အပိုင်း ၁၂၀
Viewers 16k

Chapter 120


အပြင်ဘက်၌ ခွဲဝေချထားပေးသည့် နေရာအပိုင်းအခြားများ အသီးသီးရှိပြီး စားသောက်ရန်နေရာများကလည်း ၎င်းတို့ထဲတွင် တစိတ်တဒေသ ပါဝင်လေသည်။ အစမှအဆုံးအထိ သန့်ရှင်းရေး မပြုလုပ်ပြီးမီ မည်သူမျှ စိတ်တိုင်းကျ ဝင်ထွက်ခွင့် မရှိသောကြောင့် ကျွင်းချင်ယွီ စီစဉ်နေသည်များ အဆင်ပြေ ချောမွေ့စေရန် ခန်းမထဲတွင် ယာယီနေရာလေး သတ်မှတ်ပေးထား၏။


ရှီခိုင်ရှင်းသည် အပြင်ဘက်တွင် စောင့်ကြပ်ကြည့်ရှုနေပြီးနောက်တွင် သူသည် အကူအညီပေးရန် ရောက်ရှိလာပြီး ပြောလိုက်သည်။


"မဒမ်၊ ကျွန်တော် ကူညီပေးပါရစေ" 


"ရပါတယ် မလိုဘူး" 


ကျွင်းချင်ယွီသည် အပိုင်းအနည်းငယ် ပြုလုပ်၍ ဗန်းတစ်ခုထဲတွင် ထည့်လိုက်ကာ


“ဒါတွေကို ယူသွားပြီး သူတို့ စားလို့ပြီးတဲ့အထိ စောင့်ကြည့်လာခဲ့”


 "ကောင်းပါပြီ"


ဖုယွမ်ချွမ်းသည် ဤနေရာ၌ ယုံကြည်ရသော လက်ထောက်များစွာ မထားခဲ့သဖြင့် ယွီကျစ်မှာ နေရာတစ်ခုချင်းစီအတွက် စီစဉ်မှုပြုရန် တာဝန်ပေးခြင်းခံရပြီးနောက်တွင် ကျွင်းချင်ယွီ ခိုင်းစေရန် လူအနည်းငယ်သာ ကျန်ရှိတော့သည်။


သူသည် အချိန်ယူရန်မှလွဲ၍ တခြား ရွေးချယ်စရာ မရှိဘဲ လူများစွာကိုလည်း တစ်ချိန်တည်းတွင် ဂရုမစိုက်ပေးနိုင်ပါ။


ခန်းမသည် အလွန်တိတ်ဆိတ်နေပြီး မည်သူမျှ အသံမထွက်ကြပေ။ အချိုပွဲများ လာချပေးခြင်းခံရသူများက တိတ်တဆိတ် စားသောက်နေကြပြီး လာချပေးခြင်းမခံရသေးသည့့်သူများမှာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။


ကျွင်းချင်ယွီသည် လုံလောက်နိုင်မည့် ပမာဏကို တွက်ဆပြီး ဒိန်ချဉ် ဝေငှပေးခြင်းကို ရပ်လိုက်၏။


အချို့လူများသည် ဆေးပေးခန်းများထဲတွင် ရှိနေဆဲဖြစ်ပြီး ထွက်မလာနိုင်ကြသေးပါ။ ဉာဏ်ရည်အဆင့်မြင့်သော ဆေးပေးခန်းများသည် ဒဏ်ရာရရှိသူများ၏ အခြေအနေအပေါ် မူတည်၍ ကုသမှုအချိန်ကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။ ဒဏ်ရာက ပို၍ ပြင်းထန်လေ အချိန်ပိုကြာကြာနေရလေ ဖြစ်၏။


ကျွင်းချင်ယွီသည် ဆေးပေးခန်းများတွင်ရှိနေသော လူအရေအတွက်အလိုက် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်ဖျော်ရည်ကို သီးသန့် ပြင်ဆင်ပေးခဲ့သည်။ ယွီကျစ်နှင့် အခြားသူများအတွက်လည်း ဝေစုများ ဖယ်ပေးထားပါသည်။


