Chapter 119
ကျွင်းချင်ယွီသည် ၎င်း၏လက်ကောက်ဝတ်ကို နောက်ပြန် ဖမ်းထားလိုက်၍ ထိုအချိန်တွင် ထိုလက်တစ်ဖက်သည် ပြုတ်ကျသွားပြီးနောက် ချက်ချင်းပင် အသက်ပြန်ဝင်လာ သူ၏မျက်နှာဆီ တည့်တည့်တိုးဝင်လာသည်။
လှုပ်ရှားမှုက မျက်စိတစ်မှိတ်အတွင်းပင် ဖြစ်ပျက်သွားသည်။ ကျွင်းချင်ယွီသည် မသိစိတ်၏ လှုံ့ဆော်မှုအရ ညာဘက်သို့ ရှောင်တိမ်းလိုက်လေသည်။ ၎င်း၏လက်ချောင်းထိပ်များသည် ချွန်ထက်သောဓားတစ်လက်နှင့် မကွာခြားဘဲ ကျွင်းချင်ယွီ၏ပါးပြင်ကို 'ဝှစ်'ခနဲ ရှပ်ထိသွားလေသည်။
တစ်ဆက်တည်းပင် ကျွင်းချင်ယွီသည် ပြန်လည်အသက်ဝင်လာသော လက်မောင်းကို ဆွဲယူ၍ ဘေးသို့ ပစ်ချလိုက်၏။
သူသည် ထိခိုက်ဒဏ်ရာ မရရှိသွားသော်လည်း သူ၏မျက်နှာဖုံးတွင် ချည်ထားသည့် ကြိုးမျှင်လေးမှာ ပြတ်တောက်သွားပြီး မျက်နှာဖုံးက ရုတ်တရက် ပြုတ်ကျသွားလေသည်။
ရှည်လျားသော ရွှေရောင်ဖျော့ဖျော့ဆံပင်အချို့ လွင့်ပျံလာပြီး မြေပြင်ပေါ်သို့ ဆင်းသက်သွား၏။
ကျွင်းချင်ယွီသည် မြေပြင်ပေါ်ရှိ သူ၏ဆံပင်များကို ကြည့်ပြီး မျက်လုံးများက အေးစက်စွာ တင်းမာလာသည်။
"မဒမ်"
ရှီခိုင်ရှင်းသည် ရှေ့သို့ အလျင်စလို ပြေးလာ၍ သူ၏မျက်နှာဖုံးကို ကောက်ယူကာ ပေးလိုက်သည်။ ကျွင်းချင်ယွီ၏မျက်နှာကို မြင်လိုက်ရသည့်အခိုက်တွင် သူ၏မျက်လုံးက သိသိသာသာ အရောင်ပြောင်းသွားသည်။
ကျွင်းချင်ယွီသည် မျက်နှာဖုံးကို ယူ၍ ခပ်ပြတ်ပြတ် ပြောလိုက်သည်။
"ဘာမှမဖြစ်ဘူး"
ယွီကျစ်သည် အတွင်း၌ တစ်ခုခု ဖြစ်နေပုံပေါ်ကြောင်း ခံစားမိ၍ အထဲသို့ အမြန် ဝင်လာခဲ့သည်။
ကျွင်းချင်ယွီသည် အသံကြား၍ လှည့်ကြည့်လိုက်ရာ ယွီကျစ် ဖြစ်နေသည်ကို တွေ့လိုက်ရသောကြောင့် မြေပြင်ပေါ်တွင် တစ်ဖန် လဲကျနေသော စက်ရုပ်ကို တစ်ချက် ကြည့်လိုက်လေသည်။
မျက်နှာဖုံးမပါသည့် ကျွင်းချင်ယွီကို တွေ့လိုက်ရသောအခါ ယွီကျစ် ထိတ်လန့်သွားသည်။ တပ်အပ်မပြောနိုင်သော်လည်း တစ်စုံတစ်ခုက မှားယွင်းနေမှန်း ခံစားမိသော်လည်း သူ ဘာမှတော့ မပြောပေ။
ကျွင်းချင်ယွီသည် စက်ရုပ်ကို ဂုတ်မှ ဆွဲ၍ နောက်ခန်းထဲသို့ ဆွဲခေါ်သွားသည်။
"နောက်က လိုက်မလာနဲ့၊ ငါ သူနဲ့ သီးသန့် စကားပြောကြည့်ဦးမယ်"
ရှီခိုင်ရှင်းသည် ပါးစပ်ဟလိုက်က်ပြီးမှ ပြန်ပိတ်သွားလေသည်။ သူ တစ်ခွန်းမှ မပြောရသေးမီ တံခါးကို ပိတ်သွားသောကြောင့် ရှီခိုင်ရှင်းမှာ နောက်ပြန်လှည့်၍ ထိုလက်နှစ်ဖက်ကို ကိုင်တွယ်ဖြေရှင်းရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
