အပိုင်း ၁၂၁
Viewers 18k

Chapter 121


ကျွင်းချင်ယွီက သူတို့၏ တုံ့ပြန်မှုများကို အကဲခတ်ကြည့်သောအခါ ပုံမှန်မဟုတ်သော အမူအရာ တစ်ခုမှ မတွေ့ရချေ။ ထို့အတွက် သူတို့ထဲမှတစ်ဦးက ဖြစ်နိုင်သည့်အချက်အား ပယ်ချလိုက်သည်။


ဆိုလိုခြင်းမှာ အဓိကတရားခံက လူသား ဟူသည့် သဘောပင်။


ကျွင်းချင်ယွီ မျက်ခုံးတွန့်လိုက်မိသည်။ သူသည် အလွန်အရေးကြီးသော အချက်အလက်အချို့ကို သတိမမူမိခဲ့ပုံ ရ၏။


သူတို့ သောက်နေသည်ကို ကြည့်ရှုပြီးနောက် ရှီခိုင်ရှင်းသည် စမ်းသပ်ဖန်ပြွန်များကို တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းယူလိုက်သည်။


ကျွင်းချင်ယွီက စကားတစ်ခွန်းမှ မပြောဘဲ နေရာတွင် ရပ်ပြီး တံခါးပေါက်ဝ၌ ပိတ်ဆို့ထားခြင်းက လူအများကို စိတ်မသက်မသာ ဖြစ်စေသည်။ တစ်စုံတစ်ယောက်သည် မနေနိုင်ဘဲ မေးလိုက်၏။


“အရှင်က ကျွန်တော်တို့ကို ဘာလုပ်ဖို့ ‌ခေါ်တာလဲ” 


“အခုလို ခေါ်ရတဲ့ ရည်ရွယ်ချက်က သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ဖျော်ရည် တိုက်ဖို့ပဲလား၊ ကျွန်တော်တို့လည်း ဒီစစ်ပွဲကြောင့် ပင်ပန်းမှုဖိအားဒဏ်တွေ အများကြီး ခံနေရတယ်၊ တခြား ဘာမှ ထွေထွေထူးထူး မရှိဘူးဆိုရင် ကျွန်တော်တို့ နေရာကို ပြန်လို့ရနိုင်မလား”


"အခုဟာက ညဘက် လမ်းပေါ်မှာ ကင်းလှည့်နေရတဲ့လူလိုပဲ အချိန်ကို အလဟဿ ဖြုန်းနေရတယ်"


ကျွင်းချင်ယွီ တစ်ခွန်းမှ ပြန်‌မပြောရသေးမီ ရှီခိုင်ရှင်းက ဦးစွာ ထိုလူကို တစ်ချက် ကြည့်လိုက်ပြီး


 “ပါးစပ်ပိတ်ထားလိုက်ရင် ကောင်းမယ်”


တစ်ဖက်လူက ပခုံးတွန့်လိုက်ပြီး ဆက်မပြောတော့ချေ။


ထိုစကားများကို ကြားလိုက်ရသည့်အခါ ကျွင်းချင်ယွီ အံ့သြသွားလေသည်။ လက်ရှိ စစ်ပွဲအခြေအနေမှာ တင်းမာလျက်ရှိ၏။ သူတို့ဟာ ယခုအချိန်၌ ကြယ်တာရာတိုက်ပွဲများကြားတွင် ရှိနေကြသေးသည်လား။


မူလဇာတ်လမ်းတွင် ဖုယွမ်ချွမ်း၏ တပ်သား အမှတ်တံဆိပ်မှာ ခိုးယူခြင်းခံခဲ့ရပြီး စစ်ပွဲများအပါအဝင် နောက်ဆက်တွဲ အကျိုးဆက်များ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့သည်။


လော‌‌လောဆယ်တွင် အမှတ်တံဆိပ်သည် နေရာ၌ ရှိနေသေးသော်လည်း ဖုယွမ်ချွမ်း၏နံဘေးရှိ ပုန်းကွယ်နေသည့်လူကို လုံးဝ ရှာမတွေ့နိုင်သေးပေ။


ထိုအချိန်က ဖုယွမ်ချွမ်း၏ 'သူငယ်ချင်း' ဟူသည့် လူတစ်ဦးဦး လက်ချက်လည်း ဖြစ်နိုင်ပေသည်။