ရှီခိုင်ရှင်းက ပန်းကန်အလွတ်များဖြင့် ပြန်ရောက်လာပြီးနောက် ၎င်းတို့ကို ချထား၍ ပြောလိုက်သည်။


 "မဒမ် အားလုံး စားပြီးကြပါပြီ"


 "အိုကေ"  


ကျန်ရှိနေသော ပန်းကန်ပြားများကို ဖယ်လိုက်ပြီး ကျွင်းချင်ယွီက သူ၏လက်ကို သုတ်လိုက်သည်။


 “ဒါက မင်းအတွက်”


ရှီခိုင်ရှင်းက တခဏခန့် စဉ်းစားပြီးနောက် ငြင်းဆန်လိုက်သည်။


"ကျွန်တော် မစားတော့ပါဘူး"


အစောပိုင်း၌ တပ်ဖွဲ့ရှိ လူများအား ဝေငှပေးခဲ့စဉ်က ၎င်းတို့ကို စားသောက်ပြီးနောက်တွင် ၎င်းတို့၏ မျက်နှာအမူအရာများသာမက စိတ်စွမ်းအင်များပါ ရုတ်တရက် ငြိမ်သက်အေးချမ်းသွားသည်ကို တွေ့မြင်ခဲ့ရသည်။ ဤအစားအသောက်များကို အချိုပွဲ ဆိုသည်ထက် အသက်ကယ်ဆေးတစ်လက် ဟူ၍သာ ခေါ်ဆိုသင့်ပေသည်။


ရှီခိုင်ရှင်းက သူသည် ဖျားနာ၍ ဝေဒနာများ မခံစားနေရသောကြောင့် ၎င်းကို စားသုံးခြင်းက ဖြုန်းတီးမှုတစ်ခု ဟု ခံစားရလေသည်။ ပို၍ လိုအပ်သည့်သူအား ဝေမျှခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။


"ခုနက ဒီရေကို သောက်လိုက်လို့ သိပ်ပြီး ဒဏ်မခံရတော့ပါဘူး"


ကျွင်းချင်ယွီက ပန်းကန်ကို တွန်း၍ ခပ်ပြတ်ပြတ် ပြောလိုက်သည်။


"စားလိုက်"


 "ဟုတ်"


ရှီခိုင်ရှင်းက နာခံစွာ ယူ၍ စားလိုက်သည်။ အသီးအနှံနှင့် ဟင်းသီးဟင်းရွက် ရောစပ်မှုတွင် ဒိန်ချဉ်ကို မထည့်ထားဘဲ ထိုအစား ရေတွင် စိမ်ထားကာ တစ်လုပ်ခန့် မြည်းကြည့်ရုံဖြင့် ၎င်းရေသည် အစောက သူ့အား တိုက်ခဲ့သည့် ရေနှင့် အတူတူပင်ဖြစ်ကြောင်း ပြောနိုင်သည်။


သူ၏ ဝေစုနှင့်မတူဘဲ အခြားသူများအတွက်က ဒိန်ချဉ်နှင့် ဖြစ်သည်။


ကျွင်းချင်ယွီက မက်မွန်သီးကို လှီးယူကာ စားလိုက်သည်။


"ယွီကျစ်နဲ့ ကျန်တဲ့သူတွေက မပြန်ရသေးဘူးလား"


ရှီခိုင်ရှင်းက ခေါင်းခါလိုက်ပြီး


“မပြန်ရသေးပါဘူး၊ နောက်ဆုံးစစ်ဆေးမှုက တော်တော်လေး ကြာလိမ့်မယ်”


စစ်ဆေးပြီးနောက်တွင် နယ်မြေပိုင်းခြားမှုကို ဖြည်းဖြည်းချင်း ရုတ်သိမ်းသွားမည် ဖြစ်ပြီး ပို၍ သတိထားရန်မှာ အထူး လိုအပ်ပါသည်။ နယ်မြေပိုင်းခြားမှုကို ပယ်ဖျက်ပြီးသည့်အခါမှ တစ်နေရာရာ၌ စက်ရုပ်တစ်ရုပ် ပေါ်ထွက်လာပါက ပြဿနာ ကြီးစွာ တက်ပေလိမ့်မည်။


