အပိုင်း ၁၂၃
Viewers 16k

Chapter 123


ရှီခိုင်ရှင်း တခဏခန့် စဉ်းစားလိုက်သည်။ မာရှယ်နှင့် နီးစပ်ပြီး နောက်ကွယ်တွင်နေရန် တာဝန်ချထားခြင်း ခံရသော အရာရှိများကို ညွှန်းဆိုခြင်းဖြစ်လိမ့်မည်။ လုဝမ်ကျိုးသည်လည်း ၎င်းတို့ထဲမှ တစ်ဦးဖြစ်၏။


"သူတို့က တစ်ကြိမ်ပဲတွေ့ဖူးတာမလား၊... တစ်နေရာရာကို ခရီးမထွက်ခင်မှာ မာရှယ်က အရာရှိအားလုံးကို အစည်းအဝေး ခေါ်ပြီး ဆွေးနွေးလေ့ရှိတယ်”  


ရှီခိုင်ရှင်းသည် ပခုံးတွန့်ပြီး မသေချာသည့်ပုံစံဖြင့် ပြောလိုက်သည်။


"ဒေသခံအရာရှိတွေနဲ့ ယှဉ်ရင် သူနဲ့ သေချာပေါက် ပိုပြီး ရင်းရင်းနှီးနှီးရှိသင့်လားလို့"


 ကျွင်းချင်ယွီ : "……"


၎င်းက အမှန်ပင် ဖြစ်သည်။ ယုံကြည်ရသော လက်ထောက်အချို့မှလွဲ၍ ဖုယွမ်ချွမ်း၏ လူမှုအသိုင်းအဝိုင်းတွင် အခြားမည်သူမျှ ရှိမည် မဟုတ်ပေ။ အချို့သော အလုပ်တာဝန်များ နှင့် ကိစ္စများအတွက်မဟုတ်ပါက သူတို့အား အဆက်အသွယ် လုပ်မည်ပင် မဟုတ်ပါ။


 ကျွင်းချင်ယွီက သစ်သီးဖျော်ရည်တစ်ခွက်ကို ပြင်ဆင်လိုက်သည်။ အသီးဖတ်လေးများနှင့် ရေခဲတုံးများကို အောက်ခြေရှိ ဖျော်ရည်နှင့် ရောစပ်ပြီး ရေခဲမုန့်အတုံးလေးက အပေါ်တစ်ဝက်တွင် ရှိနေသည်။


ရှီခိုင်ရှင်းသည် ကျွင်းချင်ယွီ ထိုအထူးတလည် ဖျော်ရည်အား ဖြည်းညှင်းစွာ ပြင်ဆင်နေခြင်းကို ကြည့်နေ၏။


ဖုယွမ်ချွမ်း ထွက်လာသောအခါတွင် သူ၏နောက်မှ အရာရှိများ၏ မျက်နှာများက သိပ်ပြီး မကောင်းလှပေ။


ကျွင်းချင်ယွီက ဖျော်ရည်ကို ယူဆောင်သွားသည်။


အရာရှိများသည် အလျင်အမြန်ပင် ကျွင်းချင်ယွီကို အရိုအသေပေး၍ တညီတညွတ်တည်း နှုတ်ဆက်ကြသည်။


"ကောင်းသောနေ့ပါ အရှင်"


ကျွင်းချင်ယွီသည် ၎င်းတို့ကို လျစ်လျူရှုလိုက်သော်လည်း ဆက်ပြီးရပ်နေကြဆဲ ဖြစ်သောကြောင့် တွန့်ဆုတ်စွာဖြင့် တုံ့ပြန်လိုက်သည်။


"အင်း"


