေကာမူ အရာအားလုံးကို စနစ်တကျ စီမံခန့်ခွဲနိုင်သည့်အပြင် အရာအားလုံးကို ကြိုတင်စီစဉ်ထားသည့်အတိုင်း ဖြစ်လာစေရန် စွမ်းဆောင်န်ုခဲ့ပါသည်။ အမှန်မှာ ကြိုတင်ပြင်ဆင်မှုများသည် အချိန်ကာလ ပေးရသည့်အပြင် ယနေ့ခေတ်တွင်သာ လုပ်ဆောင်နိုင်လေသည်။


“အင်း”


"အဲ..."


ဖုယွမ်ချွမ်းသည် မနက်အစောကြီးတည်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့၏။


"မင်း ရောက်လာဖို့ကို ကိုယ် မျှော်နေခဲ့တာ၊ အဖွဲ့ချုပ်က ဆုတ်ခွာသွားတဲ့အခါ မင်းကို ဒုက္ခမပေးနိုင်တော့ပါဘူး”


ဤမတိုင်မီက စစ်ပွဲဟာ တင်းမာခဲ့သော်လည်း အဖွဲ့ချုပ်သည် ခဏတာ မငြိမ်မသက်ဖြစ်ပြီးနောက် နုတ်ထွက်သွားခဲ့ပြီး ယခုအချိန်တွင် အဖွဲ့ချုပ်သည် ပြည်တွင်းရေး ပြဿနာတချို့ ကြုံတွေ့နေရသောကြောင့် သူတို့ ကိုယ်တိုင်ပင် အခြားကိစ္စများအပေါ် အာရုံမရောက်နိုင်ပေ။


ဤနယ်မြေက လုံခြုံသွားပြီ ဖြစ်သောကြောင့် ငါးလေး ရောက်ရှိလာခြင်းက ဖြစ်သင့်ပါသည်။


ခပ်ရှင်းရှင်း ပြောရလျှင် ငါးလေးကို မက်ခါများနှင့် စမ်းသပ်မှုများတွင်သာ ချည်နှောင်ထားခဲ့ရသောကြောင့် ဤတစ်ခေါက် ဖုယွမ်ချွမ်း ပြန်လာသောအခါတွင် သူ့ကိုပါ ခေါ်ဆောင်လာရန် ဖြစ်သွားခဲ့သည်။


ကျွင်းချင်ယွီသည် မျက်ခုံးကို ကျုံ့လိုက်ပြီး ၎င်းကို အမှန်တရားအဖြစ် လက်ခံရန် အနည်းငယ် ချီတုံချတုံ ဖြစ်နေ၏။


“အဖွဲ့ချုပ်က အင်အားအလုံးအရင်းနဲ့ ဝင်လာခဲ့ပြီး ဂလက်ဆီကို သိမ်းပိုက်ရမယ့်အစား အင်ပါယာကနေ သူတို့ ခိုးယူထားတဲ့ ဂြိုလ်ကို ဆုံးရှုံးခဲ့ရတယ်။ အခု သူတို့က ဒီအတိုင်းပဲ ထားခဲ့ကြမှာလား"


ကြယ်တာရာတိုက်ပွဲများသည် စစ်သင်္ဘောများထံမှ လောင်စာများကို အဓိက အသုံးပြုကြပြီး တိုက်ပွဲများမှတဆင့် မက်ခါများကို ပျက်စီးစေသည်။ သူတို့ထံတွင် မီးရှို့ရန်အတွက် ပိုက်ဆံများ အလွန် များပြားနေသည်လား။


ဟန်ပြရန် ပြေးလာပြီးနောက်မှ ပြန်၍ ထွက်ပြေးသွားခြင်းက တကယ်ကို ထူးဆန်းသည်ပင်။


ဖုယွမ်ချွမ်းက ဆိုသည်။


“အဖွဲ့ချုပ်က နှစ်ဂိုဏ်းကွဲပြီး ပဋိပက္ခတွေဖြစ်နေတာ” 


