Chapter 117
ရှီခိုင်ရှင်းသည် သူ၏ပါးစပ်ကို ဖွင့်လိုက် ပိတ်လိုက်လုပ်နေပြီးနောက် ပြောလိုက်သည်။
“ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ သူတို့က မဒမ် ဒီမှာ ရှိနေမှန်း မသိတဲ့အတွက် ကျွန်တော့်ကို ရှာဖို့ ရောက်လာပေမယ့် နောက်ကျ မဒမ် ဒီမှာရှိနေမှန်း သူတို့ သိသွားပြီး ပစ်မှတ်က မဒမ့်ဆီကို သေချာပေါက် ပြောင်းသွားတာ ဖြစ်ရမယ်"
ထိုစကားလုံးများ သူ၏ပါးစပ်မှ ထွက်လာပြီးသည်နှင့်တပြိုင်နက် သူတို့ရှေ့မှ အကာအကွယ်နံရံသည် ရုတ်တရက် ပေါက်ကွဲသံနှင့်အတူ ပြိုကျသွားပြီးနောက် စွမ်းအင်များ လျင်မြန်စွာ မပျောက်ကွယ်မီ လေထဲ၌ ခေတ္တ ပြန့်ကျဲသွား၏။
လေးလံသောခြေလှမ်းများဖြင့် လူတစ်ဦးက ဖြည်းညှင်းစွာ လျှောက်လာစဉ် ကျိုးနေသည့်တံခါးက ဘေးဘက်တွင် အန္တရာယ်ရှိသော အနေအထားဖြင့် တွဲလောင်းကျနေသည်။
ကျွင်းချင်ယွီသည် မျက်ခုံးပင့်လိုက်ပြီး အနှီလူသားနှင့်တူသော်လည်း ပုံမှန်မဟုတ်သည့်အရာကို
အစပိုင်းတွင် စမ်းသပ်မှုများက အနည်းနှင့်အများတော့ ချို့ယွင်းချက် ရှိသည်။ သို့တိုင် ၎င်းတို့အား မျက်နှာပြင်မှတဆင့် လူသားတစ်ယောက်ဖြစ်ကြောင်း ခွဲခြားနိုင်ပေသည်။ မာရှယ်တော့ဒစ်စ်၏ စက်ရုပ်မှအစပြု၍ ဤစမ်းသပ်မှုစက်ရုပ်များသည် လူသားများ၏အသွင်အပြင်နှင့် ဝေးကွာလွန်းလှ၏။
ခွန်အားကြီးမားမှုကိုသာ အဓိကထား၍ တစ်စုံတယောက်ကို အနိုင်ယူနိုင်ရန် ဖန်တီးထားခြင်းသာဖြစ်သောကြောင့် ထိုပုံစံမျိုး ပြုလုပ်ထားခြင်း ဖြစ်နိုင်သည်။
ထိုလူက ဖြည်းညင်းစွာ မော့ကြည့်လိုက်သည်။ အကာအကွယ်အလွှာများမှတဆင့် သူ၏မျက်နှာအသွင်အပြင်ကို ဖတ်၍ မရပေ။ သူက ရှီခိုင်ရှင်းကို ရီဝေဝေမျက်လုံးတစ်စုံဖြင့်သာ စိုက်ကြည့်နေသည်။
ကျွင်းချင်ယွီက အံ့သြမှုမရှိသည့်ပုံဖြင့် ပြော၏။
"ကြည့်စမ်း... မင်းကို ပစ်မှတ်ထားတာပါလို့ ငါ ပြောသားပဲ"
ရှီခိုင်ရှင်း : "……"
ယခုက ၎င်းကို အာရုံစိုက်ရမည့်အချိန် မဟုတ်ပေ။
ကျွင်းချင်ယွီသည် သူ၏မျက်နှာဖုံးကို တည့်တည့်ကြည့်၍
"ပြေးတော့... ငါ မင်းအတွက် သူ့ကို တားထားလိုက်မယ်"
