Chapter 118
ဂြိုဟ်တစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်နေသောကြောင့် ဖုယွမ်ချွမ်းသည် သူ့ထံ မက်ဆေ့ချ်ပင်မပို့နိုင်ဘဲ သူ့အား အချိန်အတော်ကြာသည်အထိ မတွေ့ရသောကြောင့် အပြင်ဘက်မှ အခြေအနေများက ပို၍ ကမောက်ကမ ဖြစ်နေပေလိမ့်မည်။
ကျွင်းချင်ယွီက ပေါ့ပေါ့ပါးပါးလေး ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး.. ကျွန်တော် သိပါပြီ"
ဖုယွမ်ချွမ်း၏ ဘေးကင်းလုံခြုံမှုကို သိရှိနိုင်ရန် သူ၏ ဉာဏ်ရည်တုစက်ကို ထုတ်လိုက်သော်လည်း မဖတ်ရသေးသည့် မက်ဆေ့ချ်တစ်စောင်ကို တွေ့ရှိလိုက်ရသည်။
ဖုယွမ်ချွမ်း: [ကိုယ် လတ်တလော ပြန်လာနိုင်ဦးမှာမဟုတ်ဘူး]
မက်ဆေ့ခ်ျသည် သူ စမ်းသပ်မှု ပြုလုပ်နေသည့်အချိန်၌ ဝင်လာခဲ့ခြင်း ဖြစ်၏။ စမ်းသပ်မှုတွင် အာရုံစူးစိုက်နေလွန်းသဖြင့် ဉာဏ်ရည်တုစက်ထဲမှ မက်ဆေ့ချ်များကို မမြင်မိလိုက်ခြင်း ဖြစ်နိုင်သည်။
ကျွင်းချင်ယွီသည် ကျောပိုးအိတ်ထဲမှ ဓါတ်ပေါင်းရည်များကို တပ်ခွဲခေါင်းဆောင်အား ပေးလိုက်ပြီး ပြောသည်။
"ဒီ ဓာတ်ပေါင်းရည်တွေက အဲဒီစက်ရုပ်တွေကို ထိန်းချုပ်နိုင်ဖို့ တီထွင်ထားတာ"
"ခင်ဗျားတို့ ထူးဆန်းတဲ့ စက်ရုပ်တစ်ရုပ်ကို တွေ့ရင် သူ့ကိုယ်ပေါ်ကို ဓါတ်ပေါင်းရည် လောင်းချလိုက်ပါ၊ စက်ရုပ်က ရန်လိုပြီး လှုပ်ရှားနိုင်စွမ်းကို အချိန်တိုအတွင်း ဆုံးရှုံးသွားလိမ့်မယ်၊ အဲ့ဒီအချိန်အတိုုလေးအတွင်း သူ့ကို အမြန်ဆုံး ဖျက်ဆီးပစ်လိုက်ပါ"
"စက်ရုပ်တစ်ရုပ်အတွက်ဆို ဓါတ်ပေါင်းရည်တစ်ပုလင်းက လုံလောက်တယ်"
"ခင်ဗျားမှာ ဘာလို့ ဒီလောက် အများကြီး ရှိနေတာလဲ"
တပ်ခွဲခေါင်းဆောင်က အလွန် အံ့အားသင့်သွားပြီး
"လက်ထောက်အရာရှိရှီ က အဖွဲ့တစ်ဖွဲ့ကို ပုလင်းတစ်လုံးစီ ဝေပေးသွားတယ်၊ အဲ့တာနဲ့ အတူတူပဲလား"
ကျွင်းချင်ယွီက ရှင်းပြလိုက်သည်။
“အတူတူပါပဲ၊ သူ ဝေပေးတာက ပထမအသုတ်၊ ဒါက ဒုတိယအသုတ်၊ နောက်ထပ်လည်း အများကြီး ရှိသေးတယ်”
ရှီခိုင်ရှင်းသည် ဓါတ်ပေါင်းရည်များ မလုံလောက်မည်ကို စိုးရိမ်သောကြောင့် ချွေချွေတာတာဖြင့် ချင့်ချိန်ကာ ဝေပေးခဲ့ပုံ ပေါ်သည်။
