အပိုင်း ၁၁၆
Viewers 17k

Chapter 116


ကျွင်းချင်ယွီ မျက်ခုံးပင့်လိုက်သည်။ သူသည် သက်တောင့်သက်သာဖြင့် ထိုင်နေလျက်ရှိပြီး ပြောင်းလဲမှုကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ပေသည်။ သူ၏မျက်နှာက ပြုံးယောင်သန်းသွားကာ ဖြည်းညင်းစွာဖြင့် ချောင်းတစ်ချက် ဆိုးလိုက်ပြီး အသံမထွက်ဘဲ သူ၏အနားသို့ တိုးကပ်သွားကာ 


"ဘာစိုးရိမ်စရာရှိလို့လဲ၊ ခင်ဗျားရဲ့အဝတ်တွေကလည်း စိုနေတာပဲကို... ဘာလို့ …. ဟင်"


သူ၏စကားမဆုံးခင်၌ ရှေ့က မြင်ကွင်းသည် ရုတ်တရက် ပြောင်းလဲသွားပြီး စောင်ပါးပါးလေးက သူတို့နှစ်ယောက်လုံးကို လွှမ်းခြုံလိုက်လေသည်။  ကျွင်းချင်ယွီသည် ခေါင်းအုံးပေါ်တွင် လှဲနေလျက်ဖြင့် မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူ၏ရှေ့မှ ဖုယွမ်ချွမ်းကို ကြည့်လိုက်သည်။


"ကျွန်တော့်ဆံပင်က ရေမခြောက်သေးဘူး။ အိပ်ယာတွေ စိုသွားလိမ့်မယ်"


 "ရပါတယ်။ အပိုတစ်ခုရှိသေးတယ်"


သူက အောက်သို့ညွှန်ပြကာ ပြောသည်။


"ခဏလေး... အင်း... ကျွန်တော့်ကျောက အရမ်း နာနေတာ၊ နေရာတိုင်း နာကျင်နေတယ်"


 ဖုယွမ်ချွမ်းသည် သူ ဘာဖြစ်နေသည်ဆိုတာကို သေချာပေါက် နားလည်ပါသည်။ ငါးလေးက ကြောက်နေခြင်း ဖြစ်၏။


သူက မေးလိုက်သည်။


 “နောက်တစ်ခါ ဒီလို လုပ်ရဲသေးလား” 


“မလုပ်‌ရဲတော့ပါဘူး ” 


ကျွင်းချင်ယွီသည် သူ၏လက်ကို အတင်း ဆုပ်ကိုင်လိုက်ပြီး


 "ကျွန်‌တော် မှားမှန်း သိပါပြီ"


သူ၏အမှားကို ဝန်ခံနေသော ငါးလေးကို ကြည့်ပြီး ဖုယွမ်ချွမ်း အနည်းငယ် အကူအညီမဲ့သွားရသည်။


သူက အမှားကို မြန်မြန်ဆန်ဆန်ဖြင့် ဝန်ခံခဲ့သော်ငြား နောက်တစ်ကြိမ်တွင်လည်း ဤအတိုင်းပင် လုပ်ဆောင်ဦးမည် ဖြစ်သည်။ သူ့အား ခွင့်လွှတ်၍ အခွင့်အရေးပေးသည့်တိုင် ပြောင်းလဲလိမ့်မည် မဟုတ်ပေ။


ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် ငါးလေးသည် အလွန် စည်းကမ်းရှိသော ရေသူလေးဖြစ်ကြောင်း တွေ့မြင်နိုင်ပေသည်။


ဖုယွမ်ချွမ်းအနေဖြင့် နောက်ထပ် ဘာများ ထပ်လုပ်နိုင်မည်နည်း။ သူက ထ၍ ငါးလေးကို ပွေ့ဖက်ပြီး ဉာဏ်ရည်တုစက်အတွင်းရှိ စမ်းသပ်မှုရလဒ်များကို ပြလိုက်သည်။


 ဒေတာကို ကြည့်၍ ကျွင်းချင်ယွီက မေးသည်။


"ကျွန်တော် အရင်က သုံးခဲ့ဖူးတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်အချိုးအစားကို အစားထိုးဖို့ သင့်တော်တဲ့ အရာတစ်ခုခုများရှိလား"


