Chapter 124
အစည်းအဝေးကို အရာရှိအားလုံးသွားကြသော်လည်း ရှီခိုင်ရှင်းကသာမသွားရသောကြောင့် သူသည်လည်းအသိုင်းအဝိုင်းမှလျစ်လျူရှုထားကြသော အာဏာရှိသူများနှင့် တစ်အုပ်စုတည်းဖြစ်မည်လား။
ကျွင်းချင်ယွီ မျက်ခုံးပင့်လျက်မေးလိုက်၏။ “ရာထူးကျသွားမှာ မကြောက်ဘူးလား…”
“မကြောက်ပါဘူး မဒမ့်ကိုသာကာကွယ်နိုင်ရင် ဒီတစ်သက် ရာထူးကျစရာအကြောင်းမရှိပါဘူး…”
ရှီခိုင်ရှင်း ဒီလောက်တော့ သဘောပေါက်သည်။
“……”
သူပြောတာကိုကြားပြီးနောက် ကျွင်းချင်ယွီ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။
ရှီခိုင်ရှင်း သူငြိမ်သွားသည်ကိုမြင်သွားကာ တိုးသဲ့သဲ့ရယ်လိုက်ပြီး မေးသည်။
“မဒမ်ကတော့ ကျွန်တော့်ကိုရာထူးမချဘူးမလား”
“ယွမ်ချွမ်း မင်းကိုရာထူးချချင်ရင်တော့ ငါတားရင်တောင်မရဘူး…”
ကျွင်းချင်ယွီ တွင်လုပ်ပိုင်ခွင့်ရှိသော်လည်း ထိုကိစ္စများတွင် သူပါဝင်ပတ်သက်မည်မဟုတ်ချေ။ ထိုသို့မဟုတ်ပဲ ထိုအရာရှိများကိုလည်း သူကိုင်တွယ်လိုက်လျှင်လည်း ဖုယွမ်ချွမ်းသူ့အတွက် ပြောပေးစရာမလိုတော့ချေ။ သူကိုယ်တိုင်ကိုက မပတ်သက်လို၍သာ မပတ်သက်ခြင်းဖြစ်လေသည်။
“တားလို့ရပါတယ်…မဒမ်သဘောမတူရင် ကျွန်တော့်ကို လုံးဝရာထူးချမှာ မဟုတ်ဘူး…”
ကျွင်းချင်ယွီ လက်ချောင်းများရပ်တန့်သွားသည်။ ရှီခိုင်ရှင်း ပြောသည့်ထဲတွင် တစ်ခုခုတော့လွဲသွားပြီကို ခံစားမိလိုက်၏။
ခဏအကြာ အကြပ်ရိုက်နေပြီးနောက် ကျွင်းချင်ယွီ ချက်ချင်းပြန်မမေးဘဲ ထိုကိစ္စနှင့်ပတ်သက်ပြီး ဦးစွာ ရှင်းပြ၏။
“ယွမ်ချွမ်းနဲ့ ငါက ရာထူးအတူတူပဲဆိုရင်တောင် ဦးစားပေးမှုက ရှိသေးတယ်လေ…သူရာထူးချမယ်လို့ ကြေညာလိုက်ပြီးမှ ငါကတားလိုက်ရင်တောင် သူအရင်ချတဲ့ အမိန့်က အကြုံးဝင်သွားမှာပဲ…”
ရှီခိုင်ရှင်း ပြန်ပြောလိုက်သည်။ “အဲ့ဒါက ပြောင်းလိုက်ပါပြီ…မာရှယ်က ဦးစားပေးမှုကိုရုတ်သိမ်းလိုက်ပါတယ်… အားလုံးက မဒမ့်လက်ထဲမှာပါပဲ…”