ယွီကျစ်သည် မျက်ခုံးကိုတွန့်၍ နှိုင်းနှိုင်းဆဆ ပြောလိုက်သည်။
"သူတို့ ရောက်လာတုန်းက ငါ ရေသူလေးရဲ့မျက်နှာကို မြင်လိုက်တယ်ဆိုတာ သေချာပေမယ့် မျက်နှာသွင်ပြင်ကိုတော့ ရှင်းရှင်းလင်းလင်း မတွေ့လိုက်ရဘူး။ မင်းစောစောက ထွက်သွားတုန်းက ရေသူလေးကို သေသေချာချာ ကြည့်ခဲ့ရလား။ သူ တစ်ခုခု ဖြစ်သွားတယ်လို့တော့ ငါ့ကို မပြောနဲ့နော်"
ရှီခိုင်ရှင်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ရေသူလေးကို မာရှယ်က ခေါ်သွားခဲ့တာလေ။ ပေါက်ကရတွေ ပြောမနေနဲ့တော့။ မာရှယ်က သူ့ကို သေချာပေါက် ဂရုတစိုက် စောင့်ရှောက်ပေးမှာ”
ယွီကျစ်သည် ထိုင်ချလိုက်ပြီး အသက်ကို ပြင်းပြင်းရှူရင်း
"အမှန်အတိုင်းပြောရရင် မဒမ် မျက်နှာဖုံးကို ချွတ်ပြီး လှည့်ကြည့်လိုက်တုန်းက စက်ဘောင်ပေါ်ကနေ ငါ့ကို ကြည့်ဖို့ လှည့်လာတဲ့ ရေသူလေးနဲ့ တော်တော် ဆင်တူတယ်လို့ ခံစားရတယ်။ အဲဒီတုန်းက ရေသူလေးရဲ့ပုံစံကို အခုအချိန်အထိ မမေ့နိုင်ခဲ့ဘူး"
ရှီခိုင်ရှင်း အေးခဲသွားသည်။ ထို့နောက် ခပ်မြန်မြန်ပင် ဖုံးဖိလိုက်၏။
"ဟာသတွေ မပြောစမ်းပါနဲ့ကွာ။ လူသားအရွယ်အထိ ကြီးထွားတဲ့ ရေသူတစ်ကောင်ကို မင်း ဘယ်မှာ တွေ့နိုင်မှာလဲ။ နောက်ပြီး အဲ့တာက ဘယ်လောက် ကြာတယ်မှတ်လဲ။ ရေသူတစ်ကောင်ကို အဲ့လိုအရွယ်အစားရောက်ဖို့ နှစ်ပေါင်း 1800 အထိ ပြုစုပျိုးထောင်ရမှာလေ။ ငါတော့ အခုချိန်ထိ လူသားအရွယ်ရှိတဲ့ ရေသူကို မမြင်ဖူးသေးဘူး”
"ဟုတ်သားပဲနော်။ မဒမ်ရဲ့ ဆံပင်အရောင်က ရေသူနဲ့ အတူတူ ဖြစ်ပြီး အရှည်ကလည်း အတူတူလောက်ပဲဆိုတော့ ငါအမြင်မှားတာပဲ ဖြစ်မှာပါ"
"အမြင်မှားရုံတင် မကဘူး၊ မင်းက အကြောင်းအရာတစ်ခုကို သေချာ မသိဘဲ ပုံမှန်မဟုတ်တဲ့ စိတ်ကူးတွေယဉ်ပြီး ထူးထူးဆန်းဆန်း ခန့်မှန်းချက်တွေ ထုတ်နေတာ"
ရှီခိုင်ရှင်းသည် လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး အပေါ်မှ ဖန်သားပြင်ကို ကြည့်ကာ ပြောသည်။
"မဒမ်က ရေသူလေးကို လက်ထဲမှာ ကိုင်ပြီး ကစားနေတာ တစ်ခါ မြင်ဖူးတယ်။ အနီးကပ် မကြည့်ရင်တော့ သူတို့နှစ်ယောက်ကို တူတယ်လို့ ခံစားရမှာပဲ"
ရှီခိုင်ရှင်းသည် သက်ပြင်းတစ်ချက်ချကာ ရည်ရွယ်ချက်ရှိရှိဖြင့် တမင် ပြောလိုက်သည်။