ထို့နောက်တွင် ၎င်းတို့သည် ခွင့်ပြုချက်ရလိုက်သကဲ့သို့ လှည့်ထွက်သွားကြ၏။


ရှီခိုင်ရှင်းသည် ၎င်းတို့ထဲမှ အချို့သောသူများ၏ လက်မောင်းအပွင့်များ ပြောင်းလဲသွားသည်ကို ရိပ်ခနဲ မြင်မိလိုက်သည်။ သူတို့သည် ဝင်လာချိန်၌ ကောင်းမွန်စွာ ဝတ်စားထားကြသော်လည်း ထွက်လာသည့်အချိန်တွင် တစ်နေရာရာမှာ နှိမ့်ချခံထားရသကဲ့သို့ ရာထူးအချခံလိုက်ရခြင်းပင် ဖြစ်နိုင်လေသည်။ သူသည် အားပါးတရ နှာခေါင်းရှုံ့၍ ခေါင်းယမ်းပစ်လိုက်၏။ နည်းသေးသည်။ သူတို့နှင့် ထိုက်တန်သည်ပင်။


ထိုလူများထဲတွင် အမြင့်ဆုံးရာထူးမှာ အကြီးတန်းဗိုလ်မှူးဖြစ်ပြီး ဗိုလ်ချုပ်ပင် မဟုတ်သေးပေ။


စစ်မှုထမ်းရာထူး အနိမ့်ဆုံးရှိသော လုဝမ်ကျိုးသည် ထိခိုက်နစ်နာမှုအရှိဆုံးဟုပင် မဆိုနိုင်တော့ပေ။


ယခု ဤအခြေအနေ၌ သူတို့သည် မာရှယ်၏ တပ်မထဲတွင် ရှိနေနိုင်သည်ကပင် သံသယဖြစ်စရာကောင်းနေပြီ ဖြစ်၏။


ရှီခိုင်ရှင်းသည် အသံကိုခပ်ကျယ်ကျယ် မြှင့်ကာ ယွီကျစ်အား မာရှယ်ကို အနှောင့်အယှက်မပေးဘဲ သူတို့၏ နောက်ဆက်တွဲ လုပ်ငန်းတာဝန်များကို လုပ်ဆောင်ရန် ဆွဲခေါ်သွားသည်။


ထိုအခြေအနေကို မြင်သောအခါ ကျွင်းချင်ယွီက မေးခွန်းထုတ်လိုက်သည်။ 


"ပြီးရင် လုပ်စရာရှိသေးလား"


"အင်း၊ မင်းနဲ့ အတူရှိနေပေးဖို့လေ"  


ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ၏လက်မှ ဖျော်ရည်ကို လှမ်းယူလိုက်သည်။ သူ၏ လက်မှာ အေးစက်နေပြီး ငါးလေး၏ လက်ကို ကိုင်ရန် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်သည်။ ဖျော်ရည်ထည့်ထားသော ဖန်ခွက်အပြင်ဘက်တွင် ရေခဲအလွှာလေးတစ်ခု ဖြစ်ပေါ်‌လာသောကြောင့် ငါးလေး၏လက်မှာ အေးခဲနေ‌၏။


သူ၏ပုံမှန်ကိုယ်အပူချိန်ထက် နိမ့်ကျနေခြင်း ဖြစ်သည်။ ဖုယွမ်ချွမ်းသည် သူ၏လက်ကို နွေးထွေးစေရန် ကူညီပေးပြီး အရာရှိများကို လုံးဝ ဂရုမစိုက်ဘဲ ထိန်းချုပ်ခန်းရှိရာသို့ ငါးငယ်လေးကို ချီခေါ်သွားသည်။


ထိန်းချုပ်ခန်းတွင် မည်သူမျှ မရှိပေ။ အရာရှိများအားလုံးကို လေ့ကျင့်ရေးဆင်းရန် ခေါ်ထားသောကြောင့် ထိုနေရာတွင် မည်သူမျှ ရှိမနေခြင်းမှာ သဘာဝကျပါသည်။