ထိုအပြောင်းအလဲအရဆိုလျှင် ဖုယွမ်ချွမ်း၏လုပ်ပိုင်ခွင့်သည်ပင်လျှင် ကျွင်းချင်ယွီလက်ထဲတွင် ရှိနေသည်ဟု ပြော၍ရသည်။
ကျွင်းချင်ယွီ ထူးဆန်းသည်ဟုတွေးရင်း မျက်မှောင်ကြုတ်လိုက်သည်။
ယခင်က အင်ပါယာအရှင်နှင့် ကြင်ယာတော်မှာပင် မည်သည့်အခါကမှ တန်းတူအာဏာမရှိခဲ့ချေ။ ကြင်ယာတော်မှာ ပွဲတော်အချိန်များအတွက်သာ ဖြစ်ခဲ့ခြင်းပေ။ အခြားအချိန်များတွင် နန်းတော်တွင်သာ နေထိုင်လေ့ရှိကြသည်။ ရာထူးမြင့်မားသည်မှန်သော်လည်းလက်ထဲတွင်အာဏာမရှိသည်မှာတော့ အမှန်ပင်ဖြစ်၏။
ထို့ကြောင့် ယခု အင်ပါယာအရှင်နှင့် ကြင်ယာတော်တို့၏ တန်းတူအာဏာရှိခြင်း အပြောင်းအလဲမှာ ထူးဆန်းနေ၏။
အပေါ်ယံကကြည့်လျှင် ပြဿနာမရှိသော်လည်း ပညာရှင်ဆန်ဆန် အတွင်းကျကျ စဉ်းစားလေ့ရှိသော ကျွင်းချင်ယွီ ထပ်မေးလိုက်၏။
“တခြား ပြောင်းလဲတာတွေရော ရှိသေးလား….”
ခဏကြာ ရပ်တန့်နေပြီးနောက်မှ ထပ်ပြောလိုက်၏။
“လုပ်ပိုင်ခွင့် လွှဲပြောင်းတာနဲ့ပတ်သက်ပြီးတော့ပေါ့…”
“အင်း…မရှိတော့ပါဘူး အဲ့ဒီတစ်ခုပဲ… တစ်ခုခုလွဲနေတာများ ရှိလို့လား…”
ရှီခိုင်ရှင်း ပျော်ရွှင်သွားပုံမရသော သူ့မျက်နှာအမူအရာကို အကဲခက်ကာ မေးလိုက်၏။
“ဘာမှ မရှိပါဘူး…” ကျွင်းချင်ယွီ မျက်ခုံးစပ်နားကို လက်ဖြင့်ထောက်ကာ ပြောလိုက်သည်။
“ငါပဲ အတွေးလွန်နေတာ ဖြစ်မှာပါ…”
ခဏအကြာ ထိုင်နေပြီးသည့်တိုင် ကျွင်းချင်ယွီ စိတ်မအေးသွားပဲ မသက်မသာခံစားနေရ၏။ ထို့ကြောင့် ရုတ်တရက်ထရပ်ကာ ပြောလိုက်၏။
“လမ်းလျှောက်ထွက်ကြရအောင်လေ…”
“ဟုတ်ကဲ့ပါ…” ရှီခိုင်ရှင်း ဖုယွမ်ချွမ်းမှာကြားထားသည်များကို သတိရကာ အဝတ်တန်းမှကုတ်အင်္ကျီကို လှမ်းယူလိုက်သည်။
“မဒမ်…”
ကျွင်းချင်ယွီက ကုတ်င်္အကျီကိုအေးအေးဆေးဆေးပင် လှမ်းယူကာ ပခုံးပေါ်တွင်ခြုံထားလိုက်၏။ ခန်းမထဲတွင်မည်သူမှမရှိပဲ အပြင်ဘက်မှ စိတ်စွမ်းအားမှာလည်း မရှိသလောက်ပင်ဖြစ်နေ၏။ စွမ်းအင်ပြန်လည့်ဖြည့်တင်းရန် ကိုယ့်နယ်မြေသို့ ပြန်သွားကြပုံရသည်။