ကျွင်းချင်ယွီက တွေးတွေးဆဆဖြင့် ခေါင်းညိတ်လိုက်၏။ ပြည်တွင်းစစ်ပွဲများရှိနေခြင်းက သူတို့အတွက် အကျိုးရှိသည်။ ၎င်းက အင်ပါယာကို အချိန်ပို၍ရစေနိုင်သည်။ သို့သော်လည်း ဤကာလတွင် ပဋိပက္ခများ ဖြစ်နေခြင်းက ထူးဆန်း၍နေ၏။ ပြည်ပရန်အန္တရာယ်ကို ဆန့်ကျင်ရန် သူတို့အနေဖြင့် ညီညီညွတ်ညွတ် ရှိသင့်ပေသည်။


"အများကြီး မစဉ်းစားပါနဲ့"  


ဖုယွမ်ချွမ်းက ငါးလေး၏ဆံပင်ကို လက်ချောင်းများဖြင့် ပွတ်သပ်လိုက်ပြီး 


"ဒီကာလမှာ ကိုယ်တို့ ရလဒ်တစ်ခု ထွက်ပေါ်လာအောင် ကြိုးစားနိုင်မှာပါ"


 "ကောင်းပါပြီ"


ဖုယွမ်ချွမ်းက ငါးကန်မှာ အနည်းငယ် ဗလာကျင်းနေသည်ကို မြင်လျှင် ပုလဲအချို့ကိုယူ၍ ကန်အောက်ခြေနားသို့ ထည့်ပေးလိုက်၏။


"ရေသူလေးအဖြစ်ပဲ ခဏ‌ဆက်နေဦး၊ ရှီခိုင်ရှင်း ပြန်လာတာကိုစောင့်ပြီးမှ လူသားပုံစံကိုပြောင်းနော် "


ကျွင်းချင်ယွီက ရှီခိုင်ရှင်းနှင့်အတူ ရောက်ရှိလာကြောင်း အခြားသူများ ယူဆနိုင်စေရန်အတွက် ၎င်းသည် ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်တစ်ခုပင် ဖြစ်၏။


 “အင်း” 


ကျွင်းချင်ယွီက သူ၏အမြှီးကို ခါယမ်းလိုက်ပြီး ရှီခိုင်ရှင်းက လောလောဆယ်ရောက်လာသေးမှာမဟုတ်ဟု ယူဆလိုက်လေသည်။


ကျွင်းချင်ယွီက စဉ်းစားကြည့်ပြီး မေးလိုက်သည်။


"ဒါဆို ကျွန်တော် အခန်းထဲမှာ လူသားပုံစံ ပြောင်းလို့ရလား"


သူက စမ်းသပ်မှုများ လုပ်နေရဆဲပင်။ ဖုယွမ်ချွမ်းသည် သူကိုယ်တိုင် တွက်ထုတ်ထားသော ရလဒ်အတိုင်း ရှေ့ဆက်ချင်သော်လည်း သူ့ထံတွင် အစမ်းပြုဘာသာရပ်များ မရှိသောကြောင့် ဒေတာတစ်ခုတည်းဖြင့် အသုံးမဝင်နိုင်ပေ။


ဖုယွမ်ချွမ်းက ပြောသည်။


"မင်းရဲ့သဘောပဲလေ၊ တခြားဘယ်သူမှ ဒီအခန်းထဲကို ဝင်လာမှာမဟုတ်ဘူး"


မည်သူမှ မဝင်လာခြင်းက ပို၍ ကောင်းသည်။ ဤနည်းဖြင့် သူသည် မည်သည့်ပြဿနာမှ မရှိဘဲ အသွင်သဏ္ဍာန်တစ်ခုမှတစ်ခုသို့ ပြောင်းလဲနိုင်လေသည်။