ရှီခိုင်ရှင်းက နှေးကွေးလေးလံစွာဖြင့် အရှေ့သို့ ထွက်လာသည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် သူသည် မည်သည့်အတွက်ကြောင့် စိုးရိမ်နေပုံ မပေါ်ရသနည်း။
ထိုလူကတော့ ခေါင်းနှင့်လည်ပင်းကို စောင်း၍ လှုပ်ရှားလိုက်ချိန်တိုင်း တဂျီဂျီ အသံပင် ထွက်နေပြီ ဖြစ်သည်။ ထို့နောက် ရှီခိုင်ရှင်းရှိရာ တည့်တည့်သို့ စွမ်းအင်များ ပစ်လိုက်လေသည်။
ကျွင်းချင်ယွီက ရှောင်တိမ်းရန် ပြင်လိုက်စဉ်တွင် ရှီခိုင်ရှင်းသည် ရှေ့သို့ ကာကွယ်ပေးရန် တိုးလာပြီးနောက် စက်ရုပ်၏လက်ကို ထိလိုက်ချင်းချင်းပင် စိတ်စွမ်းအင်များ ဖရိဖရဲဖြစ်ကာ ပြန့်ကျဲသွားသည်။
ရှီခိုင်ရှင်းသည် အံကို တင်းတင်းကြိတ်လျက် စက်ရုပ်ကို ကန်ထုတ်လိုက်ပြီး သူ၏အသက်ရှူသံက အနည်းငယ် မြန်ဆန်လာသည်။
စက်ရုပ်က မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် နာကျင်မှုတစ်စုံတရာ မခံစားရဘဲ တုံ့ဆိုင်းခြင်းမရှိ တစ်ဖန် ပြန်ထလာကာ ရှီခိုင်ရှင်းအား လက်သီးဖြင့်ထိုးလိုက်သည်။
ကျွင်းချင်ယွီသည် ချက်ချင်း တုံ့ပြန်သည့်အနေဖြင့် ရှီခိုင်ရှင်းရှေ့တွင် ရပ်လိုက်ပြီး ရုတ်တရက်ဆန်စွာဖြင့် လက်သီးကို ဖမ်းချုပ်လိုက်သည်။ သူ၏လက်ကို လက်သီးဖြင့် ထိုးမိသည်နှင့်တပြိုင်နက် လောကအသက်စွမ်းအင်က လျင်မြန်စွာ ပျံ့နှံ့သွားသည်။
စက်ရုပ်၏မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားကာ သူ၏လက်သီးကို အသုံးပြုရန် လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းလာလေသည်။
ရှီခိုင်ရှင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး
“မဒမ်... သူ့ကို သွားမထိနဲ့၊ လွှတ်လိုက်၊ ထိလို့မရဘူး..... အဟွတ်"
ထိုစကားလုံးများ သူ၏ပါးစပ်မှ ထွက်လာပြီးသည်နှင့်တပြိုင်နက် ရှီခိုင်ရှင်းသည် စက်ရုပ်၏ ဖရိုဖရဲ စိတ်စွမ်းအင်ကြောင့် ပြင်းပြင်းထန်ထန် ချောင်းဆိုးလာသည်။
သို့သည့်တိုင်အောင် ကျွင်းချင်ယွီ၏အမူအရာက တည်ငြိမ်နေဆဲဖြစ်၍ စိတ်စွမ်းအင်၏သက်ရောက်မှုကြောင့် ထိခိုက်မှုအနည်းငယ်မျှတောင် မရှိကြောင်း တွေ့မြင်လိုက်ရသည်။
"မဒမ်... မဒမ်က?"
