အပိုင်း ၁၂၂
Viewers 18k

Chapter 122


ဤစီရင်ချက်အား သူ အနည်းငယ် ဝေဖန်ချင်သော်လည်း ကျွင်းချင်ယွီ ယွိမန်ချင်ကို ချုပ်နှောင်ထားရသည့် အကြောင်းရင်းမှာ အတွင်းလူကြောင့် မဟုတ်ဘဲ ခိုးယူမှုကြောင့်ဖြစ်၍ ကျိုးကြောင်းဆီလျော်ကာ တရားမျှတသည်။


လျှို့ဝှက်ကိုယ်စားလှယ်ဟူသည့် အလုပ်သည် တစ်စုံတစ်ယောက်၏ နှလုံးသားတစ်ဖက်ခြမ်းရှိ ဆူးတစ်ချောင်းကဲ့သို့ စအိုထဲမှ စိတ်အနှောင့်အယှက်ဖြစ်စရာ နာကျင်မှုတစ်ခုကဲ့သို့ ဖြစ်သည်။


ထိုလူကို ဖမ်းဆီးထားပြီး ဂရုတစိုက်ဖြင့် စောင့်ကြည့်ခြင်းက အမှားရှိမည် မဟုတ်ချေ။ ကျွင်းချင်ယွီက လှည့်လာကာ သူ၏ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီး ပြောလိုက်သည်။


"မင်းတို့အားလုံး သွားလို့ရပြီ" 


တံခါးနားမှ လူအနည်းငယ်က မလှုပ်မယှက်ဖြင့် သူတို့၏ နောက်ကွယ်တွင် ပုန်းကွယ်နေကြသူများက သူတို့၏ ဉာဏ်ရည်တုစက်ကို ဆုပ်ကိုင်၍ တစ်စုံတစ်ခုကို လုပ်ဆောင်နေကြသည်။


ကျွင်းချင်ယွီက တစ်ချက်ကြည့်လိုက်သည်။ ဤနေရာတွင် အချက်ပြမှုမှာ ပြန်လည်ရောက်ရှိပြီး ဖြစ်ပြီး အချို့လူများသည် မက်ဆေ့ချ် ပေးပို့နေပုံရ၏။


ချက်ချင်းပင် သူ၏ဉာဏ်ရည်တုစက်က တုန်ခါလာလေသည်။


ကျွင်းချင်ယွီ၏ အမူအရာမှာ မပြောင်းလဲသွားပေ။ သူတို့ အစောလေးတင်ကမှ ညည်းညူနေကြသည် မဟုတ်ပါလား။


၎င်းတို့သည် သီးသန့် မက်ဆေ့ခ်ျများမဟုတ်ဘဲ ပြည်တွင်းစစ်အတွင်း ဆက်သွယ်မှု ပြုလုပ်လာခြင်းသာ မဟုတ်ပါက သူတို့၏ မက်ဆေ့ချ်များကို ဤမျှ လျင်မြန်စွာ ပြန်ဖြေမိမည် မဟုတ်ပေ။


ဗီဒီယို ခေါ်ဆိုမှုကို ကိုင်လိုက်ပြီးချင်းချင်း ကျွင်းချင်ယွီသည် ဖုယွမ်ချွမ်း မည်သည့် မေးခွန်းမျှ မမေးလာမီ ရှင်းပြရန် ပါးစပ်ဟလိုက်သည်။


သို့သော် ဖုယွမ်ချွမ်းက ခြေတစ်လှမ်းစောသွားသည်။


"ယွိမန်ချင်ကို စောင့်ကြည့်ဖို့ လူလွှတ်ထားလိုက်မယ်၊ သူ့ရဲ့ သရုပ်မှန်ကို စုံစမ်းဖို့ ကိုယ် လူတစ်ယောက် စီစဉ်ထားတယ်၊ မကြာခင် ရလဒ် ထွက်လာမှာပါ၊ ရှီခိုင်ရှင်းကို အမြဲ အနားမှာထားပြီး တစ်ယောက်တည်း လျှောက်သွားမနေနဲ့ဦး၊ကြားလား"