ဤအတွေးဖြင့် ကျွင်းချင်ယွီက ငါးကန်အစွန်းကို ချက်ချင်းဆွဲ၍ ခုန်ထွက်ရန် ပြင်လိုက်၏။


 ဖုယွမ်ချွမ်းက သူ့ကို အလျင်စလို ဆွဲကိုင်လိုက်ပြီး လက်ဖဝါးထက်တွင် ငါးလေးကို တင်လိုက်ကာ


"ဘာလုပ်တာလဲ၊ ရေထဲမှာ မစိမ်နေချင်ဘူးလား"


သူက ငါးလေး မသက်မသာဖြစ်မည်ကို စိုးရိမ်သောကြောင့် ငါးလေးအား ရေကန်ထဲ ထည့်ထားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။ ဆေးဝါးများ မရှိသည့်အတွက် ရေစိမ်နေခြင်းက ငါးလေးကို သက်သာရာရစေနိုင်သည်။


 “အင်း”  


ကျွင်းချင်ယွီမှာ တကယ်ကို ရေထဲတွင် စိမ်နေချင်စိတ် မရှိပေ။ သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။


"ကျွန်တော့်ကို အဝတ်အစားတစ်စုံလောက် ရှာပေးပါလား၊ ကျွန်တော် စမ်းသပ်မှုတွေ ဆက်လုပ်ချင်လို့" 


ဖုယွမ်ချွမ်းက ကျွင်းချင်ယွီကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့သောကြောင့် သူ့အတွက် အဝတ်အစားများ ပြင်ဆင်ပေးလာလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း လောလောဆယ်တွင် ၎င်းတို့ကို မယူဆောင်လာမိခဲ့ပေ။ ထိုအစား သူသည် ငါးလေးကို ရေထဲသို့ ပြန်ထည့်လိုက်ပြီး 


“ကိုယ် မင်းကို စမ်းသပ်မှုရလဒ်နဲ့ အရှေ့တွန်းတင်တဲ့နည်း သင်ပေးမယ်‌လေ”


ပထမတော့ ကျွင်းချင်ယွီသည် ရေထဲမှ ခုန်ချရန် ပြင်နေသော်လည်း ထိုစကားကို ကြားပြီး ရုတ်တရက် ငြိမ်ကျသွားလေသည်။


"အရင်က သက်ဆိုင်တဲ့ စမ်းသပ်မှုတွေ လုပ်ဖူးလား"


 “ဟင့်အင်း”


ကျွင်းချင်ယွီက ခေါင်း‌လေးငဲ့၍ မေးလိုက်သည်။


"ဒါဆို စာမေးပွဲရလဒ်နဲ့ အရှေ့တွန်းတင်တဲ့နည်းကို ခင်ဗျား ဘယ်လိုလုပ်ပြီး သိတာလဲ"


ကြယ်တာရာခေတ်ရှိ စမ်းသပ်ဒေတာ တွက်ချက်မှုတွင် အထူးလက္ခဏာများ ပါဝင်ပြီး ကျွင်းချင်ယွီ ပြန်လည်မဖွေးလာမီ ရံဖန်ရံခါ တွေ့ကြုံခဲ့ဖူးသော အရာများနှင့် လုံးဝ ကွဲပြားပါသည်။ ၎င်းသည် အလွန် ခက်ခဲသည့်အပြင် ပျင်းရိငြီးငွေ့ဖွယ်ကောင်းပြီး ဒေတာကုဒ်ဝှက်ခြင်းများလည်း ပါဝင်သည်။


သူက အချိန်အတော်ကြာအောင် တွန်းအားပေးခဲ့သည့်တိုင် မည်သည့်ရလဒ်မျှ မထွက်ပေါ်လာခဲ့ချေ။ သို့သော်လည်း ဖုယွမ်ချွမ်းကမူ တစ်ညတာမျှသာ အချိန်ပေးခဲ့ရလေသည်။


ဖုယွမ်ချွမ်းက ထိုစကားကို ကြားပြီး ပြောလိုက်သည်။


"ကိုယ် မင်းကို ကိုယ့်မိသားစုအကြောင်း မပြောပြရသေးဘူးမလား"