"ငါ့ကိုတော့ အပျော်သဘောအနေနဲ့ ပြောလို့ရပေမယ့် ဒီအကြောင်း တခြားသူတွေကို သွားမပြောမိစေနဲ့။ တော်ဝင်မိသားစုဝင်တွေနားထဲ ရောက်သွားရင် ပြဿနာ အကြီးကြီး တက်လိမ့်မယ်"
"ငါ နားလည်ပါပြီ"
ကျွင်းချင်ယွီက ထိုအခန်းထဲတွင် အချိန်အတော်ကြာအောင် နေနေခဲ့ပြီး အပြင် မထွက်ခဲ့ပေ။
_
သူသည် နောက်ပြန်ထိုင်၍ ကြိုးတပ်စက်ရုပ်အား မတုန်မလှုပ် ငေးကြည့်နေ၏။ ငါးမျှားကြိုးသည် လင်းထိန်နေချိန်၌ သာမန်ချည်မျှင်များထက် များစွာ သာလွန်ပါသည်။
ထိုအချိန်တွင် သူ၏ ဉာဏ်ရည်တုစက်က တုန်ခါလာသည်။ ကျွင်းချင်ယွီသည် စိတ်ရှုပ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သော်လည်း ဗီဒီယိုခေါ်ဆိုမှု အဝင်ကောကို မြင်လိုက်ရသောအခါ အံ့ဩသွားပြီး အလျင်အမြန် ကောက်ကိုင်လိုက်သည်။
"ယွမ်ချွမ်း..."
“အင်း”
ဖုယွမ်ချွမ်းကို မြင်သောအခါ ကျွင်းချင်ယွီသည် စူပုတ်ပုတ်အမူအရာဖြင့် တိုင်လိုက်သည်။
"ခုနက စက်ရုပ်တစ်ရုပ်ကလေ ကျွန်တော့်မျက်နှာဖုံးကို ဖျက်ဆီးပစ်တဲ့အပြင် ဆံပင်တချို့တောင် ကျွတ်အောင် လုပ်သွားတာ"
"တော်တော် အတင့်ရဲတာပဲ"
"အင်း"
ကျွင်းချင်ယွီသည် ဗီဒီယိုခေါ်ဆိုမှု မျက်နှာပြင်ကို စက်ရုပ်ရှိရာဘက်သို့ လှည့်ပြကာ
"သူပေါ့"
"ကိုယ် ပြန်လာတဲ့အထိ ခဏပဲ စောင့်နော်။ ကိုယ်..."
စက်ရုပ်၏ ပြောင်းလဲသွားသော အမူအရာကို မြင်လိုက်ရသောအခါ ဖုယွမ်ချွမ်း၏အသံက တိမ်ဝင်သွားလေသည်။
ဤစက်ရုပ်ကတော့ သူ ပြန်လာသည်အထိ မစောင့်နိုင်တော့သည့်ပုံပင်။
ဗီဒီယိုခေါ်ဆိုမှုမျက်နှာပြင်ကို လှည့်ပြလိုက်ပြီးနောက် တိတ်ဆိတ်သွားသော ဖုယွမ်ချွမ်းအား ကျွင်းချင်ယွီ သံသယဖြင့် ကြည့်လိုက်သည်။
"ခင်ဗျား ဘာလို့ စကားပြောတာ ရပ်သွားတာလဲ"
ဖုယွမ်ချွမ်းက ပြောသည်။
"ကိုယ် ပြန်လာတဲ့အခါ သူ့ကို ဘာလုပ်ပစ်ရင်ကောင်းမလဲ စဉ်းစားနေတာ"
ထိုစကားသည် ငါးလေးအား ချော့မော့ရုံတင် ပြောလိုက်သည့်စကား မဟုတ်ပါ။ သူ၏မျက်နှာဖုံးကို ဖျက်ဆီးပစ်လိုက်သည့် အဖိုးအခအတွက် ပြစ်ဒဏ်က သေးငယ်လိမ့်မည်တော့ မဟုတ်ပေ။ ငါးလေး ပြောသည့် စကားအချို့မှတဆင့် ထိုအချိန်က ဖြစ်ပျက်ခဲ့သည့် ပဋိပက္ခကို မှန်းဆနိုင်နေပြီ ဖြစ်သည်။
ဖုယွမ်ချွမ်းက နူးညံ့ညင်သာစွာ မေးလိုက်သည်။
"ကြောက်နေတာလား"
“မကြောက်ပါဘူး”