ထိန်းချုပ်ခန်း၏ အပူချိန်ကို ငါးလေး နေနိုင်ရန် သင့်တော်သည့် အပူချိန်သို့ ချိန်ညှိပြီးနောက် ဖုယွမ်ချွမ်းသည် ဆိုဖာပေါ်တွင် ထိုင်ကာ ငါးလေးကို ပေါင်ပေါ်တင်၍ ပွတ်သပ်ပေးလျက် ဖျော်ရည်ကို သောက်လိုက်သည်။


ကျွင်းချင်ယွီ သူ့ရင်ခွင်ထဲလှဲလျောင်းနေလျက် မေးလိုက်၏။ 


“ကျွန်တော်တို့ အိမ်ကို ဘယ်တော့ပြန်ကြမှာလဲ…”


 


“အိမ်ကို လွမ်းနေပြီလား…”


 


ကျွင်းချင်ယွီ စဉ်းစားကြည့်လိုက်ရာ အိမ်ကို လွမ်းနေခြင်းတော့ မဟုတ်ချေ။ သူ့မူလအိမ်ကိုတော့ ဝေဝေဝါးဝါးပင်ဖြစ်နေကာအနေကြာပြီဖြစ်သော အိမ်ကိုသာမှတ်မိတော့သည်။ အမှန်က ဖုယွမ်ချွမ်းနှင့်အတူ ပြန်ချင်နေခြင်းသာ ဖြစ်လေသည်။ 


 


ကျွင်းချင်ယွီ : “ဒီမှာက ပျင်းစရာကြီး…”


 


ဖုယွမ်ချွမ်း ခေါင်းလေးကို လှမ်းပုတ်လိုက်ကာ သောက်လက်စခွက်ကိုချလိုက်ပြီး လှမ်းပွေ့လိုက်သည်။


 “နောက်ရက်နည်းနည်းကြာရင် အဖွဲ့ချုပ်ကလူတစ်ယောက်ယောက်လာပြီးတော့ သဘောတူညီမှုစာချုပ်မှာ လက်မှတ်ထိုးလိမ့်မယ်၊ ပြီးရင် ကိုယ်တို့ပြန်လို့ရပါပြီ…” 


“ပြီးပြီလား…”


 


ဖုယွမ်ချွမ်း ခေါင်းညိတ်ပြလိုက်၏။ “အဖွဲ့ချုပ်က အတွင်းရေးပြဿနာတွေနဲ့ပတ်သက်ပြီး ငြိမ်နေတဲ့အခြေအနေဖြစ်နေပြီ၊ ပြီးတော့ တော့ဒစ်စ်နဲ့တခြားမာရှယ်တွေအတွက်လည်း ငြိမ်နေပြီလေ၊လက်မှတ်ထိုးပြီးရင် အတွင်းရေးတွေကို သေချာစီစဉ်ဖို့က အဖွဲ့ချုပ်တာဝန်ဖြစ်သွားပြီ…” 


 


တွက်ချက်ထားပြီးနောက် လပေါင်းအနည်းငယ်အကြာတွင်ဖြစ်၏။ 


အဖွဲ့ချုပ်၏ အတွင်းရေးပြဿနာသာ ဝင်မလာခဲ့လျှင် ဒီလောက်မြန်မြန်အဆုံးသတ်နိုင်မည် မဟုတ်ချေ။ 


 


ကျွင်းချင်ယွီ၏မျက်လုံးလေးများမှာ လခြမ်းကွေးလေးကဲ့သို့ ကွေးသွားကာ လက်လေးကိုလှမ်းကိုင်လျက် ပြောလိုက်၏။ 


“ဒီလောက်အတွင်းရေးပြဿနာတွေနဲ့ဆိုတော့ ငြိမ်းချမ်းရေးအဖွဲ့ကသူတစ်ယောက်ယောက်နဲ့တော့ သိမယ်ထင်တယ်…” 