 “ကျွန်တော်…”


 "ဒီမှာ ကိစ္စပြီးတာနဲ့ ကိုယ် ပြန်လာခဲ့မယ်"


 “ဒါပေမယ့်…”


“လိမ်လိမ်မာမာနေပါ၊ ကိုယ့်စကားကို နားထောင်၊ ဒီလို ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေကို မင်း မကြိုက်ဘူးဆိုတာ သိပါတယ်၊ ဒါပေမယ့် မင်းရဲ့ သရုပ်မှန်ကို ထုတ်ပြဖို့က အန္တရာယ်များလွန်းတယ်၊ ဘယ်မှ လျှောက်သွားမနေနဲ့နော်"


ကျွင်းချင်ယွီ အံ့ဩသွားလေသည်။ သူ ဖုယွမ်ချွမ်းကို ဘာတစ်ခုမှ မပြောရသေးပေ။ ဖုယွမ်ချွမ်းက မည်သည့်အတွက် ဤမျှ အသေးစိတ် စီစဉ်ထားသနည်း။


"ခင်ဗျားကက ကျွန်တော် ရှင်းပြပြီး ဝေဖန်ပိုင်းခြားပြနေတာကို နားမထောင်ဘူးလား"


 ကျွင်းချင်ယွီ၏ အနည်းငယ် အံ့အားသင့်နေသော အကြည့်နှင့် ဆုံမိသောအခါ ဖုယွမ်ချွမ်းသည် နူးညံ့သိမ်မွေ့စွာ ပြောလိုက်၏။


"ရှင်းပြနေစရာ မလိုတော့ပါဘူး၊ ကိုယ့်ရဲ့ ငါးလေးက အမြဲ ဉာဏ်ပြေးပြီးသားပဲ"


ငါးလေးသည် ဤမျှ အရေးကြီးသည့်ကိစ္စနှင့်ပတ်သက်၍ အဓိပ္ပါယ်မရှိသည့်အရာများကို ထုတ်ပြောမည့် လူမျိုးမဟုတ်သောကြောင့် ပြောပြ၍မရနိုင်သေးသောအထောက်အထားအချို့ ရှိနိုင်လိမ့်မည် ဟု ယူဆကာ ဖုယွမ်ချွမ်းသည် ထိုကိစ္စကို ဆက်လက် မေးမြန်းမည် မဟုတ်ပေ။


ထို့အပြင် ယွိမန်ချင်သည် သူလျှိုလုပ်သည့် အပြစ်ကြောင့် မဟုတ်လျှင်တောင် သက်သေနှင့်တကွ ဖမ်းမိ‌သော ခိုးယူမှုကြောင့် ပြစ်ဒဏ်ကျခံသင့်ပါသည်။


ငါးလေးသည် ယွိမန်ချင်အား ခိုးယူမှုအတွက် ချုပ်နှောင်ထားခြင်းမှာ အမှားမရှိပေ။


အခြားသူများအတွက် ​​ယွိမန်ချင်သည် သူတို့နှင့်အတူ ကြီးပြင်းလာသော အစ်ကိုတစ်ယောက်ဖြစ်ပြီး အောင်မြင်မှုများကို အတူတကွ ရိတ်သိမ်းခဲ့သူ ဖြစ်သည်။ သူတို့သည် မည်သည့်နေရာက ရောက်လာမှန်းမသိသော ငါးလေးနှင့်ယှဉ်လျှင် ယွိမန်ချင်ကို သေချာပေါက် ပို၍နှစ်သက်ကြပေလိမ့်မည်။ ခိုးယူသည့်အမှု နှင့် စစ်တပ်၏ အမိန့်အာဏာကို လွန်ဆန်နိုင်ခြင်းမရှိ၍သာ မဟုတ်လျှင် ယွိမန်ချင်အား ဖမ်းဆီးချုပ်နှောင်ခြင်းက ရှောရှောရှူရှူဖြစ်မည် မဟုတ်ပေ။