ခန်းမထဲတွင် ထိုင်ခုံများရှိနေသော်လည်း အခန်းထဲမှအိပ်ရာများ၏ တစ်ဝက်လောက်ပင် သက်တောင့်သက်သာ မရှိချေ။
တံခါးဝမှ ထွက်လိုက်သောအခါ ကျွင်းချင်ယွီနှင်းကျနေသည်ကိုမြင်ပြီး ရုတ်တရက်ရပ်သွား၏။
“နှင်းကျနေတာလား…”
သူ အအေးဒဏ်ကို ခံစားရခဲသည်။ ရေသူလေးဖြစ်လာကတည်းက အေးသည်ဆိုသည်မှာ ဘာမှန်းမသိတော့ချေ။
လက်ကို ဆန့်ထုတ်လိုက်သောအခါ သူ့လက်ပေါ်ကျလာသော နှင်းပွင့်လေးများမှာချက်ချင်းအရေပျော်မကျသွားချေ။ အပြင်ဘက်တွင်လည်း နှင်းအနည်းငယ်ရှိနေသည်။ အချိန်တိုအတွင်း နှင်းများကအလွှာတစ်ထပ်အဖြစ် စုပုံနေ၏။
လမ်းပေါ်တွင် နှင်းများကိုရှင်းလင်းရန် တာဝန်ရှိသူများလည်းရောက်နေကြသည်။
ရှီခိုင်ရှင်း ကျွင်းချင်ယွီခေါင်းပေါ်မှ ထီးလေးဆောင်းပေးကာ ပြောလိုက်သည်။
“အရမ်းလှတာပဲနော်…၊ ဒီဂြိုဟ်မှာပဲ ဒီအချိန်နှင်းကျတာ၊ တစ်ခြားဂြိုဟ်မှာ ဒီလောက်နှင်းမကျဘူး…”
ကျွင်းချင်ယွီ လက်ထဲမှနှင်းများကို ချေလိုက်ကာ နှင်းလုံးလေးလုပ်လိုက်၏။
“ဒီနေရာကို မကြာခဏရောက်တာလား…”
ရှီခိုင်ရှင်း ပြောပုံအရဆိုလျှင် သူဤနေရာကို ကောင်းကောင်းသိပုံရ၏။
“ဒါက ကျွန်တော့်ဇာတိဂြိုဟ်လေ… ဒါပေမယ့်ပြန်မရောက်တာ တော်တော်ကြာပြီ…”
ယခုနေရာမှ နှင်းများက လှပသလောက်စစ်ပွဲဖြစ်စဉ်က ယခုနေရာမှာ အခြားရန်သူဂြိုဟ်များနှင့်အပြိုင် ရှေ့ဆုံးက ခုခံပေးခဲ့သော နေရာဖြစ်၏။
အလွန်အန္တရာယ်များသည့်အပြင် ယခုနေရာမှ အင်ပါယာစစ်တပ်၏ ဖွံဖြိုးတိုးတက်မှုမှာ အလွန်အရေးပါ၏။ ယခုနေရာမှာလူသားများနေထိုင်ရန်သင့်တော်သောနေရာမဟုတ်သည့်အပြင် အချိန်ကြာလာသောအခါ ဂြိုဟ်မှနေထိုင်သူများပင် အခြားဂြိုဟ်များသို့ရွှေ့ပြောင်းသွားကြ၏။
“ဒီဟာပြီးသွားရင် မကြာခဏပြန်လာလို့ရတာပဲ…” ဖုယွမ်ချွမ်း၏လူများသာ အဖွဲ့ချုပ်ကို ထိန်းချုပ်ထားနိုင်လျှင် စစ်ပွဲများမရှိနိုင်တော့ဟု ကျွင်းချင်ယွီ ထင်ထားခဲ့၏။
အနည်းဆုံးတော့ အချိန်တစ်ခုအထိကြာလိမ့်မည်ဟု ထင်ခဲ့သည်။