သို့သော်…


ကျွင်းချင်ယွီသည် သူ၏ရှေ့မှ လူများကို စေ့စေ့စပ်စပ် ကြည့်လိုက်သော်လည်း မည်သူမှ ငွေရောင်ဆံပင် မရှိကြပေ။


 သူ ထပ်မံ၍ အမှတ်မှားခဲ့ခြင်းလား။ မူလဇာတ်လမ်း၏ ဇာတ်ကွက်တစ်ခု ပျောက်ကွယ်သွားခဲ့သောကြောင့် ဤဇာတ်ညွှန်းအကြောင်းအရာပါ မရှိတော့သည်လား။


ထိုအတွင်းလူသည် 'ငွေရောင်ဆံပင်ရှိ‌သောသူငယ်ချင်း' ဟူသည့် အချက်နှင့် လုံးလုံး မသက်ဆိုင်ခြင်းလည်း ဖြစ်နိုင်သည်။


ယေဘုယျအားဖြင့် ပြောရလျှင် စာအုပ်တစ်အုပ်ချင်းစီတိုင်းသည် ကမ္ဘာ‌မြေတစ်ခုနှင့် ညီမျှပြီး စာအုပ်ထဲတွင် မှတ်သားထားသည့်အရာများက မူရင်း ဇာတ်ကြောင်းမှ မသွေဖည်သွားရန် ပြုပြင်ပေးသည်။ ဤကဲ့သို့ အရေးကြီးသော အဓိကဇာတ်ကွက်သည် လွယ်လွယ်ကူကူပင် ပျောက်ကွယ်သွားနိုင်မည်လား။


ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကျွင်းချင်ယွီသည် ၎င်းတို့ကြားတွင် စမ်းသပ်ပစ္စည်းတစ်ခုခုအား အသွင်ဖျက်၍ ယူဆောင်ထားခြင်း ရှိ၊မရှိ ဂရုတစိုက် စစ်ဆေးရန် ရည်ရွယ်ချက်ဖြင့် လောကအသက်စွမ်းအင်ကို တည်ငြိမ်စွာ ထုတ်လွှတ်လိုက်လေသည်။


သို့သော်လည်း သူ၏ လောကအသက်စွမ်းအင် ထုတ်လွှတ်ခြင်း၏ တုံ့ပြန်မှုအရ ၎င်းတို့ထဲမှ တစ်‌ယောက်ကို ခြေရာခံမိသော်လည်း စမ်းသပ်ပစ္စည်းကိုမူ ရှာမတွေ့ခဲ့ပေ။


သူ၏ လက်ချောင်းများ ရပ်တန့်သွားလေသည်။ ရင်းနှီးပြီးသား မျက်နှာတစ်ခု သို့မဟုတ် အနည်းဆုံး သူ အရင်က မြင်တွေ့ခဲ့ဖူးသော မျက်နှာတစ်ခုက ကျွင်းချင်ယွီ၏ အကြည့်အား မရည်ရွယ်ဘဲ ဖမ်းစားလိုက်သည်။


အချိန် အနည်းငယ် စဉ်းစားလိုက်ပြီး ကျွင်းချင်ယွီသည် သူ၏ လောကအသက်စွမ်းအင်ကို ပြန်လည် ရုပ်သိမ်းပြီးနောက် ကြေညာလိုက်သည်။


"ဖုယွမ်ချွမ်းနဲ့ ပိုပြီး ရင်းနှီးတဲ့သူတွေ ကျန်နေခဲ့ပါ"


ထိုစကားထွက်လာသည်နှင့်တပြိုင်နက် လူတိုင်း အံသြသွားကြသည်။


 ၎င်း…၎င်းက မည်သည်ကို ဆိုလိုပါသနည်း။


ရှီခိုင်ရှင်းက လျင်မြန်စွာ တုံ့ပြန်လိုက်သည်။


"ဒေသခံ တပ်ဖွဲ့ခရိုင်ကလူတွေ ပြန်ပြီး အနားယူနိုင်ပါပြီ"


ဖုယွမ်ချွမ်း၏တပ်ဖွဲ့ဝင်များအပြင် ကျွင်းချင်ယွီ၏ စကားကို မလိုက်နာဘဲ ကျန်ရစ်နေခဲ့သည့် ဒေသခံအချို့လည်း ရှိပါသေးသည်။


ဒေသခံအများစုကမူ တစ်ခွန်းမှ မပြောသွားကြကာ မေးခွန်းများလည်း ပြန်မထုတ်ဘဲ ထွက်သွားကြသည်။