သူ၏လုပ်ပိုင်ခွင့်ကို မည်သည့်နည်းဖြင့်ဖြစ်စေ ဝင်ရောက်စွက်ဖက်ခြင်း မပြုသည်က အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်ပေလိမ့်မည်။


"ကိုယ် စီစဉ်လိုက်မယ်"


"ကောင်းပြီ"


ကျွင်းချင်ယွီသည် သူ၏ စီစဉ်မှုက အစားထိုးနိုင်မည့်အဖြေကို ရှာဖွေရာတွင် ကူညီပေးနိုင်လိမ့်မည်ဟု ယုံကြည်သောကြောင့် နောက်တစ်နေ့ သူနိုးလာသည့်အခါတွင် အခန်းထဲ၌ စားပွဲ အပိုတစ်ခုထည့်ကာ စမ်းသပ်ကိရိယာအမျိုးမျိုးကို သယ်ဆောင်လာလေသည်။


ဖုယွမ်ချွမ်းလည်း ရောက်လာပြီး မနက်စာစားသည်။ စားပွဲပေါ်ကို စိုက်ကြည့်နေသော ငါးလေးကို မြင်သောအခါ သူက ရှင်းပြလိုက်သည်။


“ဒါတွေအားလုံးက ဒီဂြိုဟ်မှာရှိတဲ့ ဓာတ်ခွဲခန်းထဲက ပစ္စည်းတွေပဲ၊ နောက်ပိုင်းကျရင် ဓာတ်ခွဲခန်းကို လုံးဝ ပိတ်လိုက်ပြီး ဒါတွေကို အသုံးပြုတော့မှာ မဟုတ်ဘူး”


ကျွင်းချင်ယွီက ခေါင်းညိတ်ပြီး 


"ကျွန်တော့်ကို ခုနစ်ရက်ပဲ အချိန်ပေးပါ၊ သေချာပေါက် ရလဒ် ထွက်လာအောင် ကြိုးစားကြည့်ပါ့မယ်"


 "အရမ်း လောစရာ မလိုပါဘူး" 


ဖုယွမ်ချွမ်းသည် ငါးလေးကို အလွန်အမင်း ဖိအား မပေးချင်ပါ။ ထို့အပြင် စမ်းသပ်မှုနှင့် သက်ဆိုင်သော ကိစ္စရပ်များကိုလည်း အလျင်စလိုလုပ်၍ မဖြစ်ပေ။


"အချိန်ယူပြီး လုပ်ပါ"


 “အင်း”


 —


စမ်းသပ်မှုသည် အလွန်တရာ မကောင်းမွန်ခဲ့သော်လည်း အလွန်အမင်း ဆိုးဆိုးဝါးဝါးကြီးလည်း မထွက်လာခဲ့ပေ။


ဖြေရှင်းချက် တချို့တဝက်ကို စမ်းသပ်ပြီးဖြစ်ပါသည်။ ၎င်းတို့အများစုကို စိမ့်စမ်းရေဖြင့် စိမ်ထားသောကြောင့် စိမ့်စမ်းရေတည်ရှိမှုကို အလွယ်တကူ သိရှိနိုင်စေသည်။ ၎င်းက အန္တရာယ်များလွန်း‌သည့်အတွက်ကြောင့် ဖျက်ပစ်လိုက်ပါသည်။


သူသည် ကျန်ရှိနေသော ဖြေရှင်းနည်းများဖြင့်သာ ထပ်မံ ကြိုးစားနိုင်ခဲ့သည်။ မည်သည့်နည်းလမ်းက အကောင်းဆုံးဖြစ်ကြောင်း မသိသေးပါက တစ်ခုပြီးတစ်ခု စမ်းသပ်ကြည့်နိုင်သည်။ အလုပ်ဖြစ်ရန်အတွက် ချည်နှောင်ရန် လိုအပ်ပေသည်။