ကျွင်းချင်ယွီက ထပ်လောင်း မရှင်းပြတော့ပေ။ သူသည် စိတ်စွမ်းအင် မရှိသူ တစ်ဦး ဖြစ်၍ စိတ်စွမ်းအင်ကို တိုက်ခိုက်ခြင်းသည် သူ့အပေါ် သက်ရောက်မှု မရှိသော်လည်း သူ၏ လောကအသက်စွမ်းအင်က စိတ်စွမ်းအင်ကို ဖိနှိပ်ထားနိုင်ပါသည်။
“ဒီနေရာမှာ စမ်းသပ်ထုတ်ကုန်တွေ အများကြီး ရှိရမယ်၊ သူတို့ကို တတ်နိုင်သမျှ အမြန်ဆုံးရှာပြီး အပေါ်ကို ဓါတ်ပေါင်းပစ္စည်း လောင်းထည့်ပေး"
ကျွင်းချင်ယွီသည် သူ့ထံ ကျောပိုးအိတ်ကို ကမ်းပေးရင်း ပြောလိုက်၏။
“သွားတော့”
ရှီခိုင်ရှင်း၏အမူအရာက တဖြည်းဖြည်း တည်ငြိမ်လာသည်။ သူက ကျွင်းချင်ယွီကို တစ်ချက် ကြည့်လိုက်ပြီးနောက် အသံတိတ်နေသည့်စက်ရုပ်ကို ပြန်ကြည့်သည်။သူ၏မျက်လုံးများထဲ၌ ရုန်းကန်ကြိုးစားလိုမှုများနှင့်ကြောက်ရွံ့မှုများကို မြင်တွေ့နိုင်သည်။ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို သူ အနည်းငယ် ရိပ်မိသွားပုံပေါ်သည်။
သူ ကျောပိုးအိတ်ကို ယူလိုက်ပြီးနောက် စိတ်အားထက်သန်စွာ ပြောသည်။
“မဒမ်... ကျေးဇူးပြုပြီး ဂရုစိုက်ပါ”
“အင်း”
သူ အခန်းထဲမှ ထွက်သွားသည်အထိ စက်ရုပ်၏ မျက်လုံးများသည် ရှီခိုင်ရှင်းအပေါ် တစ်ချိန်လုံး ရောက်နေပြီး ရုန်းကန်လိုပုံရသည်။
လောကအသက်စွမ်းအင်သည် ဆေးဝါးများလောက် ကြာရှည်မခံဘဲ သူ စွမ်းအင်ထုတ်လွှတ်ခြင်း ရပ်ဆိုင်းလိုက်သည်နှင့် စက်ရုပ်ဟာ ပြန်လည်ကောင်းမွန်လာမည် ဖြစ်၏။ ဆေးဝါးသည် စိတ်စွမ်းအင်နှင့် ထိတွေ့မိသောအခါ ၎င်း၏လှုပ်ရှားမှုအရှိန်ကို တပြိုင်နက်တည်း နှေးကွေးကြန့်ကြာစေသောကြောင့် လောကအသက်စွမ်းအင်ထက် များစွာ ကြာရှည်ခံပေသည်။
သို့သော်လည်း ကျွင်းချင်ယွီသည် သူ၏ရှေ့မှ စက်ရုပ်အပေါ်တွင် ဆေးဝါးများကို ဖြုန်းတီးပစ်ရန် စိတ်ကူးမရှိပေ။
အပြင်၌ စမ်းသပ်မှုပစ္စည်းများ မည်မျှရှိသည်ကို မသိနိုင်သောကြောင့် သူ တတ်နိုင်သမျှ ချွေတာမှ ဖြစ်မည်။
သူ စက်ရုပ်၏လက်ကို လွှတ်ပေးလိုက်သည်နှင့်တပြိုင်နက် စက်ရုပ်က သူ့ကို လှည့်၍ပင်မကြည့်ဘဲ အခန်းထဲမှ ပြေးထွက်သွားသည်။
ကျွင်းချင်ယွီ၏ အာရုံများ ချက်ချင်း နိုးကြားလာပြီး ခြေတစ်လှမ်း ပိုမြန်၍ တံခါးနားသို့ ရောက်သွားကာ ပြိုကျလုနီးပါး ဖြစ်နေသော တံခါးကို ဆွဲချလိုက်လေသည်။ သူသည် အင်္ကျီလက်ကို ပျင်းရိပျင်းတွဲ ခေါက်တင်လျက် သွေးအေးစွာ မေးလိုက်၏။