 “အင်း”  


ကျွင်းချင်ယွီသည် ဖုယွမ်ချွမ်း ကြုံတွေ့ခဲ့ရသည်များကို ကြားသိပြီးနောက်တွင် သူ၏မိသားစုအကြောင်းကို အသေးစိတ် စုံစမ်းနေဆဲ ဖြစ်သည်။


သူ၏ တစ်ချိန်က ပျော်ရွှင်ဖွယ်ရာ မိသားစုလေးသည် ပြင်ပရန်သူအင်အားစုများ၏ ဖြိုခွဲခြင်းကို ခံခဲ့ရပြီး သူကိုယ်တိုင်လည်း အသက်ရှင်သန်ရန်အတွက် ထိုလူ၏လက်အောက်တွင် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရလေသည်။


ထိုအခြေအနေမျိုးတွင် သူ၏မိသားစုအကြောင်းကို မေးမြန်းဖို့က ဒဏ်ရာကို ဆားပွတ်သကဲ့သို့ ဖြစ်နေသောကြောင့် ကျွင်းချင်ယွီသည် ထိုအကြောင်းကို အမြဲ သတိထား၍ ရှောင်ကျဉ်ခဲ့၏။


“ကိုယ့်အဖေက တော်ဝင်သုတေသနစင်တာရဲ့ ဒါရိုက်တာ၊ အမေက တော်ဝင်သုတေသနစင်တာရဲ့ သုတေသနမှူးဖြစ်ပြီး ကိုယ့်ရဲ့အဘိုးနဲ့အဘွားကတော့ တော်ဝင်ဆေးပညာကျောင်းရဲ့ ပါမောက္ခတွေ‌ပေါ့။ အမေဘက်က အဘိုးက မက်ခါတည်ဆောက်တဲ့သူ တစ်ယောက်လေ၊ အမေဘက်က အဘွားကတော့ မက်ခါအသစ်တွေကို သုတေသနပြုတဲ့နေရာမှာ ဇောက်ချလုပ်ကိုင်ခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်တည်းက အင်ပါယာရဲ့သမိုင်းစာအုပ်တွေမှာ မှတ်တမ်းတင်ခြင်းခံခဲ့ရတာ"


ကျွင်းချင်ယွီ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တုန်ယင်သွားသည်။ ဖုယွမ်ချွမ်း ဤမျှလောက် သိနေသည်မှာ အံ့ဩစရာ မရှိပေ။


ဖုယွမ်ချွမ်း၏ဖခင်အကြောင်းကို သူ သိထားသော်လည်း အခြား သက်ကြီးပိုင်းများ၏ အထောက်အထားကြောင့် အနည်းငယ် အံ့သြသွားသည်။ မူရင်းဇာတ်လမ်းထဲတွင် ဖုယွမ်ချွမ်းသည် အရပ်သားအနွယ်ဖွားတစ်ယောက် ဟု ဆိုထားလေသည်။ အမှန်မှာ အချိန်ကာလအရ အင်ပါယာသည် အဖွဲ့ချုပ်၏ရုပ်သေးရုပ် ဖြစ်လာချိန်၌ ဖုယွမ်ချွမ်းသည် စမ်းသပ်မှုတွင် ပါဝင်ခြင်းမှတဆင့် သူ၏ မှတ်ဉာဏ်များ ပျောက်ဆုံးသွားပြီးနောက်ပိုင်း အချိန်ကာလ ဖြစ်သည်။


 မူရင်းဇာတ်လမ်းတွင် ထိုသက်ကြီးပိုင်းများအကြောင်းကို ဖော်ပြထားခြင်း မရှိပါ။


ထိုအချိန်ကာလနှစ်ခုက ကွာခြားနေလေသည်။


ကျွင်းချင်ယွီသည် ရေစီးကြောင်းအတိုင်း အမြီးဖျားလေးဖြင့် ကူးခတ်နေရာမှ မမေးဘဲမနေနိုင်တော့ပေ။