“သိတာပေါ့…” ဖုယွမ်ချွမ်း ငါးလေးရှေ့တွင်ဖုံးကွယ်မနေတော့ဘဲ “လက်မှတ်ထိုးရင် ပေးတွေ့မယ်လေ…” 


 


ကျွင်းချင်ယွီ အမှန်တကယ်တစ်စုံတစ်ယောက်ရှိနေမည် မထင်ထားခဲ့ချေ။ ထို့အပြင် အခြေအနေကိုလွှမ်းမိုးနိုင်သူများဖြစ်သောကြောင့် ရာထူးအဆင့်အတန်းမြင့်ပုံရသည်။ 


 


မည်သို့ စီစဉ်ထားသည်က အရေးမကြီး။ တစ်စုံတစ်ခုပြောနိုင်သောသူရှိနေခြင်းကပင် ကောင်းနေခြင်းဖြစ်သည်။ 


ထိုသို့သောကိစ္စများတွင် ပတ်သက်လိုသောသူမဟုတ်သောကြောင့် သူနှင့်တွေ့လည်းအရေးမကြီးပေ။ 


 


မည်သို့ပင်ဆိုစေကာမူ စစ်ပွဲစောစီးစွာပြီးသွားတော့မည့်သတင်းမှာ အင်ပါယာအတွက်သတင်းကောင်းဖြစ်၏။ 


 


ပင်မထိန်းချုပ်ခန်းမှာ လုံးဝငြိမ်သက်နေပြီး ကျွင်းချင်ယွီ ဘာမှမပြောတော့သည်ကို သတိထားမိသွားသော ဖုယွမ်ချွမ်း က“ပင်ပန်းနေပြီလား…” ဟု တီးတိုးလေးမေးလိုက်၏။ 


 


“မဟုတ်ဘူး… အနာဂတ်အကြောင်းတွေးနေတာ…” 


ယွိမန်ချင် အဖမ်းခံရခြင်းမှာ မူလဝတ္ထု၏နောက်ဆုံး အရေးကြီးသော လှည့်ကွက်ဖြစ်ကာ သူတို့ပြန်ရောက်သည့်အချိန်တွင် တော်ဝင်မျိုးနွယ်များနှင့် ရှေ့ကအင်ပါယာခေါင်းဆောင်များ ချန်ထားခဲ့သော အရှုပ်များကိုဖြေရှင်းရတော့မည် ဖြစ်သည်။ 


 


အကြောင်းအရာများစွာ ရှိနေသေးသောကြောင့် ခဏကြာအောင် ခရီးမသွားနိုင်သည့် ဖြစ်နိုင်ချေရှိသည်။ 


အနည်းဆုံးတော့ ထိုသို့ဆိုလျှင် အင်ပါယာမှ ထွက်သွားလို့ရမည် မဟုတ်ချေ။ 


“ကျွန်တော်တို့ ပြန်ရောက်ရင် အချိုပွဲဆိုင်လေးကို ပြန်ဖွင့်လို့ရတယ်…”


လက်မှတ်ထိုးပြီးလျှင် အင်ပါယာမှ အဖွဲ့ချုပ်ကို အသီးအရွက်များ ပေးတော့မည်မဟုတ်ချေ။ ထိုသို့ဖြစ်လာလျှင် အင်ပါယာမှ အသီးအရွက်များကို ပိုမို ရောင်းချနိုင်မည် ဖြစ်သည်။ 


ထို့အပြင် ရည်ရွယ်ချက်ရှိရှိနှောင့်ယှက်မည့်သူလည်း မရှိတော့ဘဲ အချိုပွဲဆိုင်လေးကိုလည်း အရင်ကလောက် လျှို့ဝှက်ထားစရာမလိုတော့ပေ။ သို့သော် စမ်းရေအကြောင်းကိုတော့ ထုတ်ဖော်ရန် မသင့်သေးပေ။ စမ်းရေကို ရိုးရိုးတမ်းတမ်းအသုံးပြုခြင်း သို့မဟုတ် နေရာလွတ်မှ အသီးအရွက်များနှင့် ကြယ်တာရာမှအသီးအရွက်များကို ရောနှောခြင်းတို့ကိုလည်း လုပ်နိုင်ပေသည်။ 