တပ်ခွဲခေါင်းဆောင်က ခေါင်းညိတ်လိုက်ပြီး
"ခန်းချီချဲ"
"ရှိ"
“သူတို့ သုံးယောက်ကို ဦးစီးတပ်ဖွဲ့ဆီ ပြန်ပို့လိုက်”
"ဟုတ်ကဲ့ပါ ဗိုလ်မှူး"
တပ်ခွဲခေါင်းဆောင်က ထပ်လောင်း ရှင်းပြသည်။
“ဦးစီးတပ်ဖွဲ့မှာ တပ်သားတွေ အများကြီးရှိတဲ့အတွက် အတော်လေး လုံခြုံပါတယ်၊ သူတို့နှစ်ယောက်လုံးက ဒဏ်ရာရပြီး ကင်းလှည့်တဲ့နေရာမှာ မပါဝင်နိုင်လို့ သူတို့နဲ့အတူ အဲဒီကို လိုက်သွားလို့ရတယ်”
ကျွင်းချင်ယွီက တပ်ခွဲခေါင်းဆောင်၏စကားကိုပါ ထည့်သွင်းစဉ်းစားလိုက်သည်။ သူ၏နေရာတွင် ဓါတ်ပေါင်းရည်အချို့ ရှိသေးသည်။ သူတို့အဖွဲ့နှင့်လိုက်၍ ကံကောင်းပြီး စက်ရုပ်တစ်ရုပ်ကို ရှာတွေ့နိုင်ရန် ကြိုးစားမည့်အစား အခြားသူများကို ဓါတ်ပေါင်းရည်များ မျှမျှတတ ဝေငှပေးနိုင်ရန် ဦးစီးတပ်ဖွဲ့ထံ ပြန်လိုက်သွားခြင်းက ပို၍ သင့်တော်ပေလိမ့်မည်။
"ကောင်းပါပြီ"
တပ်ခွဲခေါင်းဆောင်က လက်ကို မြှောက်ပြီး အမိန့်ပေးလိုက်သည်။
“ဆက်ရှာကြ”
"ဟုတ်ကဲ့"
ခန်းချီချဲသည် သူ၏ကျောပိုးအိတ်ထဲက အကာအကွယ်အဝတ်အစားများကို ထုတ်ယူပြီး ပြောလိုက်သည်။
"အရင်ဆုံး ဒီအကာအကွယ်အဝတ်အစားတွေကို ဝတ်လိုက်ကြပါ"
ဒဏ်ရာရထားသူနှစ်ယောက်က ဝတ်ဆင်လိုက်ကြသည်။ ကျွင်းချင်ယွီကတော့ တစ်ချက်ကြည့်ပြီးနောက် အကြည့်ပြန်လွှဲလိုက်လေသည်။
"ကျွန်တော့်အတွက် မလိုပါဘူး၊ သွားကြရအောင်၊ အချိန်ဖြုန်းနေလို့မဖြစ်ဘူး"
သူတို့ ထွက်လာချိန်၌ မလှုပ်ရှားနိုင်သည့်စက်ရုပ်တစ်ရုပ်ကိုပါ အတူ ခေါ်ဆောင်လာခဲ့သည်။
ကျန်းလူကြီးမင်းသည် ထမ်းစင်ပေါ်တွင် လဲလျောင်းနေ၏။ သူသည် စိတ်စွမ်းအင် အလွန်အကျွံ ကုန်ဆုံးသွားခဲ့သည့်အပြင် အနီးကပ်တိုက်ပွဲတွင်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ ဦးခေါင်းမှ သွေးယိုစီးမှုက ရပ်တန့်သွားသော်လည်း သတိရှိနေနိုင်ရန် အသိစိတ်ကပ်ထားမှ ဖြစ်ပေမည်။
ချောင်လူကြီးမင်းသည် သူ့အတွက် စိုးရိမ်နေသောကြောင့် လမ်းလျှောက်နေရင်းက ပြောလိုက်သည်။