ကျွင်းချင်ယွီက လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ ၎င်းက သူ၏ဆံပင်များသည် အနည်းငယ်မျှ လှုပ်ရှားလိုက်ရုံဖြင့် မျက်နှာဖုံးမှကြိုးနှင့် ငြိတွယ်သွားနိုင်သည့်အချက်အား သတိမထားမိလိုက်ရုံပင် ဖြစ်ပါသည်။ စက်ရုပ်သည် သူ၏လက်ကို မြှောက်လိုက်ရုံမျှဖြင့် သူ့အား ထိခိုက်နိုင်စွမ်း မရှိပါ။
ကျွင်းချင်ယွီသည် ဘေးနားတွင် ချထားသည့် စက်ရုပ်အပေါ် အာရုံထားရန် စိတ်ကူးမရှိပေ။ သူက ထိုင်ချလိုက်၍ ဖုယွမ်ချွမ်းနှင့် စကားစမြည်ပြောရန် ပြင်လိုက်သည်။
"ခင်ဗျားတို့ဆီမှာရော အခြေအနေ ဘယ်လိုလဲ"
“အခြေအနေက အင်ပါယာအတွက် တော်တော်လေး အလားအလာကောင်းပါတယ်”
ကျွင်းချင်ယွီက ခေါင်းညိတ်လိုက်၏။ အလားအလာကောင်း၍ တော်ပါသေးသည်။ ဖုယွမ်ချွမ်းမှာ ပြန်လာ၍ မရနိုင်သေးဘဲ ၎င်းက သူ၏မက်ခါထဲတွင် ရှိနေခြင်းကဲ့သို့ မရိုးရှင်းဘဲ စစ်သင်္ဘောတစ်စင်းထဲ ရောက်ရှိနေခြင်း ဖြစ်လေသည်။
ဖုယွမ်ချွမ်းသည် အဖွဲ့ချုပ်မှလူများကို အနိုင်ရရှိပြီးနောက် ပင်မဂြိုဟ်သို့ ချက်ချင်း ပြန်လာမည်ဟု မူလက ယုံကြည်ခဲ့သော်လည်း ယခုမူ ပြန်လာနိုင်မည့်ပုံမပေါ်သေးပေ။
"ခင်ဗျား ပြန်မလာရသေးခင် ရက်အနည်းငယ်လောက် အပြင်မှာ နေရဦးမှာလား"
"မနက်ဖြန်လောက် ဖြစ်မယ်"
ဖုယွမ်ချွမ်းက ရှင်းပြသည်။
“အဖွဲ့ချုပ်ကနေ ကွဲထွက်လာတဲ့ အင်အားစုနှစ်ခုက ပြေလည်မှု မရသေးဘူး၊ မကြာခင်မှာတော့ ရလဒ်တစ်ခုခု ထွက်လာမှာပါ”
ကျွင်းချင်ယွီ မျက်မှောင်ကြုံ့မိလိုက်သည်။ ပြည်တွင်းမငြိမ်မသက်မှုများက ရှိနေဆဲ ဖြစ်ပြီး ၎င်းတို့သည် အင်ပါယာကို သိမ်းပိုက်ထားသော်လည်း တိုက်ခိုက်ရန်အတွက် လာရောက်ကြပေဦးမည်။ ၎င်းတို့အတွက် အချိန်များ ဤမျှ ပေါများနေသည်လား။
သို့သော် စစ်ဘက်အင်အားစုက ဖုချန်းယွီဘက်တွင် ရှိနေလျှင် အဓိပ္ပါယ်ရှိပါသေးသည်။ သူသည် ဖုချန်းယွီ၏ အကျင့်စရိုက်လက္ခဏာကို မသိသော်ငြားလည်း ဖုချန်ယွီသည် ဤအရေးနှင့်ပတ်သက်၍ မည်သို့ပင် အတွေးရှိစေကာမူ သူ၏ အာဏာရနယ်ပယ်ကိုတော့ ချန်ထားခဲ့မည် မဟုတ်ပေ။
ကျွင်းချင်ယွီသည် အဖွဲ့ချုပ်နှင့်ပတ်သက်၍ နားလည်သဘောပေါက်မှု များများစားစား မရှိပေ။ မည်သို့ပင်ဆိုစေကာမူ ဖုယွမ်ချွမ်းက မကြာမီ ပြန်ရောက်လာတော့မည်ကို သိလိုက်ရသောကြောင့် ထိုအကြောင်းအား ခေါင်းထဲ မထည့်နေတော့ပါ။
"ဒီမှာ ဓာတ်ခွဲခန်းက စက်ရုပ်တွေ အများကြီး ရောက်နေတယ်၊ နောက်ပြီး ဓါတ်ပေါင်းရည်ကိုလည်း အောင်အောင်မြင်မြင် စမ်းသပ်ထုတ်ဖော်ပြီး အသုံးပြုခဲ့နိုင်တယ်"