ဖုယွမ်ချွမ်းသည် ယခု နောက်ပိုင်းတွင် အလုပ်များနေခဲ့ပြီး ယမန်နေ့တည်းက အစည်းအဝေးများ ဆက်တိုက် လုပ်နေခဲ့ရသည်။


ကျွင်းချင်ယွီထံတွင် မရေရာသော သံသယများ ရှိနေခဲ့သော်လည်း မေးခွန်းများ ထုတ်မမေးခဲ့ချေ။ သူသည် လက်တွေ့စမ်းသပ်မှုများ၌သာ စိတ်ရောကိုယ်ပါ မြှုပ်နှံထားခဲ့ပြီး ကို တတ်နိုင်သမျှ အမြန်ဆုံး တီထွင်နိုင်ရန် လုံးပမ်းနေ၏။


သူ အလုပ်များနေချိန်တွင် တစ်စုံတစ်ယောက်က တံခါးလာခေါက်သည်။


ဒေါက် ဒေါက်...


ကျွင်းချင်ယွီ၏လက်များ ရပ်တန့်သွားသည်။ သူသည် အပြင်ကလူကို လျစ်လျူရှု၍ စမ်းသပ်ဖန်ပြွန်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ပူပြင်းသည့် ဒြပ်ပေါင်းရည်ကို ကရားထဲသို့ လောင်းထည့်လိုက်သည်။


ကွန်ပျူတာနှင့် ချိတ်ဆက်ပြီးနောက်တွင် ဖန်သားပြင် သည် ရာခိုင်နှုန်း 80 ဝန်းကျင်ကို ပြနေသောကြောင့် ကျွင်းချင်ယွီလည်း ရလဒ်များကို တိတ်တဆိတ် စောင့်ဆိုင်းနေသည်။


 တံခါးလာခေါက်သည့်သူကို ကျွင်းချင်ယွီ လျစ်လျူရှုထားလိုက်၏။


ပြင်ပလူဘက်က ကြည့်လျှင် ဖုယွမ်ချွမ်း အစည်းအဝေး သွားနေချိန်၌ ဤအခန်းထဲတွင် မည်သူမှ မရှိသင့်သည့်အတွက် တစ်စုံတယောက် တံခါးလာခေါက်ခြင်းက ထူးဆန်းနေသည်။


မည်သည့်အကြောင်းကြောင့်ဖြစ်စေ ကျွင်းချင်ယွီ တံခါးကို ဖွင့်ပေးမည် မဟုတ်ပါ။ သို့သော်လည်း ကျွင်းချင်ယွီသည် ခဏအကြာ၌ ရင်းနှီးသောအသံကို ကြားလိုက်ရလေသည်။


 "မဒမ်... အထဲမှာရှိလား" 


ရှီခိုင်ရှင်းသည် တမင်သက်သက် အသံခပ်တိုးတိုးဖြင့် စကားမပြောမီတွင် သူ၏ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။


ကျွင်းချင်ယွီသည် မျက်ခုံးပင့်လိုက်ပြီး သူ၏လက်ထဲမှ ပစ္စည်းများကို ချ၍ တံခါး ဖွင့်ပေးလိုက်သည်။


 "မင်း ဒီကို ဘယ်လို မြန်မြန်ရောက်လာတာလဲ"


 သူ ဤနေရာတွင် ရှိနေသည်မှာ ဆယ်ရက်ခန့်သာ ရှိသေးပြီး ရှီခိုင်ရှင်းက ရောက်လာခြင်း ဖြစ်သည်။


 ရှီခိုင်ရှင်းသည် တံခါးကို သော့ခတ်၍ တစ်ခါတည်း ဝင်လိုက်လေသည်။


“နောက်ရက်အနည်းငယ်အတွင်း အခြေအနေတွေ မငြိမ်မသက် ဖြစ်နိုင်တယ်လို့ မာရှယ်က ပြောလိုက်ပြီး ကျွန်တော်တို့ကို ချက်ချင်း ဒီကနေ ထွက်သွားခိုင်းထားပါတယ်”