“ငါတို့ ရောက်ခါနီးနေပြီ၊ မင်း အိပ်မပျော်သွားစေနဲ့နော်၊ အရမ်း အိပ်ငိုက်နေတယ်ဆိုရင် မင်းကိုယ်မင်း ထိန်းချုပ်နိုင်ဖို့ လျှာကို ကိုက်ထားလိုက်"
လူကြီးမင်းကျန်းသည် စကားပြောနေရင်းဖြင့် မျက်လုံးများ စင်းကျလာ၏။ သူသည် ကျွင်းချင်ယွီကို တစ်ချက်တစ်ချက် စိုက်ကြည့်နေရာမှ မေးခွန်းမထုတ်ဘဲ မနေနိုင်တော့ပေ။
"ညီအစ်ကို မင်းနာမည်ကို ကျွန်တော် ဘာလို့ ရင်းနှီးနေတာလဲ မသိဘူး"
ကျွင်းချင်ယွီ : "ဒီနာမည်က လူပေးများလို့ ဖြစ်ပါလိမ့်မယ်"
“အဲ့လောက် လူပေးများတဲ့နာမည်လည်း မဟုတ်ပါဘူး၊ ဒါ…ဒါပေမယ့် ကျွန်တော် အရင်က ဘယ်မှာ ကြားဖူးခဲ့မှန်း မေ့နေတာ”
ချောင်လူကြီးမင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး
"မင်းက ဒီမှာပဲ နေ့တိုင်း ပိတ်မိနေတာလေ၊ အင်တာနက်လည်း သုံးလို့မရတဲ့အပြင် ပြင်ပကမ္ဘာနဲ့ပါ အဆက်အသွယ်ပြတ်နေတာကို ဘယ်လိုလုပ်ပြီး အရင်က တစ်နေရာရာမှာ ကြားဖူးမှာလဲ"
"ငါ တကယ် ကြားဖူးတာ"
ကျန်းလူကြီးမင်း၏ မျက်လုံးများက တောက်ပလာကာ အနည်းငယ် ပို၍ စိတ်အားထက်သန်လာသည်။
"ဟုတ်သားပဲ ... မာရှယ်ရဲ့ ခင်ပွန်းလေ... မဟုတ်သေးဘူး... သူ့ကို အခု ဧကရီလို့ ခေါ်သင့်တာပဲ၊ သူ့ရဲ့နာမည်ကလည်း ချင်ယွီ မဟုတ်လား"
ခန်းချီချဲက ထိုစကားကို ကြားသည့်အခါ မျက်ခုံးပင့်လိုက်ပြီး
“ဧကရီလား? မာရှယ်က ဘယ်တုန်းကတည်းက ကြင်ဖော် ရသွားတာလဲ"
“ဟင်း… ခင်ဗျားကတော့ တော်တော်ကြီးကို သတင်းနောက်ကျနေတာပဲ၊ ကျွန်တော် ဟိုအရင် သူတို့နဲ့ ဆက်ဆံရေး ရှိခဲ့တုန်းကပေါ့... ကျွန်တော့်မိသားစုက ပြောပြတာ၊ သူတို့ ပြောတာတော့ မာရှယ်ရဲ့လက်ထပ်ပွဲက လက်ဖျားခါလောက်အောင် ကြီးကျယ်ခမ်းနာတာပဲတဲ့"
ကျွင်းချင်ယွီ: "……?"
"မင်းတို့ လက်ထပ်ပွဲဗီဒီယိုကို ကြည့်ဖူးကြလား၊ ပွဲအခမ်းအနားကို ငါကိုယ်တိုင် မသွားနိုင်ခဲ့တာတော့ နည်းနည်း နှမြောစရာကောင်းပေမယ့် ကိစ္စမရှိပါဘူး၊ မင်းတို့လည်း မသွားနိုင်ခဲ့ကြဘူးဆိုတော့ ငါတို့ကြားထဲ ပိုပြီးတောင် ကောင်းသွားသေးတယ်၊ ငါတို့အားလုံး ဘယ်သူမှ မသွားနိုင်ခဲ့ကြဘူးလေ"
ကျွင်းချင်ယွီ: "???"