ဖုယွမ်ချွမ်းသည် ထိုသတင်းအား ကြားသိပြီးဖြစ်၏။ သူသည် ရွှန်းလဲ့သောမျက်လုံးများဖြင့် ငါးလေး၏အမူအရာကို ကြည့်နေလျက်က တဖြည်းဖြည်း နူးညံ့လာကာ "မင်းက အရမ်း တော်တာပဲ၊ ဒီလောက်ခက်ခဲတဲ့ ဓါတ်ပေါင်းရည်ကို ဖန်တီးနိုင်ခဲ့တာ" ဟု ချီးကျူးလိုက်လေသည်။
ကျွင်းချင်ယွီ၏ မျက်လုံးများက လခြမ်းသဏ္ဍာန် ကွေးညွတ်သွားကာ
"ကျွန်တော်တို့ အတူတူ လုပ်ခဲ့တာပါ"
"အင်း... ကိုယ်တို့ရဲ့ ပူးပေါင်းအားထုတ်မှုပေါ့"
ကြယ်တာရာစကြာဝဠာသည် ပြတင်းပေါက်မှတဆင့် မြင်ရသည့် အဆုံးမရှိသော ကြယ်စင်မြစ်တစ်စင်းကဲ့သို့ ဖြစ်၏။ နေ့နှင့်ညအား ခွဲခြား၍မရနိုင်သကဲ့သို့ ပင်မဂြိုဟ်ပေါ်မှ အချိန်နှင့်လည်း မတူညီပေ။
"ယွမ်ချွမ်း... ခင်ဗျား ပင်ပန်းနေပြီလား။ ရေချိုးပြီး အနားယူတော့လေ"
ဖုယွမ်ချွမ်းအား အလုပ်ပြီးသည့်အချိန်မှစ၍ အနားယူသင့်သည်ဟု ကျွင်းချင်ယွီက ယူဆထား၏။ အကယ်၍သာ အဖွဲ့ချုပ်သည် ကျင်းထဲကျပ်ထဲ ကျရောက်ပြီး တန်ပြန်တိုက်ခိုက်လာခဲ့ပါက ဖုယွမ်ချွမ်းမှာ စစ်မြေပြင်သို့ပင် သွားရနိုင်ချေ ရှိသည်။
ထို့အပြင် မက်ခါမောင်းနှင်ခြင်းသည် စိတ်စွမ်းအင်ကို အများဆုံး ကုန်ဆုံးစေသည်။ ဖုယွမ်ချွမ်း၏ စိတ်စွမ်းအင်အခြေအနေမှာ စမ်းသပ်ထုတ်ကုန်၏ မငြိမ်မသက် စိတ်စွမ်းအင်ကြောင့် စုစည်းနိုင်ခြင်း မရှိခဲ့ပုံ ပေါ်သည်။ ဤကဲ့သို့အခြေအနေမျိုးတွင် တစ်ညတာ ကောင်းမွန်စွာ အိပ်စက်လိုက်ခြင်းက သူ၏စိတ်စွမ်းအင်အား ပြန်လည် စုဆောင်းရန် ကူညီနိုင်ပေလိမ့်မည်။
"ကိုယ် အဆင်ပြေပါတယ်၊ မင်းနဲ့ ခဏလောက် စကားပြောဦးမယ်"
ဖုယွမ်ချွမ်းသည် ထိုကဲ့သို့သော အဖြစ်အပျက်လောက်နှင့် ငါးလေးမှာ ထိတ်လန့်နေမည် မဟုတ်မှန်း သိထားသော်လည်း ၎င်းက သူ၏ စိုးရိမ်ပူပန်မှုကို မတားဆီးနိုင်ခဲ့ပါ။ အလုပ်မှ ပြန်ရောက်လာချင်းချင်း အနားပင်မယူနိုင်သေးဘဲ ငါးလေးထံ ဗီဒီယိုကောခေါ်ဆိုရန်မှလွဲ၍ အခြား မည်သည်ကိုမှ သူ မတွေးနိုင်တော့ပေ။
ကျွင်းချင်ယွီက ခေါင်းခါ၍
"ခင်ဗျား အဆင်မပြေပါဘူး၊ အနားယူသင့်ပြီ"
ဖုယွမ်ချွမ်းသည် သူ၏အမိန့်ကို မလွန်ဆန်နိုင်ပေ။ အခြား ရွေးချယ်စရာလည်း မရှိသောကြောင့်
"အဲ့တာဆို နောက်မှ တွေ့မယ်နော်"
“ကောင်းပြီ”
ကျွင်းချင်ယွီသည် ရှေ့သို့တိုး၍ ဖန်သားပြင်ပေါ်မှတဆင့် သူ့ကို နမ်းလိုက်သည်။
"ဂွတ်နိုက်နော်"