သူတို့သည် ဘက်လိုက်ကြရုံမျှသာဖြစ်ပြီး မကုန်သေးသော သစ်သီးနှင့် ဟင်းသီးဟင်းရွက်ဖျော်ရည်အချို့ကို သိမ်းဆည်းထားခြင်းက အပြစ်မရှိဟု ယူဆနေကြသေးသည်။ အဓိက ပြဿနာမှာ စစ်တပ်၏ အမိန့်အာဏာကို လွန်ဆန်နိုင်မှု မရှိခြင်းပေ။


ဖုယွမ်ချွမ်းသည် ယခုအကြိမ် ပြုလုပ်သော သစ်သီးနှင့် ဟင်းသီးဟင်းရွက်ဖျော်ရည်များထဲတွင် စိမ့်စမ်းရေ အများအပြား ထည့်ထားကြောင်း မှန်းဆနိုင်သည်။


ယခင်က အသီးအနှံနှင့် ဟင်းသီးဟင်းရွက်ဖျော်ရည်များအပေါ်တွင် စိတ်ဝင်စားမှု နည်းပါးခဲ့ကြသောကြောင့် ၎င်းတို့ကို ခိုးယူခြင်းကိစ္စများ တစ်ခါမှတောင် မဖြစ်ပွားခဲ့ပေ။


 သို့သော် ဤတစ်ကြိမ်၌ ပထမဆုံး တစ်ငုံ သောက်ကြည့်ရုံမျှပင် တစ်စုံတစ်ခု လွဲချော်နေသည်မှာ သိသာထင်ရှားပြီး သာမန်ရေများနှင့် မကွာခြားသည့် စိမ့်စမ်းရေ၏ ဂုဏ်သတ္တိကို အခြားသူများအား ရှင်းပြရန်လည်း အကြောင်းမရှိပေ။


သူတို့ သိထားသည့် အချက်အလက်များကလည်း မတူညီသလို အမြင်များလည်း မတူညီ‌ကြပေ။


ငါးလေးသည် သူတို့ခြံစည်းရိုး၏ တစ်ဖက်ခြမ်းတွင် ရပ်နေသော လူတစ်ယောက်နှင့် တူညီလေသည်။


 ဖုယွမ်ချွမ်းသည် ထိုလူများ မနေနိုင်ဟု ထင်ခဲ့သည်။


ကျွင်းချင်ယွီက ထိုကိစ္စနှင့်ပတ်သက်၍ ဂရုစိုက်သည့်ပုံမပေါ်သော်လည်း ဖုယွမ်ချွမ်းသည် ငါး‌လေးအတွက် စိတ်မကောင်းဖြစ်မိသောကြောင့် နူးညံ့စွာ နှစ်သိမ့်ပေးလိုက်သည်။


"မင်း တကယ် အကောင်းဆုံး လုပ်ခဲ့တာပါ၊ သူတို့တွေကို လျစ်လျူရှုထားလိုက်”


......


ဘေးမှ အရာရှိက သူ ပြောချင်သည့်စကားကို ကြားသွားသောကြောင့် တခြားလူတစ်ယောက်အား ဆွဲထုတ်ခိုင်းလိုက်သည်။


 “အခုချက်ချင်း ပါးစပ်ပိတ်ထားလိုက်တော့”


ဆွဲထုတ်ခံလိုက်ရသော အမျိုးသားက နာခံမှုမရှိဘဲ


“ဘာကိစ္စ ပိတ်ထားရမှာလဲ၊ အခုထိ ငါ့စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောခွင့်တောင် မရသေးဘူးလား”


“ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာတွေ ရပ်လိုက်စမ်းပါ”  


ထိုလူက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး


“မာရှယ် မရှိတဲ့အချိန်မှာ ဧကရီက အာဏာ အမြင့်ဆုံးပဲ၊ သူက လူတစ်ယောက်ကို ဘာအကြောင်းပြချက်မှမရှိဘဲ ဆွဲထုတ်လိုက်ရင်တောင် တစ်ခွန်းမှ အထွန့်တက်ခွင့်မရှိဘူး၊ ခင်ဗျားက မာရှယ်ကိုတောင် တိုင်ကြားစာပို့ဖို့ စိတ်ကူးရဲသေးတာလား”