မမျှော်လင့်ထားသည့် သတင်းကြောင့် ရှီခိုင်ရှင်းသည် မူလ အချိန်ဇယားအရ သူတို့ကို ချက်ချင်း ခေါ်ဦးမည် မဟုတ်သေးသော်လည်း လောလောဆယ်ရှိနေသော အမှုထမ်းများအားလုံးကို စုစည်းပြီး ရိက္ခာများကို အလျင်အမြန် ပြင်ဆင်စေခဲ့သည်။


ကျွင်းချင်ယွီသည် သံသယ အနည်းငယ် ရှိနေသော်လည်း သူ၏ အမူအရာက မပြောင်းလဲပေ။ အဖွဲ့ချုပ်သည် လှုပ်ရှားမှု အရိပ်အယောင်မျှမရှိဘဲ အလွန် တိတ်ဆိတ်နေ၏။ ယခင်ကလည်း ဖုယွမ်ချွမ်းသည် အဖွဲ့ချုပ်အတွင်း သဘောထားကွဲလွဲမှုများရှိကြောင်း ပြောပြခဲ့ဖူးသည်။ အဖွဲ့ချုပ်အတွင်းမှ လူများသည် ငြိမ်းချမ်းရေး ရရှိသွားပြီး သူတို့၏ အကြံအစည်အတိုင်း မဆောင်ရွက်မီ အင်ပါယာကို ဦးစွာ ဖြုတ်ချရန် စီစဉ်ထားခြင်း ဖြစ်နိုင်သည်လား။


 အဖွဲ့ချုပ်၏ လုပ်ဆောင်ပုံမှာ ကျွင်းချင်ယွီအဖို့ အနည်းငယ် ဥာဏ်မမီနိုင်ဘဲ နောက်ထပ် မှန်းဆချက်များကိုလည်း မထုတ်နိုင်တော့ပေ။


 ဖန်သားပြင်ပေါ်ရှိ ဒေတာသည် 80 မှ 30 ကျော်အထိ ကျဆင်းသွားလေသည်။ ဒေတာပမာဏ ကျဆင်းလေ ပေါင်းစပ်မှု ပိုကောင်းလေ ဖြစ်သည်။ ၎င်းသည် သုညသို့ ကျဆင်းသွားသောအခါ အဖွဲ့ချုပ်မှ ဓာတ်ပစ္စည်းများကို ဖယ်ထုတ်လိုက်လျှင်တောင်မှ ဘုံဖြေရှင်းချက်ကို ဖော်ထုတ်နိုင်မည်ဖြစ်ပြီး စိမ့်စမ်းရေတည်ရှိမှုကိုလည်း ရှာဖွေတွေ့ရှိ‌နိုင်တော့မည် မဟုတ်ပေ။


 သူ၏ ယခင်စမ်းသပ်မှုများတွင် ၎င်းသည် 10% သို့ကျဆင်းသွားသော်လည်း ထပ်ပြီး ကျမသွားခဲ့ပါ။


ကျွင်းချင်ယွီသည် ရလဒ်ကို စောင့်ဆိုင်းနေစဉ်တွင် တိတ်ဆိတ်နေသော အပြင်ဘက် စင်္ကြံမှ ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး အခန်းအတွင်းရှိ မှန်ထည်ပစ္စည်းမျိုးစုံက လျင်မြန်စွာ တုန်ခါသွားကြသည်။


ဖရိုဖရဲ စိတ်စွမ်းအင်များ အရှိန်အဟုန်ဖြင့် တိုးဝင်လာပြီး ကျွင်းချင်ယွီသည် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၍ Mဂြိုဟ်ပေါ်ရှိ အနှီ စမ်းသပ်မှု ဘာသာရပ်များ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို စိတ်ထဲတွင် ချက်ချင်း သတိရမိသွားသည်။


တစ်ဆက်တည်းပင် စိတ်စွမ်းအင်၏ လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်သည်... မူလက 30 တွင် ရှိနေသော ဒေတာသည် ချက်ချင်း သုညသို့ ပြန်ရောက်သွားလေသည်။


 တီတီ!


 ဒိုင်း!