ထို့နောက် အလုပ်မရှုပ်ချင်လျှင် ဆိုင်စောင့်ရန်လူငှါးထား၍လည်း ရသေးသည်။ ထို့အပြင် ဆိုင်မှမှာယူသောစနစ်များနှင့် စက်များကိုလည်း အစားထိုးရမည်။ 


ယခင်က ဖုချန်းယွီကို စောင့်ကြည့်ရန် ရှေးအကျဆုံး မှာယူစက်များကိုသာ အသုံးပြုခဲ့သော်လည်း ယခုအခါ ထိုသို့လုပ်ရန် မလိုတော့ပေ။ 


 


ပင်မမြို့တော်သို့ လည်ပတ်သွားချင်စိတ်မရှိဘဲ အချိန်ပိုလျှင် လျှောက်ကြည့်ရန်အတွက်သာ ထိုနေရာတွင် စီးပွါးရေးစလုပ်ခဲ့ခြင်းဖြစ်သည်။ 


 


“မင်းဘာလုပ်ချင်လဲ… မင်းစကားနားထောင်မယ်လေ…” ဖုယွမ်ချွမ်း ငါးလေးဘာလုပ်မည်ကို စီစဉ်ထားခြင်းမရှိဘဲ ပျော်နေစေရန်သာ စိတ်ထဲတွင်ရှိသည်။ 


 


ကျွင်းချင်ယွီ ပြုံးလိုက်ပြီး “ဧကရီက အချိုပွဲဆိုင်လိုက်ဖွင့်လို့ ခင်များနောက်ကွယ်မှာ လူတွေမကောင်းပြောမှာ မကြောက်ဘူးလား…” 


 


“ကိုယ့်ကိုလား…” ဖုယွမ်ချွမ်း စဉ်းစားကာ “သူတို့ဘာပြောနိုင်မှာလဲ… ဧကရီက မောက်မာမနေပဲ ပြည်သူတွေနဲ့ရင်းနှီးနေတယ် ဆိုပြီးတော့လား…အဲ့ဒါက မကောင်းတာမှ မဟုတ်တာ…” 


 


ကျွင်းချင်ယွီ ငြိမ်သွားကာ ဖုယွမ်ချွမ်းပြောသည်မှာ မှန်ကန်ကြောင်း ခံစားလိုက်ရသည်။


ထို့အပြင် အချိုပွဲဆိုင်မှာ အင်ပါယာမာရှယ်နှင့် သူ့အမျိုးသားနာမည်အောက်တွင် ပထမဆုံးပေါ်ပေါက်လာကာ သူတို့ကြားတွင်လည်း ထိုနည်းတူပင်ဖြစ်ပုံရသည်။  


 


ဖုယွမ်ချွမ်း ငါးလေး၏ဆံနွယ်ရှည်ကို သပ်ပေးကာ “မင်းရဲ့ရာထူးကိုကြည့်နေစရာမလိုပါဘူး… မင်းကြိုက်တာသာလုပ်…” 


 


ငါးလေးကို ရာထူးဂုဏ်များသာမက သူနှင့်ထိုက်တန်သော လွတ်လပ်မှုကိုပေးနိုင်ရန် အတတ်နိုင်ဆုံးကြိုးစားမည် ဖြစ်သည်။ 


 


ကျွင်းချင်ယွီ လည်ပင်းကိုသိုင်းဖက်လိုက်ကာ ခေါင်းလေးကို စောင်းလျက်ပြောလိုက်သည်။


 “ဘာလို့ကျွန်တော့်အပေါ် ဒီလောက်တောင် ကောင်းရတာလဲ…” 