ကျန်ရစ်ခဲ့သူများမှာ ဖုယွမ်ချွမ်း ရွေးချယ်ခေါ်ဆောင်လာခဲ့သူများ ဖြစ်ပြီး ၎င်းတို့အား အလွန်အမင်း မရင်းနှီးသော်လည်း အနည်းဆုံး သူ၏လက်အောက်ငယ်သားများ ဟူ၍ ယူဆနိုင်ပါသည်။


ထိုသူများသည် ဖုယွမ်ချွမ်း၏ 'သူငယ်ချင်း' အမျိုးအစားနှင့် အံဝင်ခွင်ကျ မဖြစ်သည့်အပြင် သူတို့၏ ဆံပင်များမှာလည်း...


ငွေရောင်၊ အညိုဖျော့ဖျော့‌အရောင်များနှင့်ပင် မနီးစပ်နေပါ။


လူ အများအပြား ကျန်နေခဲ့ကြပြီးနောက် ကျွင်းချင်ယွီသည် အကြည့် မလွှဲနိုင်တော့ပေ။ လူတစ်ယောက်မှာ သူ၏အကြည့်ကြောင့် အနည်းငယ် ထိတ်လန့်သွား၍လား မသိ... သူ၏နှာခေါင်းကို ပွတ်၍ အနေရခက်စွာ မေးလိုက်သည်။


“မဒမ်... ကျွန်တော့်ကို ဘာလို့ စိုက်ကြည့်နေတာလဲ” 


ရှီခိုင်ရှင်းသည် ထိုလူ၏နံဘေး၌ ယွီကျစ် ရပ်လျက်ရှိနေသည်ကို တွေ့သောအခါ ကျွင်းချင်ယွီ၏ အပြုအမူအတိုင်း ထိုလူအား အချိန်မရွေး ဖမ်းချုပ်နိုင်ရန် အသင့်ပြင်ထားလိုက်သည်။


 ကျွင်းချင်ယွီက သွယ်ဝိုက်ကာ ပြောလိုက်သည်။


"ဒီဆံပင်အရောင်က ခင်ဗျားနဲ့ သိပ်ပြီး ကြည့်ကောင်းတယ် မထင်ရဘူးနော်၊ ငွေရောင် ဆိုးလိုက်ရင် ပိုကောင်းသွားလောက်မယ်"


ထိုလူက အေးခဲသွားပြီး


 "ဟမ်"


ထိုလူ၏ နားလည်ရခက်သွားသည့်ပုံစံကို လျစ်လျူရှု၍ ကျွင်းချင်ယွီက တည်ငြိမ်စွာဖြင့် ဆက်ပြောလိုက်သည်။


"သူ့ကို ဖမ်းလိုက်"


ရှီခိုင်ရှင်းသည် ထိုလူ၏ ဘယ်ဘက်လက်ကောက်ဝတ်တွင် အီလက်ထရွန်းနစ် လက်ထိတ် ခတ်ရန် သူ၏လက်ကို ချက်ချင်း ဆန့်ထုတ်လိုက်ပြီးနောက် ထိုလူကလည်း သူ့အား တားဆီးနိုင်ရန် လက်ကို မသိစိတ်မှ မြှောက်လိုက်မိသည်။ ရှီခိုင်ရှင်းသည် ထိုအခြေအနေကို အခွင့်ကောင်းယူကာ အီလက်ထရွန်းနစ်လက်ထိတ်အား ထိုလူ၏ညာဘက်လက်ကောက်ဝတ်တွင် ခတ်လိုက်ကာ နောက်ဘက်သို့လှည့်၍ ဂုတ်မှတဆင့် ဖမ်းချုပ်ထားလိုက်၏။


သုံးစက္ကန့်အတွင်းပင် ရှီခိုင်ရှင်းသည် ထိုလူအား ကြမ်းပြင်ပေါ်တွင် ခိုင်မြဲစွာ ချုပ်ထားလိုက်သည်။


ယွီကျစ်သည် အချိန်တခဏခန့် ထိတ်လန့်သွားပြီး


 "မ... မဒမ်"


လေထုအခြေအနေတစ်ခုလုံးက တိတ်ဆိတ်နေ‌သောကြောင့် ခန်းမအတွင်းရှိ လူအများအပြားသည် ပုံမှန်မဟုတ်သည့် အခြေအနေကို သတိပြုမိကာ သတိအနေအထားဖြင့် ကြည့်ရှုလာကြသည်။


"မဟုတ်သေးပါဘူး... မဒမ် ကျွန်တော့် ဆံပင်အရောင်ကို မနှစ်သက်ရုံနဲ့ပဲ ဒီလိုတော့..."