ကျွင်းချင်ယွီ စကားပြောရင်း လမ်းလျှောက်သွားရင်းပင် လက်ထဲမှ နှင်းလုံးလေးမှာ ပုံစံပြောင်းသွားသည်။ သူ ယခုစာအုပ်စာအုပ်ထဲသို့ ရောက်မလာခင်က နှင်းကျသောနေ့များကို ကြုံဖူးသည်။
တာဝန်နှင့်အပြင်ထွက်စဥ် နှင်းကျသောအချိန်ဆိုလျှင် ပေါ်သွားနိုင်ချေများ၏။ ထို့ကြောင့် နှင်းကျသောနေ့များကို သဘောမကျဘဲ နှင်းနဲ့လည်းကစားလေ့မရှိချေ။ သို့သော် ယခုအခါ နှင်းလုံးလေးများလုပ်ကာ ဖုယွမ်ချွမ်းနှင့် နှင်းလုံးပစ်တမ်းကစားနိုင်ပြီဖြစ်၏။
ရှီခိုင်ရှင်း ကျွင်းချင်ယွီ နှင်းဘောလုံးလုပ်နေသည်ကိုကြည့်ပြီး ပြုံးလိုက်ကာ
“ ကျွန်တော်လည်း နှင်းလုံးပစ်တမ်းကစားရတာကိုအရမ်းသဘောကျခဲ့တာ… အေးလွန်းလို့ လက်ထိပ်တွေ နီရဲပြီးထုံကျင်လာတဲ့အထိ နှင်းလုံးတွေလုပ်ခဲ့ကြတာ…ပြီးရင်သူငယ်ချင်းတွေ အင်္ကျီထဲလိုက်ထည့်ပြီးတော့ သူတို့လိုက်ဖမ်းရင် ထွက်ပြေးတာလေ…”
ပျော်စရာကောင်းခဲ့သော နေ့ရက်များအကြောင်းကို စဉ်းစားရင်း သူ့မျက်နှာပေါ်က အပြုံးများက ပိုမိုလေးနက်လာသည်ကို မြင်ရသည်။ သို့သော် ခဏရပ်သွားပြီးနောက် ဝမ်းနည်းပုံပေါ်လာကာ ပြောလိုက်သည်။
“အခု အရွယ်ရောက်လာပြီးတော့ မလုပ်နိုင်တော့ပါဘူး…ကျွန်တော့်ထက် အင်အားကြီးတဲ့သူတွေပဲ ဘေးနားဝိုင်းနေတာဆိုတော့ ပစ်ခံရရင် သေသွားလောက်တယ်…”
ကျွင်းချင်ယွီ: “……”
ရှီခိုင်ရှင်း၏ပျော်ပျော်နေတတ်သော အကျင့်မှာငယ်စဉ်ကတည်းက ရှိခဲ့ပုံရ၏။
ကျွင်းချင်ယွီသာဆို အခြားသူများနှင့် နှင်းလုံးပစ်တမ်းဆော့မည် မဟုတ်ချေ။ သူ့လက်ထဲမှ နှင်းလုံးကိုဘေးနားချကာ နှင်းထူသောနေရာကို ရှာနေ၏။
“နှင်းလူသား လုပ်မလို့လား…”
“အင်း…”
ရှီခိုင်ရှင်း ထိုင်နေရန်သူ့နောက်လိုက်လာခြင်းမဟုတ်သောကြောင့် သူ့ကို ကြီးမားသောနှင်းလူသားလုပ်ဖို့ ကူညီရန် ဆုံးဖြတ်လိုက်သည်။
အမှန်မှာ ကျွင်းချင်ယွီသည် နှင်းလူသားလုပ်ရန် အလောတကြီးဖြစ်နေခြင်းမဟုတ်ဘဲ လုပ်ရမည်ကို ပျော်နေခြင်းဖြစ်၏။ ဉာဏ်ရည်တုစက်ကိုပင် ထုတ်ကာ အင်တာနက်ပေါ်မှ အချက်အလက်များကိုပင်ရှာလိုက်သေးသည်။