ကျန်းလူကြီးမင်းသည် စကားအနည်းငယ်ပြောပြီးနောက် မျက်လုံးမှိတ်သွားသောကြောင့် ချောင်လူကြီးမင်းသည် အလန့်တကြားဖြစ်သွားကာ
“မင်းမျက်လုံးတွေ မမှိတ်သွားနဲ့ဦး၊ ဆက်ပြော"
ခန်းချီချဲ: "ဟုတ်သား ဟုတ်သား... ကျွန်တော်တို့ ဘယ်အထိ ရောက်လာပြီလဲ"
ပြောရင်း ခန်းချီချဲနှင့်ချောင်လူကြီးမင်းတို့က အရှိန်မြှင့်၍ ပြေးလိုက်ကြသည်။
အခြေအနေက သိပ်ပြီး မကောင်းသည်ကို တွေ့လိုက်ရသောအခါ ကျွင်းချင်ယွီသည် သူတို့ နောက်ကို လိုက်သွား၍ ယခုလေးတင် ထုတ်လိုက်သည့် စိမ့်စမ်းရေအချို့ကို ကမ်းပေးလိုက်သည်။
ကျန်းလူကြီးမင်းသည် သတိမရတစ်ချက်၊ရတစ်ချက် ဖြစ်နေ၏။ စိမ့်စမ်းရေကို သောက်၍ သူ၏စိတ်စွမ်းအင်အချို့ကို အတင်းအကြပ် ပြန်လည်ရယူပြီးနောက် မျက်လုံးကို ပြန်ဖွင့်ကာ သေလုမျောပါးဖြစ်နေသည့်ကြားမှ ပြောပြန်သည်။
“မာရှယ်နဲ့ သူ့ရဲ့ကြင်ယာတော်က… အင်း...”
ကျွင်းချင်ယွီသည် ကျန်ရှိနေသော စမ်းရေပုလင်းတစ်ဝက်ကိုပါ သူ၏ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။
"သောက်လိုက်"
"အင်းးး..."
ကျန်းလူကြီးမင်းသည် သူ၏စကားကို ဆုံးရန် ပြောဖို့အတွက်ပင် အခွင့်အရေး မရလိုက်ပေ။
ဦးစီးတပ်ဖွဲ့သည် ဗဟိုထိန်းချုပ်ခန်းအပြင်ဘက်ရှိ ခန်းမအတွင်း၌ ထိခိုက်ဒဏ်ရာရရှိထားသူများနှင့်အတူ ရှိနေသည်။
သူတို့ထဲမှ လူအနည်းငယ် ပြေးဝင်လာပြီးနောက် ချောင်လူကြီးမင်းက အော်ဟစ်လိုက်သည်။
“ဒေါက်တာ ဒေါက်တာ မြန်မြန်လာပါဦး၊ ဒီနားမှာ ဆေးဘက်ဆိုင်ရာအခန်းအလွတ် ရှိလား”
"ဒီဘက် ဒီဘက်"
သူတို့က ကျန်းလူကြီးမင်းကို ခေါ်ဆောင်သွားကြပြီး ကျွင်းချင်ယွီသည် သူတို့နောက်မှ မလိုက်သွားခဲ့ပေ။ ဤနေရာရှိ စိတ်စွမ်းအင်မှာ အပြင်ဘက်ကထက် လှုံ့ဆော်မှု နည်းပုံရပြီး စွမ်းအင်ပြန်လည်ဖြည့်တင်းပေးခြင်း အကျိုးသက်ရောက်မှု မရှိသော်လည်း အပြင်ထက်တော့ ပိုကောင်းမည်မှာ သေချာသည်။
ဗဟိုထိန်းချုပ်ခန်းက အနောက်ဘက်တွင် ရှိသဖြင့် ကျွင်းချင်ယွီ လျှောက်လာခဲ့သည်။ သူ အခန်းနားသို့ မရောက်သေးမီကပင် ခန်းမထဲရှိ အနားယူနေကြသည့် လူတိုင်းက သူ့ကို အထူးအဆန်းသဖွယ် ကြည့်နေကြသည်။