လျင်မြန်သော တဒုန်းဒုန်း တဒိုင်းဒိုင်း အသံများနှင့်အတူ တံခါးပေါက်မှ ပေါက်ကွဲသံများသည် တစ်ခုပြီးတစ်ခု အပေါ်ထပ်ဆီမှ ထွက်လာကြသည်။


ရှီခိုင်ရှင်းသည် တစ်ပတ်လှည့်၍ ကျွင်းချင်ယွီ၏ အရှေ့တွင် ရပ်လိုက်သည်။ သူ့ထံတွင် ကျွင်းချင်ယွီ ကို ခေါ်ထုတ်သွားရန် ရည်ရွယ်ချက် မရှိဘဲ အပြင်၌ မည်ကဲ့သို့ ပဋိပက္ခများ ဖြစ်နေကြမှန်း မသိနိုင်သောကြောင့် ကျွင်းချင်ယွီကို ခေါ်ထုတ်သွားခြင်းက ပို၍ အန္တရာယ်များစေနိုင်သည်။ တံခါးကို တစ်ဖက်လူက ဖျက်မဝင်လာခင်အထိ အခန်းထဲတွင် နေခြင်းက ပို၍ ကောင်းလိမ့်မည် ဖြစ်သည်။


ကျွင်းချင်ယွီသည် အပြင်ဘက်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေမှုများကို လျစ်လျူရှုလိုက်ပြီး စမ်းသပ်ဖန်ပြွန်ထဲသို့ ဓာတ်ပစ္စည်းတစ်ခုစီကို သီးခြားစီ အမြန် ထည့်လိုက်လေသည်။ သူ ကြည့်လိုက်သောအခါ ရှီခိုင်ရှင်းသည် တစ်နေရာရာက အဆင်မပြေဖြစ်နေကြောင်းကို သိရှိလိုက်သည်။


 "မင်း ဘာဖြစ်လို့လဲ"


ရှီခိုင်ရှင်း၏ မျက်နှာသည် ဖြူဖျော့နေပြီး သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်း တောင့်တင်းလာကာ 


"ကျွန်တော်... မဒမ်၊ သူတို့ နောက်ကျ ဝင်လာရင် ကျွန်တော့်ကို သူတို့ဆီ တွန်းပို့လိုက်ပါ၊ ကျွန်တော် သူတို့ကို တားထားလိုက်ပါမယ်၊ မဒမ်က အခွင့်အရေးရတာနဲ့ ပြေးပါတော့"


“ဒီကိစ္စတွေအတွက် လောလောဆယ် စိတ်မပူပါနဲ့၊ မဒမ်... ကျွန်တော် မဒမ့်ကို... မကာကွယ်ပေးနိုင်လောက်တော့ဘူး"


စိတ်စွမ်းအင်ကို ပစ်မှတ်ထားသည့် ဤနည်းလမ်းသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော်လည်း ထိရောက်မှု ရှိသည်။ ၎င်းက အသက်ရှုလိုက်သည်နှင့် အဆိပ်ငွေ့များ ခန္ဓာကိုယ်ထဲသို့ ရောက်သွားခြင်းနှင့် သဘောတရားချင်း တူညီလေသည်။ ၎င်းကို ရှောင်လွှဲရန် နည်းလမ်းမရှိပေ။


အပြင်၌ရှိနေသည့် လက်ရှိ အန္တရာယ်က သူ့အား တခြားဘာကိုမှ စဉ်းစားရန် အချိန်မရှိစေတော့ပေ။ သူသည် စိတ်စွမ်းအင်အပေါ် ထိန်းချုပ်နိုင်မှု အနည်းငယ် လျော့သွားသကဲ့သို့ ခံစားလိုက်ရ၏။ ထိုမတိုင်မီတွင် သူ ကျွင်းချင်ယွီကို ကာကွယ်ရန် နည်းလမ်းရှာမှဖြစ်ပေမည်။


“မဒမ်... ကျွန်တော့် အသက်ကို စိတ်မပူပါနဲ့၊ ကျွန်တော် သူတို့ကို ထိန်းထားနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်၊ မြန်မြန်သာပြေးပါ"


"မဒမ့်ရဲ့ ဉာဏ်ရည်တုစက်ကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး အချက်ပြတာနဲ့ မာရှယ်ကို ဆက်သွယ်ပါ၊ တခြား ဘယ်သူ့ကိုမှ မရှာပါနဲ့၊ ဘယ်သူ့ကိုမှ မယုံကြည်ပါနဲ့"