"ခင်ဗျားကို ခင်ဗျား ပြန်ကြည့်ဦး၊ ဆံပင် အရောင်ဆိုးမယ် ဆိုပြီး ပြောနေတာ ကြာလှပေမယ့် အခုထိ အပျင်းကြီးပြီး မဆိုးရသေးဘူး"


“အဲ့ဒီတော့… အညိုရောင်ဆံပင် မထားရဘူး ဆိုတဲ့ စစ်ဥပဒေ ရှိလို့လား”


လူအများစုမှာ ထိုကိစ္စကို အသေအချာ မစဉ်းစားဘဲ တီးတိုးပြောနေကြပြီး ‌အားလုံးက ဟာသအဖြစ်သာ မှတ်ယူလိုက်ကြသည်။ မည်သို့ပင်ဆိုစေကာမူ ဆံပင်အရောင်ကို မနှစ်သက်သောကြောင့် တစ်စုံတစ်ဦးကို ဖမ်းဆီးခြင်းသည် တရားမျှတမှု မရှိနိုင်ပေ။


ကျွင်းချင်ယွီသည် မှတ်ချက်ပေါင်းများစွာထဲမှ စကားတစ်ခွန်းကို တိတိကျကျ ကောက်နှုတ်လိုက်ပြီး 


"သူက ဆံပင် အရောင်ဆိုးချင်ခဲ့တာလား"


“ဟုတ်ပါတယ်၊ သူက ဟိုးအရင်တည်းက အရောင်ဆိုးချင်ခဲ့ပေမယ့် အချိန်မရှိခဲ့လို့၊ ‌တကယ်လို့ အရှင် မကြိုက်ဘူးဆိုရင် ကျွန်တော် လိုင်းပေါ်ကနေ ဆံပင်ဆိုးဆေးဘူးဝယ်ပြီး သူ့ကို ဆိုးပေးလိုက်မယ်လေ”


ကျွင်းချင်ယွီက တွေးတွေးဆဆဖြင့် မျက်ခုံးတစ်ဖက် ပင့်မိလိုက်သည်။


မူရင်းဇာတ်လမ်းထဲတွင် စစ်ပွဲအား လှုံ့ဆော်ခဲ့သည့်သူအား ငွေရောင်ဆံပင်ရှိသည့်သူငယ်ချင်းအဖြစ်သာ ဖော်ပြခဲ့ပြီး ပြန်လည်မွေးဖွားလာပြီးနောက်တွင် ကျွင်းချင်ယွီသည်လည်း ထို 'သူငယ်ချင်း' ဆိုသည့် လူအား ဆံပင်အရောင်ကို ဂရုတစိုက် လိုက်ကြည့်၍ ရှာဖွေလျှင် လွယ်ကူလျင်မြန်စွာ ရှာတွေ့လိမ့်မည်ဟု ထင်ထားခဲ့သောကြောင့် ရလဒ်အနေဖြင့် ယခုအချိန်အထိ ထိုလူအား ရှာမတွေ့ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။


သို့သော် ဇာတ်အိမ်သည် ဆံပင်အရောင်မဆိုးထားရခြင်းကို ပြောင်းလဲသွားခဲ့လေသည်။


ဇာတ်ကွက် အပြောင်းအလဲကြောင့် အချိန်နှင့်နေရာ အသေးစိတ်အချက်အလက်များမှာလည်း ကွဲလွဲသွားခဲ့ခြင်း ဖြစ်သည်။


သူ မူလတည်းက 'ငွေရောင်ဆံပင်' ဟူသည့် အချက်အပေါ်၌သာ အလွန်အမင်း မစွဲလမ်းသင့်ခဲ့ချေ။


၎င်းအချက်ကို ရုတ်တရက် သဘောပေါက်မိသွားသော ကျွင်းချင်ယွီ (မု ရိုက်နောင်း)


 "……"


မူရင်းဇာတ်လမ်းအား ရေးသားခဲ့သည့် စာရေးဆရာ မည်သူမှန်းသာ သိလျှင် ချက်ချင်း သူ၏ခေါင်းကို ဖြတ်ပစ်လိုက်ချင်မိသည်။