သူတို့က ကျွင်းချင်ယွီအား ထူးဆန်းသည်ဟု တွေးထင်သောကြောင့် မဟုတ်ဘဲ သူ၏ရှည်လျားသောဆံပင်ကြောင့်ပင် ဖြစ်သည်။ ဤနေရာတွင် ဆံပင်ရှည်ရှိသော အထူးတပ်သား မရှိနိုင်ပေ။
ထိုအချိန်တွင် ဗဟိုထိန်းချုပ်ခန်း၏တံခါးက ပွင့်လာသည်။
ယွီကျစ်က အတွင်းမှ အလျင်စလို ထွက်လာကာ
"မဒမ်... ဘာလို့ ဒီကို ရောက်နေတာလဲ။ အဆင်ပြေရဲ့လား၊ ဒဏ်ရာတွေဘာတွေရော ရသွားသေးလား၊ ဒါမှမဟုတ် တစ်နေရာရာကများ အဆင်ပြေမသလို ခံစားရလား"
"ငါ အဆင်ပြေပါတယ်"
ကျွင်းချင်ယွီတစ်ဦးတည်း ဝင်လာသည်ကို တွေ့လိုက်ရသောအခါ ယွီကျစ် နှလုံးခုန်သံများ ရပ်တန့်သွားသည်။
"ရှီခိုင်ရှင်း မရောက်လာဘူးလား၊ ကျွန်တော်က သူ မဒမ့်ကို လိုက်ရှာနေတယ် ထင်နေတာ"
ကျွင်းချင်ယွီသည် သူ၏ကျောပိုးအိတ်ထဲမှ ကျန်ရှိနေသော ဓါတ်ပေါင်းရည်များကို ထုတ်ယူ၍ ယွီကျစ်ကို ကမ်းပေးလိုက်သည်။
"ဒီနေရာမှာ ဓါတ်ပေါင်းရည်တွေ လုံလုံလောက်လောက် ရှိသင့်တယ်၊ အဲ့တာကြောင့် သူတို့ကို မျှဝေပေးနိုင်မယ့် နည်းလမ်း ရှာကြည့်ပါ"
ယွီကျစ်သည် ရှီခိုင်ရှင်းနှင့် စောစောက တွေ့ဆုံခဲ့ပြီး ဖြစ်သောကြောင့် ဤဓာတ်ပေါင်းရည်များက မည်သည်ဖြစ်ကြောင်း အသေအချာ သိထား၍ အလျင်အမြန် လက်ခံလိုက်ပြီး
"မဒမ် အရင်ဆုံး အထဲဝင်ပါဦး"
ကျွင်းချင်ယွီက မေးလိုက်သည်။
"ဒီမှာ စက်ရုပ်ဘယ်နှရုပ်ရှိလဲ မင်း သိလား"
“ဖျက်ဆီးခံထားရတဲ့ဟာတွေနဲ့ ဖမ်းမိထားတဲ့ဟာတွေ ပေါင်းလိုက်ရင် ၃၀ကျော်လောက် ရှိပေမယ့် ရှာမတွေ့သေးတဲ့ဟာတွေယှဉ်လိုက်ရင် ဘာမှမပြောပလောက်သေးပါဘူး၊ နောက်ထပ် ရှာဖွေစစ်ဆေးမှုတွေ လိုအပ်နေပါသေးတယ်”
၃၀?
ဤအခြေအနေမျိုးတွင် အချက်အချာကျသောအဖွဲ့က နောက်တန်းတွင် ရောက်ရှိနေသောကြောင့် ဖုယွမ်ချွမ်းသည် စက်ရုပ်များစွာနှင့် ထိပ်တိုက်မတွေ့ဆုံသင့်ပေ။
တစ်နည်းအားဖြင့်ဆိုရသော် ၎င်းတို့သည် ထိပ်တိုက်တွေ့ဆုံ၍ အနိုင်မရနိုင်မှန်း သိထားသော်လည်း နောက်တန်းကို တိုက်ခိုက်စေခြင်းက အင်ပါယာအား တစ်စုံတရာ ထိခိုက်စေနိုင်မည် မဟုတ်ပေ။
၎င်းတို့ထံတွင် အင်အား အများအပြား မကျန်ရှိတော့ဘဲ စိတ်စွမ်းအင် ဆုံးရှုံးမှုက လူတိုင်းအပေါ် သက်ရောက်ခဲ့သည်ဆိုလျှင်ပင် စစ်ဆင်ရေးမှာ ပြီးမြောက်ခဲ့ပြီး ဖြစ်ပါသည်။ လျင်မြန်သည့် လုပ်ဆောင်ချက်များနှင့်အတူ အခြေအနေသည်လည်း ထိန်းချုပ်နိုင်သော အနေအထားတစ်ခုအတွင်း ရှိနေဆဲဖြစ်သောကြောင့် ပြဿနာအား ဖြေရှင်းလုနီးပါး ဖြစ်နိုင်သည့် အလားအလာကောင်းများ ပေါ်ပေါက်လာနိုင်ပေသည်။