"မဒမ် ဘာမှမဖြစ်​​သရွေ့ ကျွန်‌တော် အသက်သေရင်​တောင် သက်​သာ​ရာရနေမှာပါ"


သူသည် နောက်ဆုံးစကားများ ပြောနေပုံနှင့်တူ၍ ထိုရေရွတ်သံများက ကျွင်းချင်ယွီ၏နားထဲ ပဲ့တင်ထပ်လာလေသည်။ 


ကျွင်းချင်ယွီသည် တစ်ခွန်းမှ မကြားသည့်ဟန်ဆောင်ပြီး စိတ်တည်ငြိမ်နေပုံရသော ရှီခိုင်ရှင်း နံဘေးမှ အသစ်စက်စက် ကရားတစ်ခု ကောက်ကိုင်၍ မကြည့်ဘဲနှင့် စိမ့်စမ်းရေဖြင့် ဖြည့်လိုက်သည်။ ထို့နောက် သူ၏မေးရိုးကို အတင်း ဖြဲကာ လောင်းထည့်လိုက်သည်။


 "ဟင်... အဟွတ် အဟွတ်.. ဒါက ဘာကြီးလဲ”


ငိုင်တွေငေးမောနေသော ရှီခိုင်ရှင်းတစ်ယောက် သေလုမျောပါး သီးသွားသည်။


 မသိစိတ်ဖြင့် သူ၏ရင်ဘတ်ကို လက်ဖြင့်အုပ်ပြီးနောက် သူ့တစ်ကိုယ်လုံး အေးခဲသွားလေသည်။

သူ ဘယ်လိုမှ လှုပ်ရှား၍ မရတော့သည့်အချိန်တွင်  ရှီခိုင်ရှင်းက တစ်ဖက်လူများ၏လက်ထဲတွင် မည်သည့်နည်းဖြင့် သေဆုံးရမည်မှန်း တွေး‌တောနေခဲ့၏။


ဤကဲ့သို့ ရုတ်တရက် ပြန်လည်ကောင်းမွန်လာမှုက ချွန်ထက်သောဓားဖြင့် ပိုင်းဖြတ်ခံထားရသော သူ၏စိတ်စွမ်းအင်ကို ကြိုးတစ်ချောင်းဖြင့် ထိန်းချုပ်ချည်နှောင်ခံထားရသကဲ့သို့ ခံစားရပြီး သူသည် ထိခိုက်မှုမဖြစ်မီကထက်ပင် ပို၍ သက်တောင့်သက်သာရှိသော အနေအထားသို့ ချက်ချင်း ရောက်ရှိသွားသည်။


ရှီခိုင်ရှင်းသည် အနည်းငယ် ချိုနေသေးသော သူ၏နှုတ်ခမ်းများကို စမ်းကြည့်လိုက်ပြီး


 "ဆရာ... ဒီဟာက…”


ကျွင်းချင်ယွီက သူ မမေးမီ ခပ်ပြတ်ပြတ် ပြောလိုက်သည်။


"အဲ့တာက သိပ်ပြီး ထိရောက်မှု မများတဲ့အပြင် အမြဲတမ်း ကြာရှည်ခံမှာ မဟုတ်ဘူး၊ အချိန်တစ်ခုကြာတာနဲ့ သက်ရောက်မှုစွမ်းအင်က ပျက်ပြယ်သွားလိမ့်မယ်”


ရှီခိုင်ရှင်းက ခေါင်းညိတ်လိုက်သည်။ ၎င်းမှာ အဓိပ္ပာယ်ရှိပါသည်။ သူတို့သည်သာ ထိုအရာကို ထိရောက်မှုကြီးစွာ အသုံးပြုနိုင်ပါက ဤနေရာတွင် ပိတ်မိနေမည် မဟုတ်ပေ။