ရှီခိုင်ရှင်း နှင်းလူသားမည်သို့လုပ်ရမည့်နည်းလမ်းကို ရှာနေသည်ဟု ထင်လိုက်သောကြောင့် “မဒမ်.. ကျွန်တော်…” ဟုစကားစလိုက်ပြီး နည်းလမ်းကို သူသိကြောင်း အင်တာနက်တွင် ရှာစရာမလိုကြောင်း ပြောရန်ပြင်နေစဉ် ရှာဖွေလက်စ စာမျက်နှာကို ဖျက်ခနဲလှမ်းမြင်လိုက်၏။
[စုံတွဲနှင်းလူသား ဘယ်လိုလုပ်ရမလဲ]
ရှီခိုင်ရှင်း: “……”
ထိုနည်းလမ်းကိုတော့ သူသိသည်ဟု မပြောနိုင်ချေ။ ရှီခိုင်ရှင်းမှာ သူ့လက်တွဲဖော်မှာ မည်သို့မည်ပုံရှိသည်ကိုပင် မသိဘဲ ကြီးပြင်းလာသူများထဲမှ တစ်ဦးဖြစ်၏။
အင်တာနက်ပေါ်တွင် အဖြေများအများအပြားရှိသော်လည်း ကျွင်းချင်ယွီကျေနပ်လောက်သော အဖြေကို ရှာမတွေ့သောကြောင့်သူ့နည်းလမ်းနှင့်သူ ပုံပေါ်လာသည်အထိ နှင်းများကို စုပုံလိုက်၏။
နှင်းလူသားလုပ်ရန်မှာ ခက်ခဲသည်ဟု ပြော၍မရသော်လည်း လွယ်ကူသည်ဟုလည်း ပြော၍မရချေ။
ပုံကြမ်းလုပ်ပြီးသွားသောအခါ အနောက်ဘက်မှ အသံတစ်ခုကို ကြားလိုက်ရ၏။ “နှင်းလူသား လုပ်နေတာလား…”
ဖုယွမ်ချွမ်းအသံကို ကြားသောအခါ ကျွင်းချင်ယွီ ချက်ချင်းပင် လုပ်လက်စနှင်းလူသားကို ထားခဲ့ကာ “အလုပ်တွေ ပြီးသွားပြီလား…”ဟု ခေါင်းလေးစောင်းကာ မေးလိုက်၏။
ဖုယွမ်ချွမ်း ငါးလေးပေါ်တွင် ကျနေသောနှင်းများကိုဖယ်ရှားပေးရင်း မေးသည်။
“အင်း… ဘာလို့လက်အိတ်တွေ မဝတ်ထားတာလဲ… မအေးဘူးလား…”
ငါးလေး၏ လက်ထိပ်လေးများမှာ အနည်းငယ်ရဲတွတ်နေသည်ကို မြင်လိုက်ရသောကြောင့်ဖြစ်၏။
“ရပါတယ်…ဘယ်လိုမှတောင် မနေဘူး…” ကျွင်းချင်ယွီက ပြန်ဖြေလိုက်လေသည်။
ကျွင်းချင်ယွီ သူ့ရှေ့မှ သူလုပ်ထားသောလက်ရာကို ညွှန်ပြကာ “ကြည့်ပါဦး… ကျွန်တော် လုပ်ထားတဲ့ နှင်းလူသား…”
“ကြည့်ကောင်းသားပဲ…” ဖုယွမ်ချွမ်း နှင်းပုံကြီးနှစ်ပုံကိုကြည့်ကာ မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိ ချီးကျူးလိုက်၏။
“လူနှစ်ယောက်လား…မင်းနဲ့ကိုယ်လား… တကယ့်လူအတိုင်းပဲ… ကိုယ့်ငါးလေးရဲ့ လက်ကတော့ တကယ့်ကိုအရည်အချင်းရှိတဲ့လက်ပဲ…”