“ငါ မင်းကို ထွက်သွားခွင့်ပေးပြီးပြီမို့လို့လား”
အခန်းတံခါးက လုံးဝကြီး ပြုတ်ကျသွားသည်။ ကျွင်းချင်ယွီသည် အခန်းအနှံ့ ပြန့်ကျဲနေသော လက်များနှင့် ခြေထောက်များကို ရှင်းလင်း၍ ထောင့်စွန်းရှိ အမှိုက်ပုံးထဲသို့ ပစ်ချလိုက်သည်။ သူက အလျင်စလို ထွက်ခွာရန် စိတ်ကူးမရှိဘဲ ထိုအစား ဓာတ်ခွဲခန်းထဲတွင် အချိန်အတော်ကြာအောင် နေ၍ အပြင်သို့ မထွက်မီ ဆေးဝါးများ ထပ်မံ ပြုလုပ်ခဲ့သည်။
အစောက ရှီခိုင်ရှင်းသည် ဘယ်ဘက်သို့ ထွက်သွားသောကြောင့် ကျွင်းချင်ယွီက ညာဘက်သို့ ထွက်လာခဲ့သည်။
ဖရိုဖရဲဖြစ်နေသော စိတ်စွမ်းအင်များသည် လေထုထဲတွင် မလွင့်ပြယ်နိုင်ပေ။ သူ ၎င်းကို လောကအသက်စွမ်းအင်ဖြင့် သုတ်သင်ရန် ကြိုးစားကြည့်သော်လည်း ထိုစွမ်းအင်များက နောက်တစ်ကြိမ် ပြန်လည် စုစည်းသွားရန် အချိန်သိပ်မကြာပေ။
အကယ်၍ စမ်းသပ်ပစ္စည်းများ ရှင်သန်နေသေးပါက ထိုစိတ်စွမ်းအင်များက လွင့်ပြယ်သွားလိမ့်မည် မဟုတ်ပေ။
ကျောပိုးအိတ် နှစ်ခုလုံးတွင် ဆေးများ အပြည့်ရှိသောကြောင့် လှည့်ပတ်သွားလာရန် လုံလောက်ပါသည်။
ဖုယွမ်ချွမ်း၏ နားနေခန်းသည် ဤနေရာမှ အနည်းငယ်အလှမ်းဝေးပြီး သူ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ နံရံများပေါ်တွင် ကျည်ဆန်ပေါက်များနှင့် အမည်မသိလက်နက်များမှ ထင်ကျန်ခဲ့သော အစအနများကို တွေ့မြင်လိုက်ရသည်။ အနီးနားတွင် မည်သူမျှ မရှိသော်လည်း အပေါ်ဘက်ဆီမှ အချို့သော လှုပ်ရှားမှုအသံများကို ရံဖန်ရံခါ ကြားနေရ၏။
ကျွင်းချင်ယွီ မော့ကြည့်လိုက်သောအခါ ဂြိုဟ်၏အကာအရံအား ဖွင့်ထားသည်ကို တွေ့လိုက်ရသည်။
သူ အနီးကပ် ကြည့်ရန် ပြင်လိုက်စဉ် တစ်စုံတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။
"ကျန်းလူကြီးမင်း"
တစ်စုံတစ်ယောက်က စက်ရုပ်ကို အခန်းအပြင်သို့ဆွဲခေါ်လာသည်။ ထို့နောက် လူရောစက်ရုပ်ပါ မြေပြင်ပေါ်သို့ တစ်ပြိုင်တည်း လဲကျသွားပြီး ဖရိုဖရဲ စိတ်စွမ်းအင်များက ထိုလူ၏ အသွေးအသားများမှတဆင့် ပျံ့နှံ့သွားသည်။ ထိုလူ၏လည်ပင်းရှိသွေးကြောများ ထောင်လာပြီး အံကြိတ်ထားလျက်က အော်လိုက်သည်။
“ကျန်းလူကြီးမင်း... မြန်မြန်ထပြီး ဒီကနေ ထွက်သွားရမယ်လို့၊ ငါ... ဒီနေ့တော့ ဒီသောက်ကျိုးနည်းအဘိုးကြီးနဲ့ သေတော့မှာပဲ"