ကျွင်းချင်ယွီက မက်မွန်သီးကို ကိုက်လိုက်ရင်းမှ တစ်စုံတစ်ခု လွဲချော်နေသည်ကို ဖျတ်ခနဲ ခံစားလိုက်ရပြီး ခေတ္တ ရပ်တန့်ပြီးနောက် သံသယဖြင့် မေးလိုက်သည်။


 “အဲ့ဒီစက်ရုပ်တွေက ဘယ်လို ဝင်လာကြတာလဲ” 


မတော်တဆမှုအပြီးတွင် သူတို့၏ အလွန် လျင်မြန်သည့် အရှိန်အဟုန်ဖြင့် တုံ့ပြန်မှု ပြုလုပ်ခဲ့ပြီး ဤနေရာရှိ လုံခြုံရေးမှာ တင်းကျပ်ကြောင်း ညွှန်ပြထားသော်လည်း ဤသို့အခြေအနေ၌ ထို စက်ရုပ်များသည် မည်ကဲ့သို့ ဝင်ရောက်လာသနည်း။


စက်ရုပ်များသည် ၎င်းတို့၏ စိတ်စွမ်းအင်ကို ဖိနှိပ်ထားနိုင်သော်လည်း ၎င်းတို့၏ အသွင်အပြင်ကိုတော့ လိမ္မာပါးနပ်သော လူသားတစ်ဦးကဲ့သို့ မပြောင်းလဲနိုင်ပါ။


 ဤဂြိုဟ်ပေါ်တွင် တပ်စွဲထားသော တပ်သားများသည် စက်ရုပ်များကို သိပ်ပြီး အသုံးပြုကြလေ့မရှိပေ။ အလွန် ထက်မြက်သော အရာများပင်လျှင် အမှားအယွင်း ပြုလုပ်တတ်သော်လည်း စက်ရုပ်အမြောက်အမြား ဝင်လာခြင်းက လူတိုင်း၏အာရုံကိုတော့ သေချာပေါက် ဆွဲဆောင်နိုင်မည် ဖြစ်ပါသည်။


ထိုသို့သော စက်ရုပ်များကို ၎င်းတို့ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်မီတွင် ရှာဖွေတွေ့ရှိခဲ့သင့်သော်လည်း ၎င်းစက်ရုပ်များနှင့် ပုံမှန်မဟုတ်သည့် အပြုအမူများကို မည်သူမျှ သတိမထားမိခဲ့ကြပေ။


စက်ရုပ်အားလုံးသည် ၎င်းတို့၏ စိတ်စွမ်းအင်ကို စတင် ထုတ်လွှတ်သည့်အချိန်ရောက်မှ မဟုတ်ဘဲ မူမမှန်သည့် တုံ့ပြန်လှုပ်ရှားမှုများ စတင်သည့်အချိန်ကပင် သတိပြုမိသင့်ပါသည်။


 “အခုထိတော့ သေချာ မသိရသေးပါဘူး” 


ရှီခိုင်ရှင်းသည် ထိုကိစ္စအား ယွီကျစ်နှင့် ယခင်က ဆွေးနွေးခဲ့ဖူးသော်လည်း ကောက်ချက်တစ်ခုတော့ မချမှတ်နိုင်ခဲ့ပေ။


"စောင့်ကြည့်ကင်မရာအားလုံးကို ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ။ အဲဒီစက်ရုပ်တွေဟာ လေထဲကနေ ပေါ်လာသလိုပဲ။ ကင်မရာမှတ်တမ်းမှာ ပေါ်လာတဲ့အခါ လူတွေကို ဒုက္ခပေးပြီးနေပြီ”


တခဏခန့် စဉ်းစားပြီးနောက် ရှီခိုင်ရှင်းက ထပ်မံဖြည့်စွက်ကာ ပြောလိုက်သည်။


"ဒီမှာရှိတဲ့ စောင့်ကြည့်ကင်မရာအကုန်လုံးက သာမန် မမြင်နိုင်တဲ့ အစက်အပြောက်သေးသေးလေးတွေကအစ အချက်ပြနိုင်ပါတယ်"