ရှီခိုင်ရှင်း: “…”
ရှီခိုင်ရှင်း နှင်းပုံကြီးနှစ်ပုံကိုကြည့်ပြီးဖုယွမ်ချွမ်းကို ပြန်ကြည့်လိုက်၏။ “ငါပဲ မျက်စိမှားနေတာလား…”
ကျွင်းချင်ယွီ ချီးကျူးစကားကို ကြားလိုက်ရသောအခါ မျက်နှာလေးရဲသွား၏။ မက်တပ်ထရပ်ကာ ပြုံးလိုက်ရင်း မေးလိုက်သည်။
“ကျွန်တော့်ကို နှစ်သိမ့်နေတာလား…”
“တကယ်ပြောတာကို…”ဖုယွမ်ချွမ်း ငါးလေး၏လက်လေးကို ကိုင်လိုက်ကာ လက်များအေးစက်နေသောကြောင့် နွေးထွေးသွားစေရန် ဆုပ်ကိုင်ထားလိုက်၏။
ဖုယွမ်ချွမ်း၏လက်မှ အပူချိန်ကို ခံစားမိ၍ မသိလိုက်ဘဲ လက်ကိုဆွဲထုတ်ရန် လုပ်လိုက်ပြီး မေးလိုက်၏။
“အရမ်း မအေးနေဘူးလား…”
ဖုယွမ်ချွမ်း ငါးလေး၏ အေးမြနေသောပါးလေးကို ဖွဖွလေး နမ်းလိုက်ကာ ပြောလိုက်လေသည်။
“ကိုယ်က မအေးပါဘူး…”
ဖုယွမ်ချွမ်း “အခန်းရှင်းထားပြီးပြီ ပြန်သွားကြရအောင်…”
အပျက်အစီးအချို့ကို ပြင်ဆင်ပြီး ရှင်းလင်းထားပြီးဖြစ်သောကြောင့် လာခေါ်ခြင်းဖြစ်သည်။
“အလုပ်တွေ ပြီးသွားပြီလား…” ကျွင်းချင်ယွီ နောက်မှလိုက်လာသူလည်း မရှိကြောင်းသိရှိပြီးနောက် နောက်ကြောင်းများကိုလည်း ရှင်းလင်းပြီးဖြစ်ကြောင်း သိလိုက်သည်။
သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “မေးစရာရှိသေးတယ် သွားကြရအောင်…”
လုပ်ပိုင်ခွင့်ကိစ္စမှာ အသေးအမွှားဖြစ်သော်လည်း ကျွင်းချင်ယွီ ရှင်းလင်းအောင် လုပ်လိုက်ချင်သည်။
ဖုယွမ်ချွမ်း ထိုစကားကိုကြားသောအခါ ရှီခိုင်ရှင်းကို လှမ်းကြည့်လိုက်၏။
ရှီခိုင်ရှင်း မျက်လုံးများပြူးသွားကာ ကျွင်းချင်ယွီ နောက်တွင် ရပ်ပြီး ခေါင်းကိုအသည်းအသန်ခါပြလျက် လက်ကိုလည်းဝှေ့ယမ်းပြနေ၏။ သူမပြောသင့်သောအရာများကို မပြောခဲ့သောကြောင့် ကျွင်းချင်ယွီ မေးချင်သောအရာမှာ သူနှင့်မဆိုင်ချေ။
“ဘာလို့ သူ့ကိုကြည့်နေတာလဲ…” ကျွင်းချင်ယွီ တစ်ခုခုကို ခံစားမိသွားကာ မျက်မှောင်ကြုတ်ပြီး ထပ်မေးလိုက်၏။ “ပြဿနာတစ်ခုခုရှိလို့လား…”