ကျွင်းချင်ယွီသည် မျက်တောင်တစ်ချက်မခတ်ဘဲ သူ၏စိတ်ခံစားချက်များကို ဖုံးကွယ်ထားလိုက်သည် ရှီခိုင်ရှင်းသည်လည်း ထိုလူကို လွှတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။


"ယွမ်ချွမ်းက သူနဲ့ပတ်သက်ပြီး ပြန်ဖြေရှင်းမပေးချင်း သူ့ကို နောက်ဖေးခန်းထဲ ဆွဲထည့်ပြီး သော့ခတ်ထားလိုက်"


ရှီခိုင်ရှင်းက ချက်ချင်း ပြန်ဖြေသည်။


 "ဟုတ်ကဲ့"


ယွိမန်ချင်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး


"ဘာ အကြောင်းပြချက်နဲ့လဲ၊ မင်း စိတ်ရော မှန်သေးရဲ့လား၊ မင်းက ငါ့ဆံပင်အရောင်ကို မကြိုက်တာနဲ့ပဲ ငါ့ကို အကျဉ်းချထားမယ်ပေါ့‌လေ၊ ငါ မာရှယ်နဲ့ပဲ စကားဆက်ပြောမယ်၊ ဒီကိစ္စကို မင်းတို့ ကစားချင်သလိုကစားလို့ရတဲ့ ကလေးကစားစရာလို့များ ထင်နေတာလား "


ယွိမန်ချင် တစ်ဦးတည်းသာ မကျေမနပ်ဖြစ်နေခြင်း မဟုတ်ဘဲ အခြားသူများလည်း နားမလည်နိုင်ပေ။ သူတို့၏ အမြင်တွင် ယွိမန်ချင်သည် ရဲဘော်ရဲဘက်တစ်ဦး ဖြစ်သောကြောင့် ကျွင်းချင်ယွီ၏အမိန့်အတိုင်း သူ့အား ဆွဲခေါ်သွားရန် သေချာပေါက် ခွင့်မပြုနိုင်ပေ။


ကျွင်းချင်ယွီသည် မည်သည့်ရှင်းပြချက်မှ ထပ်မပေးဘဲ


 "ရှီခိုင်ရှင်း"


 “ဟုတ်ကဲ့”


"သူ့အပြင်အင်္ကျီရဲ့ ဘယ်ဘက်အိတ်ကပ်ကို ရှာကြည့်လိုက်"


ယွိမန်ချင်သည် အမူအရာ ပြောင်းလဲသွားပြီး 


"မင်းတို့ ဘာကို ရှာမှာလဲ၊ လူ့အခွင့်အရေးဆိုတာ နားမလည်ဘူးလား၊ မင်းတို့ ရှာချင်တိုင်း ရှာလို့ရမယ် ထင်နေကြတယ်ပေါ့လေ၊ငါ့ကို လွှတ်စမ်း"


 "မဒမ်၊ ဒါ မသင့်တော်ဘူးနော်"


"ဒါက ဘယ်လို အခြေအနေကြီးလဲ... တစ်ခုခုပြောပါဦး အစ်ကိုယွီရယ်"


ရှီခိုင်ရှင်းသည် ကျွင်းချင်ယွီ၏အမိန့်အတိုင်း လုပ်ဆောင်နေသည်ကို လူတိုင်း မြင်လိုက်ကြပြီး တီးတိုးဆက်မပြောကြတော့ဘဲ ယွီကျစ်ဘက်သို့ အာရုံပြောင်းသွားကြသည်။


ယွီကျစ်သည် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်သေးပေ။ အချိန်တခဏခန့် စဉ်းစားပြီးမှ သူ ပြောလိုက်သည်။


"မဒမ်.. ဒါက ဘယ်လိုဖြစ်..."