"ခင်ဗျား ကြီးလာတဲ့အခါ ဘာလုပ်မယ် ဆိုပြီး စဉ်းစားခဲ့ဖူးလား" 


ဖုယွမ်ချွမ်းက ခေါင်းယမ်းလိုက်သည်။ သူ၏မိသားစု ပတ်ဝန်းကျင်က အတော်လေး တင်းမာသည့်အပြင် ကလေးဘဝ၌လည်း အကန့်အသတ်မရှိစွာဖြင့် လက်တွေ့မကျသော စိတ်ကူးအိပ်မက်တို့ များများစားစား မရှိခဲ့ပေ။


ဆန့်ကျင်ဘက်အားဖြင့် တူညီသောမိသားစုပတ်ဝန်းကျင်မှ ဆင်းသက်လာသော်လည်း သူ၏ညီငယ်သည် ပြင်းပြသော စိတ်ကူးစိတ်သန်းများဖြင့် ပို၍ အတွေးအခေါ် များစွာ ရှိလေသည်။


 “အဲဒါက အရေးမကြီးပါဘူး” 


 ဖုယွမ်ချွမ်းက ပြောလိုက်သည်။


"ကိုယ် တွက်ချက်ထားတဲ့ ရလဒ်တွေကို ကိုယ့်ရဲ့ ဉာဏ်ရည်တုစက်ထဲမှာ သိမ်းထားတယ်၊ မင်း တစ်ချက်လောက် ကြည့်ချင်လား"


 “ဟုတ်ကဲ့”


ကျွင်းချင်ယွီသည် သူ့အား အချိန်အတော်ကြာအောင် ခေါင်းကိုက်စေသော စမ်းသပ်မှု၏ ရလဒ်ကို အမှန်တကယ် မြင်ချင်မိသည်။


ဖုယွမ်ချွမ်း လှုပ်ရှားလာသည့်အထိ မစောင့်ဘဲ ကျွင်းချင်ယွီသည် ငါးကန်ထဲမှ ချက်ချင်း ခုန်ဆင်းလိုက်၏။ သူသည် တမင်တကာ လှုပ်ရှားလိုက်ဖြစ်ချင်သော်လည်း လက်ကောက်ဝတ်ကို ဖမ်းဆုပ်ခြင်း ခံလိုက်ရလေသည်။ ထို့ကြောင့် သူသည် အရွယ်အစား ပို၍ ကြီးလာပြီး သူ၏လက်ကိုကိုင်ကာ ပေါင်ပေါ်တွင် ထိုင်လိုက်သည်။


သူ၏ဆံပင်များက စိုစွတ်နေသေးသည့်အပြင် ရေများက ကျောရိုးမှတဆင့် ကြမ်းပြင်ပေါ်သို့ တတောက်တောက် ယိုစီးကျနေ၏။


ကျွင်းချင်ယွီသည် ကုတင်ပေါ်မှ စောင်ကို ဆွဲယူလိုက်ပြီး သတိကြီးစွာဖြင့် သူ့ကိုယ်သူ ကာကွယ်လိုက်သည်။


“စမ်းသပ်မှုရဲ့ ရလဒ်က ဘာများလဲ”


"အရင်ဆုံး အဝတ်အစား လဲလိုက်ဦး... ကိုယ် သွားယူပေးမယ်"


ကျွင်းချင်ယွီသည် အဝတ်အစားလဲ၍ လျှော်ဖွပ်ရသော ကရိကထများသည့် အလုပ်များကို မနှစ်သက်လှချေ။


"ခဏလေးနေရင် ရေသူအဖြစ် ပြန်ပြောင်းရဦးမှာပဲကို... ကျွန်တော် အဆင်ပြေပါတယ်။ ရလဒ်တွေကို အရင်ကြည့်လိုက်မယ်”


"ကိုယ့်မှာ စိုးရိမ်စရာရှိတယ်"


Xxxxxxxx