သို့သော် ၎င်းတို့ကို ပုံရိပ်အဖြစ်ပင် မရိုက်ယူထားနိုင်ခဲ့၍ လျှို့ဝှက်ဆန်းကြယ်သော အဖြစ်အပျက်တစ်ခု ကဲ့သို့ မှတ်ယူနိုင်လေသည်။


ကျွင်းချင်ယွီက သူ၏လက်ချောင်းများကို စားပွဲပေါ်တွင် တတောက်တောက်ဖြင့် ခေါက်နေသည်။ မမြင်တွေ့နိုင်သော အစက်အပြောက်များကိုပင် ဖမ်းယူနိုင်သည် ဆိုသော စောင့်ကြည့်ကင်မရာကို သူ မယုံကြည်ပါ။ ဖုချန်းယွီ ထိန်းချုပ်ထားသောနေရာ၌ ထိုသို့သော ကင်မရာများ မရှိဘဲ နေလိမ့်မည်လား။ စောင့်ကြည့်မော်နီတာများပင် ရှိသေးသည့် နေရာ၌။


ထိုမျှသာမက…ထိုအချိန်က စောင့်ကြည့်ကင်မရာနှင့်ပတ်သက်၍ ဝင်ရောက်စွက်ဖက်ရန် သူ၏အခွင့်အာဏာကို အသုံးပြုခဲ့လိမ့်မည်ဖြစ်ပြီး မြင့်မားသော အာဏာပိုင်အဆင့်မရှိဘဲ ထိုသို့ ဝင်ရောက်စွက်ဖက်ရန် ခက်ခဲပေလိမ့်မည်။


ထို့အပြင် စက်ရုပ်များသည် အစောပိုင်း ရက်အနည်းငယ်မှစ၍ ခိုးဝင်ခဲ့ပြီး ယနေ့အချိန်အထိ မလှုပ်ရှားဘဲ နေခဲ့ခြင်းမှာလည်း မဖြစ်နိုင်ပေ။


ကျွင်းချင်ယွီက မေးလိုက်သည်။


"လွန်ခဲ့တဲ့ရက်အနည်းငယ်က ကင်မရာ မှတ်တမ်းတွေကိုရော စစ်ဆေးပြီးပြီလား"


ရှီခိုင်ရှင်းက ခေါင်းညိတ်ပြီး 


"ဟုတ်ကဲ့။ ကျွန်တော် ဒီခုနစ်ရက်အတွင်း မှတ်တမ်းအားလုံးကို စစ်ဆေးပြီးပါပြီ"


မြို့စောင့်တပ်တံခါးမှာ ဖွင့်ချိန် တင်းကျပ်မှုရှိသည်။ ၎င်းကို ခုနစ်ရက်လျှင် တစ်ကြိမ် ဖွင့်လှစ်၍ အခြားသော ဝင်ရောက်မှုများကိုလည်း တင်းတင်းကြပ်ကြပ် စစ်ဆေးပြီး အတည်ပြုလေ့ရှိရာ ဤစက်ရုပ်များစွာသည် တင်းကြပ်သော စစ်ဆေးမှုများနှင့် အတည်ပြုချက်များကို ကျော်ဖြတ်နိုင်မည်မဟုတ်ပေ။


"ဒါဆို စောင့်ကြည့်ကင်မရာနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုပဲ ရှိနိုင်တော့တယ်"  


ကျွင်းချင်ယွီ မျက်လွှာချလိုက်သည်။ စောင့်ကြည့်ကင်မရာသာ အမှန်တကယ် ပြုပြင်တားဆီးမှုခံခဲ့ရပါက ထိုသို့ လုပ်ဆောင်ခဲ့သူ၏ ရာထူးအနေအထားသည် အရေးမပါလှပေ။


ကျွင်းချင်ယွီသည် သူလျှိုကို ဖမ်းမမိနိုင်သော်လည်း မည်သူက သံသယဝင်နိုင်ဖွယ် ဖြစ်ကြောင်း ရှာဖွေပြီး ၎င်းတို့ကို ဦးစွာ ထိန်းချုပ်နိုင်ပါက နောက်ပိုင်းတွင် ပြဿနာများ ဖြစ်ပေါ်လာခြင်းမှ တားဆီးနိုင်မည် ဖြစ်ပါသည်။