သူက ဂရုမစိုက်ဘဲ တိုင်ကြားစာမက်ဆေ့ချ်ကို ပို့လိုက်ပြီး ရပ်တန့်ရန် နောက်ကျသွားပြီ ဖြစ်သည်။


“သူက လျှို့ဝှက်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဒီလောက် ကြီးမားတဲ့ ပြဿနာအတွက် ဖြေရှင်းချက်တောင် မပေးခဲ့ဘူး၊ ခင်ဗျား အဲ့ဒီအပေါ် ဘာအတွေးမှ မရှိဘူးလား"


 ထိုလူက မျက်မှောင်ကြုတ်လိုက်သည်။


“လျှို့ဝှက်ကိုယ်စားလှယ်တစ်ယောက်ဆိုတာ ဘယ်လောက် တာဝန်ကြီးတဲ့ကိစ္စမှန်း မင်းလည်း သိသားပဲ၊ ပြီးတော့ ဧကရီက သူ့ကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ အဲ့ဒီရာထူးကို ထည့်မစဉ်းစားဘဲ ခိုးယူမှုနဲ့ပဲ အကျဉ်းချထားတာ၊ နားလည်လား"


 “ဒါပေမယ့်…”


"ဘာမှမပြောဘဲ တိတ်တိတ်နေလိုက်တော့ကွာ"


"အခု ပြောနေတာတွေက ဘာ အကျိုးရှိမှာလဲ၊ စောစောက…”


အပြင်ဘက်၌ ငြင်းခုံမှုများက အဆုံးမသတ်နိုင်သေးဘဲ ကျွင်းချွင်ယွီသည် ထိုစကားများကို လျစ်လျူရှုကာ ဖုယွမ်ချွမ်းနှင့် စကားဆက်ပြောသည်။


"ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေက သိပ်ပြီး မကျေနပ်ကြတဲ့ပုံပဲ"


"သူတို့က ကိုယ့်ရဲ့ လက်အောက်ငယ်သားတွေ မဟုတ်တော့ဘူး"  


ဖုယွမ်ချွမ်းက သွေးအေးစွာ ပြောသည်။


"သူတို့ကို ဂရုစိုက်မနေပါနဲ့" 


သူ့တွင် ဧကရီဟူသော အမည်ခံ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူတို့က သူ၏အမိန့်အား နာခံရမည် ဖြစ်ပြီး သူ့ထံတွင် ထိုကဲ့သို့သော လုပ်ပိုင်ခွင့်မရှိ ဟူသည့် မထီမဲ့မြင် အတွေးမျိုး တွေးခွင့်မရှိပါ။


ကျွင်းချင်ယွီက ဘာတစ်ခုမှမပြောလာလျှင်တောင် ဖုယွမ်ချွမ်းကတော့ ထိုအချက်ကို သေချာအောင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။


ကျွင်းချင်ယွီသည် ထိုကိစ္စများအကြောင်း ဆက်မတွေးချင်တော့ဘဲ ဖုယွမ်ချွမ်း၏အခြေအနေကို သိချင်စိတ်ဖြင့်သာ မေးမြန်းလိုက်သည်။


 "ခင်ဗျား အခု ဘယ်မှာလဲ"


ဗီဒီယို၏နောက်ခံအရ စစ်သင်္ဘောပေါ်ရှိ နားနေခန်းထဲတွင် ဖြစ်ပုံမပေါ်ပေ။ ကျွင်းချင်ယွီ မြင်ရသလောက်ဆိုလျှင် အခန်းထဲ၌ အဆင်တန်ဆာလည်း များများစားစား မရှိချေ။


ဖုယွမ်ချွမ်းက သူ ရောက်နေသောနေရာကို ကျွင်းချင်ယွီအား ရှင်းရှင်းလင်းလင်း မြင်နိုင်စေရန် ဗီဒီယို၏ ရှုထောင့်ကို လှည့်ပြကာ ပြောလိုက်သည်။


 "ကိုယ်တို့ အခု မြေပေါ် ဆင်းနေပြီ" 


 "ဟင်"  


ထိုအချိန်မှသာ ကျွင်းချင်ယွီသည် ဖုယွမ်ချွမ်းမှာ မက်ခါပေါ်တွင် ရောက်ရှိနေမှန်း သတိပြုမိသွား၏။


 "ခင်ဗျား ..."