အပြင်မှလူက အခန်းတံခါးကို ခေါက်နေဆဲ ဖြစ်၏။ အခန်းတွင်းရှိ အချက်ပေးစနစ်သည် ပြဿနာအစပိုင်း၌ပင် ချို့ယွင်းသွားခဲ့၍ အခန်းတစ်ခုလုံးကို ဘက်ပေါင်းစုံမှ ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေသည်။ ဤအဆင့်ကို ဖြတ်ကျော်ရန် အချိန်အနည်းငယ် ယူရပေမည်။ တစ်ခုလုံးနီးပါး ပိန်ချိုင့်နေသော အကာအကွယ်နံရံကို ကြည့်နေရင်းက တစ်ဖက်လူသည် မည်သည့်အရာကို သုံးနေမှန်း မသိ တစ်စုံတခုဖြင့် နံရံကို ဆောင့်လိုက်သော အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။


ထို အကာအကွယ်နံရံ ပြိုကျလာရန် အချိန်အနည်းငယ်သာ လိုတော့သည်။


ရှီခိုင်ရှင်းက တခဏ စဉ်းစားပြီးနောက် ပြောလိုက်သည်။


"မဒမ် ကျွန်တော်တို့…"


ကျွင်းချင်ယွီက ဓါတ်ပေါင်းပစ္စည်းအချို့ကို ခွဲယူ၍ ကျောပိုးအိတ်ထဲတွင် အတတ်နိုင်ဆုံး ဆန့်နိုင်သမျှ ထည့်လိုက်သည်။


"ငါ သူတို့ကို ခဏလောက် ထိန်းထားလိုက်မယ်၊ မင်း အဲဒါတွေကို ယူသွားပြီး အသက်ရှင်နေသေးတဲ့စက်ရုပ်တွေအပေါ် လောင်းချပြီး စမ်းသပ်ပစ္စည်းတွေ‌ကိုလည်း ဖျက်ဆီးလိုက်”


 “အခွင့်အရေး မရှိတော့ဘူး” 


ရှီခိုင်ရှင်းသည် ပထမဆုံးစကားတဝက်ကို ကြားပြီးချင်းချင်း ငြင်းဆန်လိုက်သည်။


"ကျွန်တော် သူတို့ကို တားထားလိုက်မယ်။ မဒမ် သွားပါ"


ကျွင်းချင်ယွီက တုံ့ပြန်သည့်အနေဖြင့် ပြောလိုက်သည်။


"သူတို့က မင်းကိုပဲ ရှာဖို့ လာတာ"


ရှီခိုင်ရှင်းသည် အံ့ဩမှုဖြင့် တုန်လှုပ်သွား၏။


"ကျွန်တော့်ကို ရှာဖို့ လာတာလား"


 “အမှန်ပဲ”  


ကျွင်းချင်ယွီက ပြောသည်။


 "ငါ ဒီမှာရှိမှန်း သူတို့ မသိဘူး"


ကျွင်းချင်ယွီသည် ဤနေရာသို့ စရောက်လာတည်းက ပေါ်ပေါ်ထင်ထင် လူလုံးမပြခဲ့ပေ။ မူလအစီအစဉ်မှာ သူ အပြင်သို့ မထွက်မီ ရှီခိုင်ရှင်း ရောက်လာခြင်းကို စောင့်ဆိုင်းရန် ဖြစ်သည်။ ရှီခိုင်ရှင်းက ယခုလေးတင်ကမှ ရောက်လာသည့်အတွက် သူ ဤနေရာတွင် ရှိနေကြောင်း ထုတ်ဖော်ပြောဆိုရန်ပင် အချိန် မရခဲ့ပါ။ ထို့ကြောင့် အဖွဲ့ချုပ်မှ လူတစ်ယောက်ယောက်သည် သူ့အား ရှာရန်အတွက် မည်သို့ ရောက်လာနိုင်မည်နည်း။


ထို့ကြောင့် သူတို့သည် ရှီခိုင်ရှင်း အခန်းထဲ ဝင်သွားသည်ကိုသာ မြင်ခဲ့ကြပြီး သူ့ကို ပစ်မှတ်ထားရန် ဤနေရာသို့ ရောက်ရှိလာခြင်းသာ ဖြစ်နိုင်သည်။


Xxxxxxx