ကျွင်းချင်ယွီသည် ခပ်မြန်မြန် ရှေ့သို့လျှောက်လာကာ ဓါတ်ပေါင်းရည်ကို ထုတ်၍ စက်ရုပ်အပေါ် လောင်းချလိုက်သည်။
စက်ရုပ်သည် ထိုလူ၏ ထိန်းချုပ်မှုကို ခံနေရပြီး ခပ်ဖြည်းဖြည်း တုန်ခါနေကာ မြေပြင်ပေါ်ကပင် မထနိုင်တော့ပေ။ သို့သော်လည်း စမ်းသပ်ဖန်ပြွန်ကို ပစ်လိုက်မှုကြောင့် ကွဲထွက်သွားချိန်တွင် ၎င်း၏လက်ကို မြှောက်လိုက်လေသည်။
ဓါတ်ပေါင်းရည်က စက်ရုပ်နှင့် လူအပေါ်ပါ မှောက်ကျသွားသည်။
ဖန်ကွဲစများက ထိုလူ၏ပါးပြင်ကို ပြတ်ရှသွားပြီး သူသည် အံကိုကြိတ်၍ အသက်ချမ်းသာရာရရန်အတွက် စက်ရုပ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေသည်။
"သူ့ကို လွှတ်လိုက်ပါ"
ကျွင်းချင်ယွီသည် ထိုလူ၏ဘေးတွင် ထိုင်ချပြီးနောက် စိမ့်စမ်းရေတစ်ပုလင်း ကမ်းပေးလိုက်သည်။
"ဒါကို သောက်လိုက်"
ထိုလူက သူ့ကို သတိကြီးစွာ ကြည့်၍
“မင်း ဘယ်သူလဲ၊ ငါ မင်းကို တစ်ခါမှ မတွေ့ဖူးပါလား"
အထဲမှ ကျန်းလူကြီးမင်းသည် တုန်လှုပ်သွားပြီး
"ချောင်လူကြီးမင်းက ဘယ်လိုလုပ်ပြီး..."
"ငါ အခုထိ အသက်ရှင်နေသေးတယ်၊ မင်းက ဒီမှာဘာလုပ်နေတာလဲ၊ အသက်အန္တရာယ်နဲ့ ကြုံနေတာကို ဘာလို့ ပုန်းမနေတာလဲ"
စိတ်စွမ်းအင် ကြီးမားလေလေ သက်ရောက်မှု ကြီးမားလေလေ ဖြစ်သည်။
ကျန်းလူကြီးမင်းက သူ့ကို လျစ်လျူရှု၍ ပြောလိုက်သည်။
"ဒီဟာက မလှုပ်တော့ဘူးထင်တယ်"
"မလှုပ်တော့ဘူးဆိုတာ ဘာစကားလဲ၊ အဲ့ သောက်ကောင်က ငါ့ကို စောစောက နှစ်ခါတောင် ကန်နေသေးတာ၊ ဒီ..."
၎င်းသည် မလှုပ်တော့ခြင်းသာမဟုတ်ဘဲ ထိုစိတ်ရှုပ်စရာ ခန္ဓာကိုယ်အပေါ် သက်ရောက်နေသော စိတ်စွမ်းအင်များ ပျောက်ကွယ်သွားခြင်းဖြစ်ကြောင်း သဘောပေါက်ရန် ချောင်းလူကြီးမင်းသည် တစ်စက္ကန့်မျှ အချိန်ယူလိုက်ရ၏။
သူတို့နှစ်ယောက်လုံးက ကျွင်းချင်ယွီကို မော့ကြည့်လိုက်ကြသည်။ သူတို့သည် သူ့အား တစ်ခုခုမေးချင်နေပုံရသော်လည်း မည်သို့ပင်ဆိုစေကာမူ ကျွင်းချင်ယွီသည် အခုလေးတင် သူတို့ကို ကယ်တင်ပေးထားသည့်အတွက် ဤအချိန်၌ သူ့ကို မေးခွန်းထုတ်ခြင်းက မသင့်တော်လှပေ။
ကျွင်းချင်ယွီက မေးလိုက်သည်။
"မင်းတို့ပဲ ဒီမှာ ရှိတာလား၊ တခြားသူတွေရော"
လူကြီးမင်းချောင် တစ်ခွန်းမျှ ပြန်မဖြေနိုင်မီ အဝေးမှ ပြင်းထန်သည့် အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။