"မဒမ် အရင်ဆုံး ထိုင်လိုက်ပါဦး"
ယွီကျစ်သည် ဓါတ်ပေါင်းရည်များ ဖြန့်ဝေပေးရန်အတွက် လူအနည်းငယ်ကို စေလွှတ်လိုက်သည်။
ကျွင်းချင်ယွီသည် ရှီခိုင်ရှင်းထံ မက်ဆေ့ချ်ပို့ခဲ့သော်လည်း ပေးပို့မှု မအောင်မြင်ကြောင်း ဆက်တိုက် ပြသနေ၏။
ဤနေရာတွင် ဆက်သွယ်ရေးလိုင်းများက ပြည့်ကျပ်နေပုံရသည်။
ဓါတ်ပေါင်းရည်များကို ဟိုဟိုသည်သည် ဖြန့်ဝေပေးနေသည့်သူတို့အား ရှီခိုင်ရှင်းထံ သူ၏သတင်းစကားကို လူကြုံပြောခိုင်းလျှင်လည်းဖြစ်သောကြောင့် ပြဿနာတော့ မရှိလှပါ။
ဓါတ်ပေါင်းရည်များကို နေရာအနှံ့ ဖြန့်ဝေထားခြင်းဖြင့် အပြင်ဘက်ရှိ စက်ရုပ်များသည် အလွန်အမင်း မထကြွလာနိုင်တော့ဘဲ ဤအခြေအနေသည်လည်း တဖြည်းဖြည်းနှင့် အဆုံးသတ်ရန် နီးကပ်လာသည်—အနည်းဆုံးတော့ ဖုယွမ်ချွမ်း ပြန်မလာမီ အရာအားလုံး ပြေလည်သွားပါလိမ့်မည်။
ဓာတ်ပေါင်းရည်များ ခွဲဝေပြီးပေးနောက်တွင် ယွီကျစ်သည် ပြန်ရောက်လာပြီး ကျွင်းချင်ယွီအတွက် ရေတစ်ခွက် ခပ်လာပေးကာ
"မဒမ် ရေငတ်ပြေလေး သောက်လိုက်ပါ"
ကျွင်းချင်ယွီသည် ဖန်ခွက်ထဲမှရေကို ကြည့်၍ အပြင်ဘက်ရှိ ဒဏ်ရာရထားသူများအကြောင်း တွေးနေမိသည်။ ၎င်းတို့ထဲမှ အချို့သည် အပေါ်ယံဒဏ်ရာများသာ ရရှိခဲ့ပြီး စိတ်စွမ်းအင်မှာလည်း အတိုင်းအတာတစ်ခုအထိသာ ထိခိုက်ခဲ့လေသည်။ အပေါ်ယံ ဒဏ်ရာလောက်က အဆင်ပြေပါသည်။ ဒဏ်ရာများက ပြင်းထန်လျှင်ပင် ဆေးဘက်ဆိုင်ရာအခန်း ရှိသောကြောင့် ကယ်တင်နိုင်သေး၏။ သို့သော် စိတ်စွမ်းအင်မှာ အချိန်အတိုင်းအတာတစ်ခု ယူပြီးမှသာ ပြန်လည်ကောင်းမွန်လာနိုင်ပြီး အနည်းငယ်မျှ ဂရုမစိုက်ဘဲနေလျှင်ပင် ဖျားနာခြင်းများ ဖြစ်လာနိုင်ပေသည်။
ကျွင်းချင်ယွီသည် ၎င်းကို စဉ်းစားမိပြီး"တပ်မကို ခွဲဝေပေးတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် အရေအတွက်အလိုက် ငါ့ဆီ ပို့ပေး"
စိမ့်စမ်းရေအချို့ကိုပါ ပေါင်းထည့်ခြင်းဖြင့် ၎င်းတို့၏ အခြေအနေများ ပိုမိုဆိုးရွားလာခြင်းမှ ကာကွယ်ပေးနိုင်မည် ဖြစ်သည်။