ကျွင်းချင်ယွီက နောက်ထပ် မက်မွန်သီးတစ်စိတ်ကို ပါးစပ်ထဲ ထည့်လိုက်ပြီး ခန့်မှန်းရခက်စွာ ပြောလိုက်သည်။


"ယွီကျစ် ပြန်လာတဲ့အခါ စခန်းက ဗိုလ်မှူးအဆင့်နဲ့ အထက်ရှိတဲ့ အရာရှိအားလုံးကို ခေါ်ခိုင်းလိုက်ပါ"


 "ဟုတ်ကဲ့ပါ မဒမ်..."


ရှီခိုင်ရှင်း အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ ရောနှောပြီးသောအခါတွင် ဆေးပေးခန်းမှ ထွက်လာသော လူတစ်ဦးကို တွေ့လိုက်ရသောကြောင့် မေးလိုက်လေသည်။


“မဒမ် ဒါတွေကို သူတို့ဆီ ယူသွားပေးလို့ရမလား” 


"ယူသွားလိုက်ပါ"


"ဟုတ်ကဲ့"


ဆေးပေးခန်းတွင် အချိန်အတော်ကြာ နေခဲ့ရပြီးသည့်နောက် ၎င်းတို့သည် လောကအသက်စွမ်းအင် ကြွယ်ဝသော အရာများကို မစားနိုင်တော့ဘဲ အသီးအနှံနှင့်ဟင်းသီးဟင်းရွက်ဖျော်ရည်အချို့ကိုသာ သောက်သုံးပြီး ပြန်လည် အားအင်ဖြည့်တင်းကြသည်။


တစ်နေကုန်နီးပါး အလုပ်ရှုပ်နေခဲ့ပြီးနောက် ကျွင်းချင်ယွီ၏ ဝိညာဉ်စွမ်းအင် သုံးစွဲမှုက မသေးငယ်ခဲ့ပေ။ သူ့အတွက် သီးသန့်ပိုင်းခြားပေးထားသော နေရာတွင် ရိုးရိုးအိပ်ရာတစ်ခု ရှိပြီး ၎င်းပေါ်တွင် လှဲချ၍ ခေတ္တ အနားယူမိလိုက်သည်။


လေထုအခြေအနေမှာ အလွန် တိတ်ဆိတ်နေသော်လည်း မရင်းနှီးသော ပတ်ဝန်းကျင်ကြောင့် သုသည် ပင်ပန်းနွမ်းနယ်နေသော်လည်း အိပ်မပျော်နိုင်ပေ။ သို့သော်လည်း ဤနည်းဖြင့် သူသည် လောကအသက်စွမ်းအင်အချို့ကို ပြန်လည် ရရှိနိုင်ပါသေးသည်။


 —


ယွီကျစ်နှင့်အခြားသူများ ပြန်ရောက်လာချိန်တွင် အပြင်ဘက်၌ မိုးချုပ်နေပြီ ဖြစ်သည်။


ထိုအချိန်တွင် အစားအစာများ ချက်ပြုတ်ကျွေးမွေးရန် မည်သူမှမရှိတော့ဘဲ ၎င်းတို့သည် ခွန်အားကို ပြန်လည် ဖြည့်တင်းရန်အတွက် အာဟာရ‌ဖျော်ရည်အချို့ကိုသာ သောက်နိုင်တော့သည်။


ရှီခိုင်ရှင်းက နောက်ပြန်လှည့်ကြည့်လိုက်ရာ သီးသန့်ပိုင်းခြားပေးထားသည့် ဧရိယာ၌ လှုပ်ရှားမှု မရှိသေးသည်ကို တွေ့လိုက်ရသောကြောင့် သူ မနိုးသေး ဟု ခန့်မှန်းမိပြီး ယွီကျစ်နှင့်အခြားသူများကို ခေါ်ရန် အလျင်စလို မလုပ်ခဲ့ပေ။