သူ ပြောလိုက်သည်နှင့်တပြိုင်နက် အကာအကွယ်ဒိုင်းက ယာယီ ပျောက်ကွယ်သွားပြီး အပြင်ဘက်မှ အသံများ ထွက်ပေါ်လာသည်။ သုံးစက္ကန့်အကြာတွင် အသံ ရပ်သွားပြီး အကာအကွယ်ဒိုင်းမှာ ပြန်ရောက်လာလေသည်။


မက်ခါသည် အကာအကွယ်ဒိုင်းအတွင်းသို့ ဝင်ရောက်၍ မြေ‌ပြင်ပေါ် ဆင်းသက်ရန် ပြင်ဆင်နေစဉ်အတောအတွင်း ဗီဒီယိုအချက်ပြမှုသည် ခဏတာ ရပ်တန့်သွားခဲ့ပြီး မကြာမီတွင် အချက်ပြမှု ပျောက်ကွယ်သွားကာ ဗီဒီယိုပါ ပြတ်တောက်သွားသည်။ မြေပြင်ပေါ်သို့ ရောက်ရှိပါက အချက်ပြမှုကို အလိုအလျောက် ပြန်လည်ရရှိမည် ဖြစ်ပါသည်။


ကျွင်းချင်ယွီသည် သူ၏ ဉာဏ်ရည်တုစက်ကို အိတ်ကပ်ထဲထည့်၍ ထကာ အပြင်သို့ ထွက်လာသည်။


ရှီခိုင်ရှင်း ပြန်ရောက်လာသောအခါတွင် သူတို့ထဲမှ အချို့သည် တံခါးဝတွင် ပိတ်ရပ်လျက် ဝေဖန်ဆွေးနွေးနေကြဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသော်လည်း ဆွေးနွေးမှု အကြောင်းအရာသည် ကျွင်းချင်ယွီမှ ဗိုလ်မှူးတစ်ဦးထံသို့ ပြောင်းလဲသွားခဲ့သည်။


သူက ထိုဗိုလ်မှူးအား သိရှိပြီး ထိုလူက သစ္စာတရားကို တန်ဖိုးထားတတ်သူ ဖြစ်သည်။


ရှီခိုင်ရှင်းသည် သူတို့ထံ လျှောက်သွားပြီး အေးစက်စွာ ပြောလိုက်သည်။


"ခင်ဗျားတို့ ဘာတွေ အော်ကျယ်အော်ကျယ် လုပ်နေကြတာလဲ၊ အသံကို တိုးထားကြ၊ အရှင့်ကို အနှောင့်အယှက် မပေးမိစေနဲ့"


ထိုစကားကို ကြားလိုက်ရသောအခါ ကျွင်းချင်ယွီသည် ရှီခိုင်ရှင်းတစ်ယောက် သူ၏နောက်မှ လိုက်လာမည်ကို စိုးရိမ်သွားပြီး လမ်းလျှောက်ဖို့သွားရန် တွေးမိကာ ပြောလိုက်သည်။ 


"ငါ ခဏ အပြင်သွားဦးမယ်၊ နောက်ကနေ လိုက်မလာနဲ့" 


 "အယ်... မဒမ်၊ ခဏ...” 