"အဲ့ဒီမှာ ဘယ်သူတွေလဲ"
ကျွင်းချင်ယွီသည် ထိုအသံကို ကြားသောအခါ နောက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ရှေ့တွင် လူခုနစ်ယောက်ရှိသော အဖွဲ့တစ်ဖွဲ့ကို တွေ့လိုက်ရ၏။ သူတို့အားလုံးသည် စိတ်စွမ်းအင်ကို ကာကွယ်ရန် အထူးဒီဇိုင်းထုတ်လုပ်ထားသည့် လေးလံသော အကာအကွယ်အဝတ်အစားများ ဝတ်ဆင်ထားကြသည်။ အခြားသော အကာအကွယ်အဝတ်အစားများသည် ဤမျှထူမည် မဟုတ်သောကြောင့် ၎င်းတို့၏လှုပ်ရှားမှုများကို အတိုင်းအတာတစ်ခုအထိ တားဆီးပေးနိုင်မည် ဖြစ်သည်။
ကျွင်းချင်ယွီက နှုတ်ဆိတ်နေသောကြောင့် တစ်ဖက်လူက နောက်တစ်ခေါက်ထပ်၍ မေးသည်။
“ဒီမှာ လူ ဘယ်နှစ်ယောက်ရှိလဲ၊ အတည်ပြုဖို့ မင်းတို့ရဲ့ IDကို ပြပါ"
"ကျွန်တော့်ရဲ့ IDကတော့ လျှို့ဝှက်အစိတ်အပိုင်းပါ၊ အထောက်အထားက ယွမ်... မာရှယ်ဖုရဲ့လက်ထောက်"
ခဏ ရပ်တန့်လိုက်ပြီးနောက် ကျွင်းချင်ယွီသည် ဖုယွမ်ချွမ်းထံတွင် လက်ထောက်အဖြစ် ရှီခိုင်ရှင်းတစ်ဦးတည်းသာရှိပုံရသည်ကို သတိရမိသွားကာ ထပ်မံ ဖြည့်စွက်လိုက်သည်။
"အသစ်ခန့်အပ်လိုက်တဲ့ လက်ထောက်ပါ"
ပထမဆုံး မြင်မြင်ချင်းပင် သူ့ကို မမှတ်မိကြသောကြောင့် ကျွင်းချင်ယွီသည် သူ၏အထောက်အထားအဖြစ် ဧကရီတစ်ပါးဖြစ်ကြောင်း ဖော်ပြရန် မလိုအပ်ပေ။ နောက်ပိုင်းတွင် သူတို့သည် သူ့အား မယုံကြည်တော့ပါက ပစ်မှတ်တစ်ခု ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် သူသည် ရိုးရှင်းသော အထောက်အထားတစ်ခုကိုသာ ဖန်တီးပြောဆိုလိုက်သည်။
ထိုစကားကိုကြားသောအခါ တပ်ခွဲခေါင်းဆောင်က အေးစက်စွာ ပြောလိုက်သည်။
“သူ့ကို ဖမ်းလိုက်”
“နပေါဦး”
ကျွင်းချင်ယွီက ပြောသည်။
"ကျွန်တော့်မှာ အထောက်အထား ရှိတယ်"
တပ်ခွဲခေါင်းဆောင်က သူ၏လက်အောက်ငယ်သားများကို ရပ်တန့်ရန် လက်မြှောက်ပြပြီး မေးလိုက်သည်။
"ဘာအထောက်အထားလဲ"
ကျွင်းချင်ယွီသည် သူ၏ကျောပိုးအိတ်ကို လှမ်းယူ၍ ဟိုစမ်းသည်စမ်းလုပ်ကာ ဖုယွမ်ချွမ်း၏ သင်္ကေတပစ္စည်းလေးကို အိတ်ထဲမှ ထုတ်ယူလိုက်သည်။
၎င်းကို ယခင်က ငါးကန်၏ အခွံမာကုတင်ပေါ်တွင် ထားရှိခဲ့သော်လည်း လူအဖြစ် အသွင်ပြောင်းပြီးနောက်တွင် ငါးကန်ထဲ၌ မနေဖြစ်တော့သောကြောင့် သင်္ကေတပစ္စည်းလေးကို အိတ်ထဲတွင် သိမ်းဆည်းထားခဲ့သည်။