ယွီကျစ်မှာ နားမလည်သော်လည်း ကျွင်းချင်ယွီသည် အပြင်မှလူများအား စိုက်ကြည့်နေသည်ကို သတိပြုမိသွားသောအခါ အချိုပွဲဆိုင်အကြောင်း တွေးမိပြီး နားလည်သဘောပေါက်သွားသည်။
"ဟုတ်ကဲ့ပါ မဒမ်"
ကျွင်းချင်ယွီ ဖန်ခွက်ထဲမှ ရေတစ်ဝက်ခန့် သောက်ပြီးသည့်အချိန်တွင် ရှီခိုင်ရှင်းသည် အပြေးအလွှားဝင်လာပြီး ကျွင်းချင်ယွီအား ထိခိုက်ဒဏ်ရာမရရှိထားဘဲ အခန်းထဲ၌ ထိုင်နေသည်ကို တွေ့လိုက်ရ၏။ ထိုမှသာလျှင် သူ၏ စိုးရိမ်ပူပန်နေသော နှလုံးသားက စိတ်သက်ရာရမှုကို တွေ့ရှိသွားလေသည်။
ရှီခိုင်ရှင်းသည် စိတ်သက်ရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလျက် သူ့အား ကြည့်နေသောကြောင့် ကျွင်းချင်ယွီက မျက်ခုံးတွန့်လိုက်သည်။
"မင်းက ဒီလောက်တောင် ကြောက်နေတာလား"
သူသည် စက်ရုပ်များထံမှ အကျိုးသက်ရောက်မှုအား မခံစားရသည်ကို ရှီခိုင်ရှင်းလည်း တွေ့မြင်ခဲ့သည် မဟုတ်ပါလား။ သူ မည်သည်ကို ကြောက်ရွံ့နေပါသနည်း။
"ကျွန်တော် တကယ် သေလောက်အောင် ကြောက်နေခဲ့တာ"
ကျွင်းချင်ယွီသည် ရေတစ်ခွက်ကို ခပ်၍ သူ၏လက်ထဲသို့ ကမ်းပေးလိုက်သည်။ သူသည် ထောင့်တွင် စုပုံထားသော မစွန့်ပစ်ရသေးသည့် စက်ရုပ်အပိုင်းအစများကို မြင်ပြီး မသိမသာ တုန်လှုပ်သွားလေသည်။
စိမ့်စမ်းရေ၏ အကျိုးသက်ရောက်မှုသည် ပျောက်ကွယ်သွားဖွယ်ရာ ရှိ၏။ ကျွင်းချင်ယွီသည် မတ်တပ်ထရပ်၍ ရှေ့သို့တိုးကာ ဆေး၏အာနိသင်အား သက်တမ်းတိုးနိုင်၊မနိုင်ိုင် စစ်ဆေးရန်အတွက် လောကအသက်စွမ်းအင်ကို ထုတ်လွှတ်ရန် ပြင်လိုက်သည်။
သူသည် လက်ချောင်းထိပ်လေးဖြင့် စက်ရုပ်၏မျက်ခုံးနှစ်ခုကြားမှနေရာကို ထိလိုက်ပြီး သူ၏ လောကအသက်စွမ်းအင်သည် ဓာတ်ပေါင်းရည်မှ စွမ်းအင်အကြွင်းအကျန်များကို စုပ်ယူရန် ပျံ့နှံ့သွားလေသည်။
စက်ရုပ်ပေါ်တွင် သွေး အများအပြား ရှိနေသေး၏။ ၎င်းသည် ကျန်းလူကြီးမင်းတို့နှင့် ထိပ်တိုက်မတွေ့မီ အခြားသူများအပေါ်ကိုပါ သက်ရောက်ခဲ့ပေလိမ့်မည်။
၎င်းစက်ရုပ်အား ရှေ့လျှောက် မည်ကဲ့သို့ ဆက်လုပ်ရမည်ကို တွေးနေချိန်၌ စက်ရုပ်သည် လက်ချောင်းများအားလုံး လှုပ်ရှားလာကာ ရုတ်တရက် လက်ကို မြှောက်လိုက်လေသည်။
Xxxxxxx