“ဒီထက် ပိုကောင်းအောင် ကိုယ်က ကြိုးစားနေဦးမှာ…”


 



 


ခွက်ထဲမှရေခဲတုံးလေးများ တဖြည်းဖြည်းအရည်ပျော်သွားလေသည်။ ဖုယွမ်ချွမ်း အိပ်ပျော်နေသောငါးလေးကိုဖြည်းဖြည်းချင်း အိပ်ရာပေါ်သို့ပွေ့ချီသွား၏။ လှဲချရန် ပြင်နေစဉ် ရုတ်တရက် လှည့်ကာ ချောင်းဆိုးသံကို အောင့်ထားလိုက်ရ၏။ 


 


ကျွင်းချင်ယွီ မထင်မရှား အသံတစ်ခုခုကိုကြားလိုက်ပြီး မျက်မှောင်ကျုတ်ကာ အသံလာရာနေရာသို့လှမ်းကြည့်လိုက်သည်။“ယွမ်ချွမ်းလား…”


 


“ဘာမှမဟုတ်ဘူး… ကိုယ်ချောင်းဆိုးမိသွားတာ…” ဖုယွမ်ချွမ်း ကျောလေးကိုပုတ်ကာ ပြန်ချော့သိပ်သည်။ “ ပြန်အိပ်တော့နော်…” 


ကျွင်းချင်ယွီ လည်း တစ်နေ့လုံးပင်ပန်းထား၏။ ထိုအချိန်အတွင်း အနားယူခြင်းပင်မရှိပဲ ဓာတ်ပြုပစ္စည်းများကိုလေ့လာခဲ့သည်။ယနေ့လည်း တစ်နေ့လုံးတစ်ညလုံး အလုပ်လုပ်ခဲ့သည်။ စက်ရုပ်များကို စွန့်ပစ်ပြီးနောက် အချိုပွဲများစတင်လုပ်ခဲ့ပြီး ယခုတော့အနားယူအိပ်စက်သင့်သောအချိန် ရောက်လေပြီ။ 


ညသန်းခေါင်အချိန်တွင် ယွိမန်ချင်၏ အချက်အလက်များကို ဖုယွမ်ချွမ်းစစ်ဆေးနေသည်။


 


အချက်အလက်ထဲတွင် မွေးဖွားချိန်မှ ယခုအချိန်အထိအချက်အလက်များပါဝင်သောကြောင့် ယွိမန်ချင်က အင်ပါယာတွင်မွေးဖွားကာ နေထိုင်ကြီးပြင်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့ချုပ်နှင့် ဆက်စပ်မှုမရှိကြောင်းဖော်ပြနေသည်။ 


 


အခြား စာရွက်စာတမ်းများတွင်မူ ယွိမန်ချင်၏ အဖွဲ့ချုပ်တွင်ရှိနေခဲ့သောအချိန်များအကြောင်း ပါဝင်နေသည်။ 


ပထမတစ်ခုမှ ရှီခိုင်ရှင်းရှာဖွေတွေ့ရှိထားခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှာ အဖွဲ့ချုပ်မှလူများ လက်ဆင့်ကမ်းပေးပို့ထားခြင်းဖြစ်သည်။ 


ပထမတစ်ခုတည်းဖြင့် ယွိမန်ချင်ကို သံသယမဝင်သင့်သော်လည်း စဉ်းစားကြည့်လျှင် သူ့အချက်အလက်များ၌ ဟာကွက်များရှိနေလျှင် ယခုအချိန်ထိရှင်သန်နိုင်မည် မဟုတ်ချေ။ 


 


အသေးစိတ်ဖတ်၍မပြီးခင် ဉာဏ်ရည်တုစက်က စာတစ်စောင်ကြောင့် မီးလင်းလာ၏။ 


 