နောက်ဆုံးတွင် ဤသင်္ကေတသည် မူရင်းဇာတ်လမ်း၏ အရေးကြီးသော ဇာတ်ကွက်တစ်ခုတွင်လည်း ပါဝင်နေခဲ့ပြီး ကျွင်းချင်ယွီသည် တစ်ခုခု ကြုံလာမည်ကို စိုးရိမ်သောကြောင့် ၎င်းကို သူ၏အသက်နှင့်ထပ်ကြပ်မကွာ စောင့်ရှောက်ခဲ့သည်။
ယခုတော့ လက်ထဲတွင် အသင့်အနေအထား ဖြစ်သွား၏။
ကျွင်းချင်ယွီသည် သူ၏လက်ထဲတွင် ပစ္စည်းကို ကိုင်ထားရင်းက မေးလိုက်သည်။
“ဒါကို ခင်ဗျား မှတ်မိလား”
သူတို့အားလုံး အံ့အားသင့်သွားကြပြီး တပ်ဖွဲ့ခေါင်းဆောင်၏လက်ကောက်ဝတ်ရှိ ဉာဏ်ရည်တုစက်နှင့် တူညီနေသည်ကို တွေ့လိုက်ရ၏။
သင်္ကေတပစ္စည်း၏ စစ်မှန်မှုရှိ၊မရှိကို စစ်ဆေးရန်လိုအပ်သည်။ ခဏအကြာတွင် တပ်ခွဲခေါင်းဆောင်က သေနတ်များကို ပစ်ချရန် အမိန့်ပေးပြီးနောက် မေးရန် ခြေတစ်လှမ်းတိုးလာသည်။
“မင်းကို ဘယ်နာမည်နဲ့ မှတ်ထားရမလဲ”
ကျွင်းချင်ယွီက ပစ္စည်းလေးကို ပြန်သိမ်းပြီး ပြောလိုက်သည်။
"ဖုချင်ယွီ"
တပ်ခွဲခေါင်းဆောင်က ခေါင်းညိတ်၍
“မင်းတို့ နှစ်ယောက် သူတို့ကို ပြန်ပို့ပေးလိုက်၊ ကျန်တဲ့သူတွေက ငါ့နောက်က လိုက်ပြီး ဆက်ရှာမယ်”
ကျွင်းချင်ယွီသည် ပြန်သွားရန် ရည်ရွယ်ချက်မရှိဘဲ
"ခင်ဗျားတို့က ဘာရှာနေကြတာလဲ"
တပ်ခွဲခေါင်းဆောင်က ပြောသည်။
"အခုလေးတင် ရေတပ်ဗိုလ်ချုပ်ကြီးက နယ်မြေအလိုက် သီးခြားစီ တပ်စွဲဝန်းရံထားတဲ့ ဂြိုဟ်အပိုင်းအခြားဧရိယာကို ပြောင်းလိုက်ပြီ၊ စက်ရုပ်အများစုကို ပိတ်ဆို့ထားတဲ့အပြင် ကျွန်တော်တို့က ဧရိယာတစ်ခုချင်းစီအလိုက် ပျောက်ဆုံးနေတဲ့ စက်ရုပ်တွေကို ရှာဖွေနေတာ"
၎င်းတို့၏ တုံ့ပြန်မှုက လျင်မြန်သောကြောင့် ရှာဖွေမှုလုပ်ငန်းစဉ်အား အချိန်သက်သာရန်နှင့် အသေအပျောက်အရေအတွက်ကို လျှော့ချနိုင်စေရန် ၎င်းတို့၏ ဧရိယာအလိုက် ပိုင်းခြားထားခြင်း ဖြစ်သည်။
ကျွင်းချင်ယွီက မေးလိုက်သည်။
"မာရှယ်ရော အဆင်ပြေရဲ့လား"
သူ၏စကားဆုံးသည်နှင့် မက်ခါတစ်စင်းသည် အပေါ်မှဆင်းသက်လာကာ ဂြိုလ်၏အပြင်ဘက်အကာအကွယ်အလွှာသို့ ထိုးကျသွားလေသည်။ အဝေးမှတဆင့် ကျွင်းချင်ယွီသည် အသေးစိတ်အချက်အလက်များကို မမှန်းဆနိုင်သော်လည်း ဤဂြိုဟ်ပေါ်တွင် သူ မြင်ဖူးခဲ့သည့် မက်ခါများနှင့် ကွဲပြားနေပုံ ပေါ်သည်။
ပြောစရာပင်မလိုအောင် မည်သည့်ကိစ္စများဖြစ်ပျက်နေကြောင်း မှန်းဆနိုင်ပေသည်။
Xxxxxxx