“မဟုတ်ပါဘူး…” ဖုယွမ်ချွမ်း ထိုသို့သောအကြည့်မျိုးဖြင့် ကြည့်ခံရလျှင် အပြစ်ရှိသည်ဟု ခံစားမိ၏။
ရှီခိုင်ရှင်း စိတ်အေးသွားသဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး ဖုယွမ်ချွမ်းကို အရိုအသေပေးကာ တိတ်တိတ်လေး ထွက်သွားလေသည်။
ကျွင်းချင်ယွီ အခြေအနေကိုကြည့်ရင်း ထူးဆန်းသော ခံစားချက်များပေါ်လာသည်။ သူ့မျက်လုံးများက လခြမ်းကွေးလေးများအသွင်ပြောင်းကာ နှုတ်ခမ်းထောင့်လေးများကွေးသွားသည်အထိပြုံးပြီးမှ မျက်နှာပြန်တည်လျက် ပြောလိုက်၏။
“မဟုတ်တာ သေချာတယ်နော်…”
ဖုယွမ်ချွမ်း: “……”
—
နှင်းများ ဆက်တိုက်ကျနေဆဲဖြစ်၏။ ဖုယွမ်ချွမ်း ငါးလေး၏ခါးကို ဖက်ထားကာ အခြားလက်တစ်ဖက်ဖြင့် ထီးကို ဆောင်းထား၏။
ယခုရှင်းနေသော လမ်းကြောင်းပေါ်တွင်လည်း မကြာခင်နှင်းများကျလာတော့မည် ဖြစ်၏။ သို့သော် လမ်း၏အခြားတစ်ဖက်ထက်တော့ နည်းနေမည် ဖြစ်သည်။
အိမ်အပြန်လမ်းမှာ စကားမပြောကြဘဲ တိတ်ဆိတ်နေ၏။
ကျွင်းချင်ယွီထိုအကြောင်းကို စဉ်းစားလေ ပုံမှန်မဟုတ်လေ ဖြစ်နေ၏။ ဖုယွမ်ချွမ်း၏ ခုနကတုန့်ပြန်မှုကြောင့်လား လုပ်ပိုင်ခွင့်ကိစ္စကြောင့်လားတော့မသိ။ အဆိုးဆုံးကိုသာ စဉ်းစားမိနေသည်။
စိတ်ထဲတွင် မသေချာမရေရာများဖြစ်လာသောအခါ ထင်မြင်ချက်များကို ထင်ရာတွေးကြည့်တော့သည်။ တွေးလေတွေးလေ မရေရာသောအရာများ စိတ်ထဲတွင် ထပ်ပေါ်လာကာ အဆုံးမရှိသံသရာလည်နေတော့၏။
စဉ်းစားနေရင်း ရုတ်တရက် ချော်သွား၏။ ဖုယွမ်ချွမ်း တင်းတင်းကြပ်ကြပ်ဖက်လိုက်ကာ မြေပြင်ပေါ်သို့ ကျလုနီးနီးဖြစ်နေသော ငါးလေးကို ပွေ့ဖက်လိုက်၏။ “သတိထားမှပေါ့…”
ကျွင်းချင်ယွီ မျက်လုံးလေးပုတ်ခက် ပုတ်ခက်လုပ်ကာ ဖုယွမ်ချွမ်း၏ ပုခုံးပေါ်မှ နှင်းများကို သတိထားမိသွား၏။ “ကျွန်တော့်ကို ကုန်းပိုး…”
“ခြေထောက် ခေါက်သွားလို့လား…”
ကျွင်းချင်ယွီ ခေါင်းခါပြလိုက်ပြီး သူ့ပုခုံးပေါ်က နှင်းများကိုဖယ်ပေးလိုက်ကာ “ကျွန်တော့်ကို ထီးပေး…” ဟု ပြောလိုက်၏။
“ကောင်းပါပြီဗျာ”
Xxxxxx