ရှီခိုင်ရှင်းသည် ယွီကျစ်၏နံဘေးတွင် သွားထိုင်၍ မေးလိုက်သည်။


"အပြင်မှာ အခြေအနေ ဘယ်လိုလဲ"


ယွီကျစ်မှာ ဘာပြောရမှန်း သေချာမသိပေ။ သူက ဂရုတစိုက်ဖြင့် ချင့်ချိန်၍ ပြောလိုက်သည်။


“ဒီလိုပါပဲ၊ လေထဲမှာရှိတဲ့ စိတ်စွမ်းအင်တွေကတော့ မပြန့်ပွားသေးဘူး။ လောလောဆယ် နယ်မြေပိုင်းခြားမှုကို မရုတ်သိမ်းသေးဘဲ အခြေအနေကို စောင့်ကြည့်ဖို့ ရည်ရွယ်ထားပါတယ်"


"ဒါပေမယ့် မြေပြင်ပေါ်မှာရှိတဲ့ စက်ရုပ်အားလုံးက ပျက်စီးသွားပြီး အထဲမှာ ကျန်နေတာ တစ်ခုပဲ ရှိတော့တယ်"


သတင်းကောင်းကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါသည်။


ထိုစက်ရုပ်များ၏ စိတ်စွမ်းအင်သည် ဖောက်ပြန်ပျက်စီးလွန်းနေပြီး သာမန်တိုက်ခိုက်မှုတွင် ၎င်းတို့ကို မယှဉ်နိုင်ပေ။


သို့သော် စိတ်စွမ်းအင် တိုက်ခိုက်မှုမှာ အောက်ဆီဂျင်ကို ရှူသွင်းခြင်းနှင့် ညီမျှသည်။ ၎င်းတို့သည် ရှေ့သို့တိုးလာပြီး အောက်ဆီဂျင်ပြွန်ကို ကိုက်ဆွဲလာသောအခါ မည်သို့ ပြန်လည် တိုက်ခိုက်နိုင်မည်နည်း။


ယွီကျစ်က သက်ပြင်းချလိုက်ပြီး


"သူ ဒီမှာရှိနေလို့ တော်သေးတာပေါ့။ မဟုတ်ရင် ဒီစက်ရုပ်တွေ မရှိတော့ဘူးဆိုရင်တောင် ငါတို့မှာ သေချာပေါက် လူအများကြီး ကျန်နေတော့မှာ မဟုတ်ဘူး"


"အမှန်ပဲ.. နောက်ထပ် အသေးစိတ် ပြောပြပါဦး"  


ရှီခိုင်ရှင်းသည် သူတို့နှင့် တခဏ အတူထိုင်နေပြီးနောက် ပြောလိုက်သည်။ 


“မင်းတို့ အနားယူပြီးရင် ငါ့ကို အသိပေး။ မဒမ်က မင်းတို့အားလုံးနဲ့ စကားပြောချင်နေတယ်”


ယွီကျစ်သည် ထိတ်လန့်သွားပြီး


 "ဘာဖြစ်လို့လဲ"


ရှီခိုင်ရှင်းက ခေါင်းယမ်းလိုက်သည်။


"ဗိုလ်မှူးအဆင့်နဲ့ အထက်ရှိတဲ့ သူတွေအားလုံး လာတွေ့ရမယ်လို့ ပြောတာပဲ"


ယွီကျစ်သည် အလျင်အမြန် အပြင်ထွက်ပြီး အော်ပြောလိုက်သည်။


"ဗိုလ်မှူးအဆင့်နဲ့ အထက်ရှိတဲ့ သူတွေအားလုံး ကျွန်တော့်ဆီ လာခဲ့ကြပါ" 


ဒဏ်ရာရသူများထဲတွင် သက်ဆိုင်ရာ ရာထူး ရှိသူများလည်း ပါဝင်လေသည်။ လူအုပ်စုသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ လျှောက်လာကြသည်။


ယွီကျစ်သည် သူတို့ကို တစ်ချက်ကြည့်၍ လူအရေအတွက်အား အကြမ်းဖျင်း ရေတွက်ပြီး ကျွင်းချင်ယွီထံ မပို့ဆောင်မီ လူစုံတက်စုံ ရှိနေကြောင်း အတည်ပြုလိုက်သည်။