သူ၏စကားမဆုံးခင်၌ ရှီခိုင်ရှင်းသည် ယွိမန်ချင်၏အိတ်ကပ်ထဲမှ တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်လေသည်။ ၎င်းက သစ်သီးနှင့် ဟင်းသီးဟင်းရွက်ဖျော်ရည် လက်ကျန်တဝက်ပင်။


သစ်သီးနှင့် ဟင်းသီးဟင်းရွက်ဖျော်ရည်များကို သူ့အချိန်နှင့်သူ ဝေငှပေးခဲ့ပြီး သွယ်ဝှက်ယူဆောင်ထား၍မရပေ။ ဤသည်မှာ ကန့်သတ်ပိုင်းခြားထားသော နယ်နိမိတ်ထဲရှိ စည်းမျဉ်းတစ်ခု ဖြစ်သည်။ ၎င်းကို သူတို့လည်း မသိဘဲနေမည် မဟုတ်ပါ။


သစ်သီးနှင့်ဟင်းသီးဟင်းရွက်ဖျော်ရည်မှာ အိတ်တဝက်စာသာရှိပြီး အခြားသူများ၏အမြင်တွင် ကြီးမားသည့် ပြဿနာမဟုတ်သော်လည်း တစ်ငုံစာခန့်ပင် ဖြစ်စေကာမူ ခိုးယူမှု ဖြစ်ပါသည်။


အချိန်ခဏကြာသည်အထိ အားလုံး တိတ်ဆိတ်သွားကြသည်။


ကျွင်းချင်ယွီသည် သူ၏လက်ချောင်းထိပ်ကို ကွေး၍ ကွန်ပျူတာကို နှစ်ကြိမ်ခန့် ပုတ်လိုက်ပြီး


"ခင်ဗျားကို ဖြေရှင်းချက်ပေးဖို့အတွက် စကားသုံးခွန်း ပြောခွင့် ပေးမယ်"


"ငါက ဘာကိစ္စ ဖြေရှင်းချက် ပေးရမှာလဲ"


 "တစ်ခွန်း"


"ငါ တစ်ငုံသောက်ပြီး အိတ်ကပ်ထဲ ခဏထည့်ထားတာ၊ မင်း ဘာလုပ်​ချင်​လဲ"


 "နှစ်ခွန်း"


"အခု မကုန်တော့တဲ့အတွက် နောက်ကျရင် ပြန်​​သောက်​ချင်​လို့ ယူထားတာလေ၊ အဲ့တာ ပြသနာရှိလို့လား"


 "သူ့ကို ဆွဲထုတ်သွားလိုက်"


ရှီခိုင်ရှင်းသည် ယွိမန်ချင်ကို ဆွဲခေါ်ရန်ပြင်လိုက်ပြီး သူသည် အော်ဟစ်၍ ရုန်းကန်ရန်အပြင် မတတ်နိုင်ပေ။


"ခဏနေဦး ... ငါ ပြောစရာ ရှိသေးတယ်၊ မင်းက ဘာမို့လို့.."


 "ဗိုလ်ကြီး ယွိ"


ကျွင်းချင်ယွီက သူ့စကားကိုဖြတ်၍ ပြောလိုက်သည်။


"လောလောဆယ်မှာ အဖွဲ့ချုပ်ရဲ့ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ခင်ဗျားရဲ့ သရုပ်မှန်ကို မဆုံးဖြတ်နိုင်သေးပေမယ့် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ဖျော်ရည်ကို ကိုယ်ရေးကိုယ်တာအတွက် ခိုးယူမှုနဲ့ ခင်ဗျားကို ထိန်းသိမ်းပိုင်ခွင့် ကျွန်တော့်မှာ ရှိတယ်၊ ဒီစစ်ပွဲ မပြီးမချင်း ဘယ်သူနဲ့မှ အဆက်အသွယ်လုပ်ဖို့ မစဉ်းစားပါနဲ့"


ယွိမန်ချင်၏အမည်ကို လျှို့ဝှက်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ထောက်ပြရခြင်းမှာ အခြားလူများကို သဲလွန်စသက်သေမရှိဘဲ ၎င်းတို့၏ ညီအစ်ကိုအား ထိန်းသိမ်းသွားသည်ဟု မထင်မှတ်စေရန်နှင့် မလုပ်သင့်သောအရာများ မလုပ်မိစေရန် ရည်ရွယ်ချက်ဖြင့် ဖြစ်ပါသည်။


ယွိမန်ချင်သည် ရုတ်တရက် ထိုစကားကြောင့် တုန်လှုပ်သွားပြီး


"မင်းကိုယ်မင်း ဧကရီ ဆိုပြီး လူတိုင်းအပေါ် စွပ်စွဲချင်တိုင်း စွပ်စွဲလို့ရမယ် ထင်နေတာလား၊ မင်းမှာ သက်သေ ရှိလို့လား”