[အချက်အလက်တွေရဲ့ အစိတ်အပိုင်းတစ်ခုက သူတို့ရဲ့ အင်ပါယာကို တစ်ယောက်ယောက်ကိုပို့ဖို့လုပ်ထားတဲ့ အမိန့်ကြောင့်ဖျက်ဆီးခံလိုက်ရတဲ့ပုံပဲ… ဒါပေမယ့် ဒါနဲ့တင် သူအပြစ်ရှိကြောင်း ပြောလို့ရပါပြီ…]


 


ဖုယွမ်ချွမ်း: [အင်း… တော်တော်လေးကြိုးစားထားတာပါပဲ ပင်ပန်းသွားပြီ]


 


[မဟုတ်တာပဲ အစ်ကို.. ဘာလို့ကျွန်တော့်အပေါ် ဒီလောက် ယဉ်ကျေးနေရတာလဲ… လိုအပ်တဲ့ အချက်အလက်ကိုသာ ပြောလိုက်ပါ… ကျွန်တော်ရအောင်ဖော်ပေးပါ့မယ်…]


 


ဖုယွမ်ချွမ်း: [မဟုတ်ပါဘူး ဒီလောက်ဆို ရပါပြီ…]


 


[ကောင်းပါပြီ… နောက်ရက်နည်းနည်းကြာမှ တွေ့ကြမယ်…]


 


ဖုယွမ်ချွမ်း: [အင်း…]


 


ဖုယွမ်ချွမ်း အဖွဲ့ချုပ်၏ အချက်အလက်တစ်ချို့ကိုရှီခိုင်ရှင်းထံလွှဲပြောင်းပေးပြီးနောက် ဉာဏ်ရည်တုစက်ကို လက်ထဲမှချလိုက်ကာ ငါးလေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး မျက်လုံးများမှိတ်ကာ အနားယူလိုက်တော့သည်။ 


နောက်တစ်နေ့ မနက်စောစော၌


 


ကျွင်းချင်ယွီ အိပ်ရာပေါ်တွင် မနက်စာစားနေ၏။ ဖုယွမ်ချွမ်းက အလုပ်ကိစ္စရှိသောကြောင့် မသွားခင် မနက်စာပင်မစားသွားနိုင်ချေ။


 


ဖုယွမ်ချွမ်း ထွက်သွားပြီမကြာခင် အပြင်ဘက်မှ ရှီခိုင်ရှင်းအသံကို ကြားလိုက်ရသည်။ “မဒမ်… နိုးပြီလား…”


 


“ဝင်လာခဲ့ပါ…”


 


ရှီခိုင်ရှင်းဝင်လာပြီး ပြုံးပြုံးလေးပြောလိုက်သည်။


 “ဒီနေ့ ဘာအစီအစဉ်များရှိလဲ… မာရှယ်က မဒမ်ပျင်းနေရင် ဒီနားလျှောက်သွားလို့ရအောင် ခေါ်သွားပေးဖို့ ပြောထားပါတယ်…” 


ကျွင်းချင်ယွီ ခေါင်းခါပြလိုက်သည်။ သူဒီနေရာကို စရောက်ကတည်းက အချိန်အများစုကို အခန်းထဲတွင်သာ ကုန်ဆုံးခဲ့ပြီး မနေ့ကပထမဆုံးထွက်ခဲ့ခြင်းဖြစ်သည်။ နေရာမှာကျယ်ဝန်းသော်လည်း လမ်းလျှောက်ထွက်ရန် စိတ်မဝင်စားချေ။ 


 


ရှီခိုင်ရှင်းလည်း အတင်းမခေါ်တော့ပဲ ခဏအကြာစဉ်းစားကာ ပြောလိုက်၏။


 “အော်… ဟုတ်သားပဲ…ယွိမန်ချင်ကိုပံ့ပိုးပေးနေတဲ့သူတွေကို အပြစ်ပေးဖို့ ဆုံးဖြတ်ပြီးပါပြီ…” 