ရှီခိုင်ရှင်းသည် ထိုဗိုလ်မှူးကို ချက်ချင်း လျစ်လျူရှုလိုက်ပြီး ကျွင်းချင်ယွီကို တားရန် ပြေးလိုက်သွားသည်။


“အပြင်မှာ အန္တရာယ်များပါတယ် မဒမ်၊ မသွားပါနဲ့လား၊ ကျွန်တော် ဘယ်လိုလုပ် နောက်က မလိုက်ဘဲ နေရဲမှာလဲ၊ အနည်းဆုံးတော့ မဒမ် ဘယ်သွားမလဲ ဆိုတာ ကျွန်တော့်ကို ပြောသွားပါ"


သို့သော် သူ ခြေလှမ်းမလှမ်းရသေးမီ အပြင်ဘက်မှ တံခါးပွင့်လာသည်ကို မြင်လိုက်ရပြီး ဖုယွမ်ချွမ်းက ဝင်လာခဲ့သည်။ ရှီခိုင်ရှင်းသည် ချက်ချင်း ခြေသုံးလှမ်းခန့် နောက်ပြန်လှည့်ကာ အမြီးကုပ်၍ တုံ့ဆိုင်းခြင်းမရှိ ပြေးသွားသည်။


တတိယဘီးလုံးလေးများသည် လိုလားမှုမရှိသော ဧည့်သည်သက်သက်သာ ဖြစ်၍ ရှောင်ပေးသွားရန်ကလွဲ၍ ရွေးချယ်စရာမရှိပေ။


ကျွင်းချင်ယွီ၏ မျက်လုံးများက တောက်ပလာကြသည်။ သူသည် ပြေးလာပြီး ဖုယွမ်ချွမ်း၏ရင်ခွင်ထဲ တိုးဝင်လိုက်ကာ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် မော့ကြည့်၍ မေးလိုက်သည်။


"ခင်ဗျား ဘာလို့ ရုတ်တရက် ပြန်လာတာလဲ"


မူလက ဖုယွမ်ချွမ်းသည် စစ်သင်္ဘောပေါ်တွင် အနည်းဆုံး တစ်ရက်ခန့် နေရဦးမည်ဟု ပြောခဲ့သော်လည်း မကြာမီတွင် ပြန်ရောက်လာလိမ့်မည် ဟု မမျှော်လင့်ထားခဲ့ပေ။


ဖုယွမ်ချွမ်းသည် ငါးလေးကို ပွေ့ဖက်လိုက်ပြီး နောက်ကျောကို ပုတ်၍ သူ၏ဆံပင်ရှည်များကို လက်ဖြင့် ဆွဲဖွလိုက်သည်။


“ပြဿနာက ပြေလည်လုနီးပါး ဖြစ်နေပါပြီ၊ မင်း ဒီဘက်မှာ အခြေအနေတွေကို မကိုင်တွယ်နိုင်တော့မှာ ကြောက်လို့ ကိုယ် စောစော ပြန်လာခဲ့တာ"


အစပိုင်းတွင် ငါးလေး၏ အခွင့်အာဏာကို အထွတ်အထိပ်သို့ မြှင့်တင်ပေးလိုက်ခြင်းဖြင့် သူ၏ အခြေအနေမှာ လုံခြုံနိုင်လိမ့်မည် ဟု ယုံကြည်ထားခဲ့သော်လည်း အချို့သောသူများ၏အမြင်တွင် ထိုရာထူးဂုဏ်ပုဒ်များသည် ၎င်းတို့အတွက် စိုးရိမ်စရာအချက်တစ်ချက် ဖြစ်လာခဲ့၏။


ဖုယွမ်ချွမ်း ရောက်လာသောအခါ ဒဏ်ရာရသူများသည် တစ်ယောက်ပြီး တစ်ယောက် မတ်တပ်ရပ်ကာ တညီတညွတ်တည်း နှုတ်ဆက်ကြသည်။


 “မာရှယ်”


 “အင်း” 


ဖုယွမ်ချွမ်းသည် နေရာတွင်ရှိသော အရာရှိများကို ကြည့်လိုက်ပြီး 


“ဒီကိုလာကြပါ”


 "ဟုတ်ကဲ့ မာရှယ်"