ဗီဒီယိုခေါ်ဆိုမှု ပြီးဆုံးသည်နှင့် ကျွင်းချင်ယွီသည် နေရာမှ ထကာ ထိုနေရာတွင် ချထားသည့် စက်ရုပ်အား တစ်ချက် ကြည့်လိုက်သည်။
သူ မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်နိုင်သေးမီ အပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။
"ဘယ်သူလဲ"
ယွီကျစ်၏ အသံသည် တံခါးဝမှ ထွက်ပေါ်လာပြီး
"မဒမ် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ ပြင်ဆင်ပြီးပါပြီ"
ကျွင်းချင်ယွီက ခပ်ပြတ်ပြတ် ပြောလိုက်သည်။
"အိုကေ၊ ရှီခိုင်ရှင်းက အချိုပွဲဆိုင်ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း စီစဉ်ပြီးပြီလား"
သူက စိမ့်စမ်းရေကို ဝေငှပေးနိုင်သော်လည်း သူတို့အနေဖြင့် စိမ့်စမ်းရေအား ခိုးယူ၍ စမ်းသပ်မှုပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် မယူဆောင်သွားနိုင်စေရန် သူ၏ရှေ့၌ သောက်သုံးရမည် ဖြစ်သည်။
လူများစွာနှင့်လုပ်ဆောင်ရသည့်ကိစ္စတွင် အမှားမလုပ်မိရန်မှာ တာဝန်အရှိဆုံး ဖြစ်သည်။ လူများအား ကယ်တင်ခြင်းအမှုတွင် နှောင့်နှေးမှု မရှိစေလိုပါက တောင်းပန်စကားပြောခြင်းထက် လုံခြုံမှုရှိစေရန်အတွက် ပို၍ သတိထားရန် လိုအပ်ပါသည်။
"ဟုတ်ကဲ့၊စီစဉ်ပြီးပါပြီ မဒမ်"
ကျွင်းချင်ယွီသည် သူ၏နေရာရှိ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များအား ဟန်မပျက် ထုတ်ယူနိုင်ရန် မူလ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို အသုံးပြုခဲ့ရသည်။ အချိုပွဲဆိုင်အား ယာယီ ပိတ်ထားသောကြောင့် ရိက္ခာများကို ပင်မတပ်ဖွဲ့အား အဓိက ထောက်ပံ့ပေးခဲ့ပြီး သူ၏နေရာတွင် အသုံးပြုသည့် သစ်သီးနှင့် ဟင်းသီးဟင်းရွက် အချိုးအစားမှာ နည်းပါးသွားခဲ့သည်။ သို့သော်လည်း အကျိုးဆက်အနေဖြင့် သူ၏နေရာလွတ်၌ ရင့်မှည့်နေသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များစွာ ရှိနေပါသေးသည်။
အပြင်ဘက်၌ ခွဲဝေချထားပေးသည့် နေရာအပိုင်းအခြားများ အသီးသီးရှိပြီး စားသောက်ရန်နေရာများကလည်း ၎င်းတို့ထဲတွင် တစိတ်တဒေသ ပါဝင်လေသည်။ အစမှအဆုံးအထိ သန့်ရှင်းရေး မပြုလုပ်ပြီးမီ မည်သူမျှ စိတ်တိုင်းကျ ဝင်ထွက်ခွင့် မရှိသောကြောင့် ကျွင်းချင်ယွီ စီစဉ်နေသည်များ အဆင်ပြေ ချောမွေ့စေရန် ခန်းမထဲတွင် ယာယီနေရာလေး သတ်မှတ်ပေးထား၏။
Xxxxxx