သေချာပေါက်ပင် ကျွင်းချင်ယွီထံတွင် သက်သေအထောက်အထား မရှိပေ။ သစ်သီးနှင့် ဟင်းသီးဟင်းရွက်ဖျော်ရည်အား ခိုးယူမှုတစ်ခုတည်းကိုသာ ပုံချနေရခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် ပြောရလျှင် တော်ဝင်စစ်သည်တော်များသည် အလွန် စည်းကမ်းလိုက်နာကြသူများဖြစ်၍ ၎င်းတို့အား သစ်သီးနှင့် ဟင်းသီးဟင်းရွက်ဖျော်ရည်များကို အချိန်အကန့်အသတ်နှင့်သာ ဝေငှပေးခြင်းဖြစ်ပြီး—အချိုပွဲပင်ဖြစ်စေကာမူ ကိုယ်ရေးကိစ္စများအတွက် ယူဆောင်သွား၍ မရဟု အတိအလင်း ဖော်ပြထားသောကြောင့် သူတို့အနေဖြင့် ဤသို့သော ကိစ္စမျိုးကို ကျူးလွန်ရန် ဖြစ်နိုင်ချေမှာ နည်းပါးလွန်းပါသည်။


သူ၏သရုပ်မှန်မှာ သံသယဖြစ်ဖွယ် ကောင်းလှသည်။ သူက စောင့်ကြည့်ကင်မရာများကို ပိတ်ဆို့ကာ စက်ရုပ်များကို ဝင်ခွင့်ပြုခဲ့ခြင်း ဖြစ်နိုင်ပြီး ကျွင်းချင်ယွီသည် မူရင်းဇာတ်လမ်းကို ကိုးကား၍ ထိုအမှုကို ဖော်ထုတ်နိုင်သွား၏။


မည်သို့ပင်ဆိုစေ သက်သေအထောက်အထားမရှိခြင်းကတော့ အမှန်ပင် ဖြစ်ပါသည်။


ကျွင်းချင်ယွီက ဩဇာအပြည့်ဖြင့် မေးလိုက်သည်။


"ဒီစီရင်ချက်က ငါ့ရဲ့ အမိန့်နဲ့မခြားဘူး၊ ငါ ကိုယ်တိုင်ပဲ ဆုံးဖြတ်ထားတာ၊ ဧကရာဇ် ကြင်ယာတော်ရဲ့အမိန့်ကို အာခံမယ်ဆိုရင် ခင်ဗျားကို ထိန်းသိမ်းဖို့ အကြောင်းပြချက် ထပ်ပြီး လိုသေးလား"


ကျွင်းချင်ယွီသည် ယခုအချိန်၌ တစ်ဖက်လူအား သူလျှိုအဖြစ် စွပ်စွဲရန် ရည်ရွယ်ချက် မရှိသေးဘဲ သူ့ထံတွင် ပိုမို ကောင်းမွန်ပြီး ကျိုးကြောင်းဆီလျော်သော နည်းလမ်း ရှိသည်။ လူတစ်ယောက်အား ကိုယ်တိုင် ဝန်ခံလာစေရန် ထွေထွေထူးထူး လုပ်ဆောင်ရန် မလိုပေ။


ယွိမန်ချင်သည် သူ၏ပါးစပ်ကို ဟလိုက်ပြီးခါမှ ပြန်ပိတ်သွားသည်။ လျှို့ဝှက်ကိုယ်စားလှယ်တစ်ဦးအတွက် ကျွင်းချင်ယွီ၏စကားသည် ထိတ်လန့်ဖွယ်ရာဖြစ်ပြီး သူ့အတွက် ငြင်းဆို၍ မရသော ကိစ္စတစ်ခုအဖြစ် ပြောင်းလဲလိုက်လေသည်။


ယွိမန်ချင်က အံကိုကြိတ်လျက် ပြောသည်။


"စကားလမ်းကြောင်း မလွှဲသွားနဲ့လေ၊ မင်း စောစောက ပြောတော့..... ဟမ်"


ရှီခိုင်ရှင်းသည် သူ၏ပါးစပ်ထဲသို့ မျက်နှာသုတ်ပုဝါတစ်ထည် ထိုးထည့်ပြီး 


"ကျွန်တော် သူ့ကို ဆွဲထုတ်သွားလိုက်ပါမယ် မဒမ်"


 “အင်း”


ယွီကျစ်သည် ထိုလူ ထွက်သွားသည်ကို ကြည့်၍


 “မဒမ်…”


Xxxxxx