ရာထူးချရမယ့်သူတွေကို ချပြီးတော့ သာမန်အရပ်သားအဖြစ်ရွှေ့ပြောင်းရမယ့်သူတွေကိုလည်း ရွှေ့ပြောင်းပြီးပါပြီ… အကုန်လုံးကို တခြားမာရှယ်တွေဆီကို ရွှေ့ပြောင်းပြီးပါပြီ…”


 


အရပ်သားအဖြစ်ရွှေ့ပြောင်းခံရခြင်းမှာ ရာထူးချခံရခြင်းထက် ပိုလေးနက်သည်။ ရာထူးချခံရလျှင် ကြယ်တာရာစစ်ပွဲအတွင်းကြိုးစားလုပ်ပါက ရာထူးတိုးရန်အခွင့်အရေးရှိသေးသော်လည်း အရပ်သားအတွက်က မဖြစ်နိုင်တော့ချေ။ 


ကျွင်းချင်ယွီ ပန်းသီးအပိုင်းသေးသေးလေးကို စားလိုက်ရင်း မေးလိုက်သည်။ “အကုန်လုံးလား…” 


“ဟုတ်ပါတယ်… အကုန်လုံးပါ..” ရှီခိုင်ရှင်းက ပြန်ဖြေလိုက်၏။ 


“ယွိမန်ချင်က အဖွဲ့ချုပ်ရဲ့အတွင်းလူဖြစ်တာက ထင်ရှားနေပြီးတော့ သူတို့မဒမ့်အပေါ်အပြုအမူနဲ့ပတ်သက်တဲ့ ပြဿနာကိုပါ ပေါင်းလိုက်ပြီး မာရှယ်က သေချာလေး စီစဉ်လိုက်တာပါ…” 


“အင်း…”


 


ရာထူးချခံလိုက်ရခြင်းမှာ မကောင်းသော်လည်း စစ်တပ်၏အရာရှိတစ်ဦးအနေဖြင့် ရာထူးရှိနေပြီး မထီမဲ့မြင်လုပ်စရာမလိုပေ။ 


 ကျွင်းချင်ယွီ တွေ့ဖူးသမျှ မာရှယ်များမှာ မောက်မာခြင်းတစိုးတစိမျှမရှိဘဲ သာမန်စစ်သားများမှာလည်း လေးစားသမှုရှိကြသည်။ အလယ်အလတ်ကသူများကသာ အလုပ်များသည့်ကြားက အခြားသူများ၏ကိစ္စများကိုပါ ဝင်မွှေရန် စိတ်ဝင်စားကြသည်။ 


 


အင်ပါယာအရှင်၏ အမိန့်တော်အောက်တွင် ရှိနေကြသော်လည်း အခြားမာရှယ်ထံသို့ ရွှေ့ပြောင်းခံလိုက်ရသောကြောင့် ယခင်လုပ်ဆောင်ချက်များမှာပယ်ဖျက်ခံလိုက်ပြီဖြစ်သည်။ 


 


ကျွင်းချင်ယွီ မနက်စာစားပြီးနောက် တည်ငြိမ်စွာပင် အသီးအရွက်ဖျော်ရည်ကိုသောက်ကာ မေးလိုက်သည်။ “အစည်းအဝေးကို ဘာလို့မသွားတာလဲ…” 


 


ရှီခိုင်ရှင်း၏ရာထူးမှာ အမည်ခံသာဖြစ်၏။ သူသိသလောက်ဆို အရာရှိများအားလုံး ထွက်သွားကြပြီဖြစ်သည်။ 


 


“ကျွန်တော်က မဒမ့်ကို ကာကွယ်ပေးဖို့နေခဲ့တာပါ…” 


ရှီခိုင်ရှင်းမှ ထင်ထားသည့်အတိုင်းပင် ပြန်ဖြေ၏။ 


ကျွင်းချင်ယွီ: “……”


Xxxxxx