ဖုယွမ်ချွမ်းသည် ငါးလေး၏ပါးပြင်ကို လက်ညှိုးထိပ်လေးဖြင့် ပွတ်သပ်ကာ ပြောလိုက်သည်။


"ကောင်းပြီ၊ ကိုယ့်အတွက် သောက်စရာလေးတစ်ခုခု လုပ်ပေးပါလား"


ကျွင်းချွင်ယွီက အသာတကြည်ဖြင့် ပြန်မေးလိုက်သည်။


 "ကောင်းပြီ၊ ခင်ဗျား ဘာ သောက်ချင်လဲ"


 "မင်း လုပ်ပေးသမျှ ကိုယ် အကုန်သောက်မယ်"


 ကျွင်းချင်ယွီ၏မျက်လုံးများက ကွေးညွတ်သွားပြီး


"ခင်ဗျား အရင် လုပ်စရာရှိတာ သွားလုပ်လိုက်ပါ"


“အင်း”


သူတို့ အထဲ ဝင်သွားကြသောအခါ ယွီကျစ်သည် နောက်က လိုက်သွားပြီး ရှီခိုင်ရှင်းမှာ ကျန်နေခဲ့၍ ကျွင်းချင်ယွီ အချိုပွဲလုပ်နေသည်ကို တွေ့သောအခါ ကူလုပ်ပေးရန် ရောက်လာသည်။


သူက လှီးဖြတ်ထားသည့် အခွံများကို သန့်ရှင်းရေးလုပ်ပေးခြင်းနှင့် တခြားသော လက်တိုလက်တောင်းကိစ္စများကို ကူညီလုပ်ကိုင်ပေးသည်။


ရှီခိုင်ရှင်းသည် မနေနိုင်ဘဲ ဝင်ပြောလိုက်၏။


“လုဝမ်ကျိုးကတော့ သွားပြီပဲ၊ သူ ဗိုလ်မှူးရာထူးကို ဆုံးရှုံးသွားနိုင်တယ်”


"ဘယ်သူလဲ"


 “မာရှယ်ဆီ တိုင်ကြားစာ ပို့တဲ့သူလေ” 


 ရှီခိုင်ရှင်းက အတင်းတုပ်သည်။


"သူ ပို့လိုက်တဲ့ စာကို မာရှယ်က ကျွန်တော့်ဆီ ပြန်ပို့ပေးတာ၊ တရားဝင်သတင်း မထွက်လာခင် သူ ရာထူးကနေ ဖြုတ်ချခံရလိမ့်မယ်"


ရှီခိုင်ရှင်းက တော်တော်လေး ပျော်ရွှင်နေသည်။ သူသည် ထိုကိစ္စကို လုပ်ဆောင်သည့်အချိန်တွင် ဝိုင်းပြောကြသည့်စကားများကြောင့် စိတ်တိုနေခဲ့သည်။ ထို့ကြောင့် မာရှယ်က စာပို့လာသောအခါ သူသည် တုံ့ဆိုင်းမနေဘဲ ညွှန်ကြားသည့်အတိုင်း ချက်ချင်း လုပ်ဆောင်ခဲ့၏။


ကိစ္စအားလုံး ပြီးစီးသည့်အချိန်ကျမှ မာရှယ်ဟာ ပြန်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။


ကျွင်းချင်ယွီကတော့ ထိုအကြောင်းကို သိပ်ပြီး မစဉ်းစားပေ။ သို့သော် ဩဇာအာဏာများထက် ပို၍ သာလွန်သော ကိုယ်ပိုင်အတွေးအမြင်များ ရှိသည့် လုဝမ်ကျိုး ကဲ့သို့သောသူနှင့် ဆက်ဆံရခြင်းက ဆိုးရွားလှသည်တော့ မဟုတ်ပေ။


သူ နားမလည်သော နောက်ထပ် အရာတစ်ခုမှာ


"သူက ဘာလို့ ယွမ်ချွမ်းနဲ့ ဒီလောက် ရင်းနှီးနေရတာလဲ"


"ရင်းနှီးတာလား" 


Xxxxxxxx