သီးသန့် ပိုင်းခြားထားသော ဧရိယာသည် လူများစွာ မဆန့်နိုင်သောကြောင့် သူတို့သည် ရောက်ရှိလာပြီးနောက် တံခါးဝတွင်သာ ရပ်နေနိုင်လေသည်။


ခန်းမထဲတွင် ထိုင်နေကြသူများလည်း နားလည်ရခက်နေကြသည်။ အထွေထွေအစည်းဝေး ကျင်းပရန် အကြောင်းပြချက်တစ်ခုတည်းဖြင့် သူတို့၏ အထက်အရာရှိက သူတို့အား ခေါ်ယူခဲ့သည်လား။


ရှီခိုင်ရှင်းသည် သူတို့၏ သံသယများကို မဖြေရှင်းခဲ့ဘဲ တံခါးခေါက်ရန် ပြင်လိုက်စဉ် အတွင်းမှ တံခါးပွင့်လာလေသည်။


တုံ့ပြန်သည့်အနေဖြင့် ရှီခိုင်ရှင်းက ပြောလိုက်သည်။


"မဒမ်၊ အားလုံး ရောက်နေကြပါပြီ"


ရောက်ရှိ‌နေသည့် ၁၅ဦး အနက်တွင် ရှီခိုင်ရှင်းနှင့် ယွီကျစ် တို့သည် စစ်ဘက်ရာထူးအမြင့်ဆုံး ဖြစ်၏။


"မဒမ်?" 


ရှီခိုင်ရှင်းသည် တိတ်ဆိတ်ငြိမ်သက်မှုကိုသာ ကြုံတွေ့လိုက်ရပြီး ကျွင်းချင်ယွီက ၎င်းတို့ကို ငြိမ်သက်စွာ စိုက်ကြည့်နေသည်။ ဤသို့ ကြည့်နေရုံမျှဖြင့် မည်သူ့အား မေးခွန်းထုတ်သင့်၍ မည်သူ့ကိုတော့ မထုတ်သင့်ဆိုသည်ကို မပြောနိုင်ပေ။


ကျွင်းချင်ယွီသည် လက်ကို မြှောက်၍ စကားအများကြီး မပြောဘဲ သူ အစောက ပြင်ဆင်ထားသော သစ်သီးနှင့်ဟင်းသီးဟင်းရွက်ဖျော်ရည်များဘေးမှ ဖြတ်လျှောက်သွားသည်။


ရှီခိုင်ရှင်းသည် သစ်သီးနှင့် ဟင်းသီးဟင်းရွက်ဖျော်ရည်များကို ယူကာ ၎င်းတို့ကို ဝေငှလိုက်သည်။


ကင်းလှည့်ရာမှ ယခုလေးတင် ပြန်ရောက်လာသူ အများစုသည် ယခင်က မမြည်းစမ်းဖူးကြပေ။ တစ်ငုံ သောက်ပြီးသည်နှင့် တစ်စုံတစ်ယောက်က သိချင်စိတ်ပြင်းပြစွာ ပြောလိုက်လေသည်။


"ဒီသစ်သီးနဲ့ ဟင်းသီးဟင်းရွက်ဖျော်ရည်က အရင်က သောက်ဖူးတဲ့ အရသာနဲ့ မတူဘူး"


"အရသာရှိပြီး အရမ်း လန်းဆန်းစေတာပဲ"


"သခင်လေး ကိုယ်တိုင် ဖျော်ထားတာလား၊ သခင်လေး အချိုပွဲဆိုင် ဖွင့်ထားတယ်လို့တော့ ကြားဖူးတယ်၊ ကျွန်တော်ကတော့ တန်းစီးနေတဲ့ လူတန်းအရှည်ကြီးထဲ တစ်ခါမှ မတိုးနိုင်ခဲ့ပါဘူး၊ နောက်တစ်ခေါက် ထပ်သွားချင်တဲ့အခါကျတော့ ဆိုင်ပိတ်သွားတယ်၊ အား... တကယ် နှမြောစရာပဲ"


 ……


Xxxxxxx