Chapter 125
ကျွင်းချင်ယွီ သူတို့နှစ်ယောက်လုံးကာမိစေမည့်နည်းဖြင့် ထီးကိုကိုင်လိုက်၏။ သူ့မျက်စိရှေ့မှ မြင်ကွင်းကြောင့် ဖြည်းဖြည်းချင်း စိတ်ငြိမ်လာသည်။ တစ်လောကလုံးကို နှင်းစောင်ကြီးဖြင့် ဖုံးလွှမ်းထားသကဲ့သို့ ဖြစ်နေ၏။
ခဏကြာစဉ်းစားပြီးနောက် ဖုယွမ်ချွမ်းပါးကို သွားကိုင်ကာ မေးခွန်းထုတ်လိုက်သည်။
“ကျွန်တော့်ကို ပြောစရာရှိလား…”
“ဟင်” ဖုယွမ်ချွမ်း ဖြည်းဖြည်းချင်းလျှောက်ရင်း သူမေးခံလိုက်ရသော မေးခွန်းကိုစဉ်းစားကာ ပြောလိုက်သည်။ “ရှီခိုင်ရှင်းက မင်းစိတ်ဆိုးအောင်ဘာတွေ ပြောလိုက်ပြန်ပြီလဲ…”
စိတ်ဆိုးခြင်း မဆိုးခြင်းက ပြဿနာမဟုတ်ဘဲ ကျွင်းချင်ယွီ နားမလည်နိုင်ခြင်းသာဖြစ်၏။
“လုပ်ပိုင်ခွင့်ကိစ္စပါ… ကျွန်တော့်လုပ်ပိုင်ခွင့်က ဘာလို့ပိုမြင့်နေရတာလဲ…”
“ဟုတ်တယ်…” ငါးလေးလည်း အနည်းအများ သိပြီးဖြစ်သောကြောင့် ဖုယွမ်ချွမ်းဘာမှ ထပ်ပြောရန်မလိုတော့ချေ။
ဖုယွမ်ချွမ်း အမြန်ဝန်ခံလိုက်သောကြောင့် ကျွင်းချင်ယွီပင် ရုတ်တရက်ဘာပြန်ပြောရမှန်း မသိတော့ဘဲ ခဏငြိမ်သွားပြီးမှ ပြောလိုက်သည်။
"ကျွန်တော့်ကို တစ်ခုခုဖုံးကွယ်ထားတာ ရှိတယ် ထင်လို့…”
“ဘာလို့ ဖုံးကွယ်ထားရမှာလဲ…”
“တကယ်ပြောတာလား…” ကျွင်းချင်ယွီ ပြန်မေးလိုက်ပြီးမှ ဆက်ပြောလိုက်သည်။ “အဲ့ဒါဆို ဘာလို့ရုတ်တရက်ကြီး ကျွန်တော့်လုပ်ပိုင်ခွင့်ကို မြှင့်ပေးလိုက်တာလဲ…”
"ရုတ်တရက်ကြီးမဟုတ်ပါဘူး… အရင်ကတည်းကလုပ်ချင်နေခဲ့တာကို စစ်ဖြစ်သွားပြီး မင်းပဲ အင်ပါယာမှာကျန်နေခဲ့တာလေ…၊ တစ်ခုခု လုပ်ချင်ရင် အဆင်မပြေမှာစိုးရိမ်လို့ အမြင့်ဆုံးကို ပြောင်းထားပေးလိုက်တာ…”
ကျွင်းချင်ယွီ အနည်းငယ်နားလည်သွားသည့်သဘောဖြင့်ခေါင်းညိတ်ပြလိုက်၏။
အင်ပါယာ၏ ကိစ္စရေးရာများကို ဖြေရှင်းရန် အဆင်ပြေလျှင် အဆင့်မြင့်လုပ်ပိုင်ခွင့်ရှိခြင်းက ပိုအဆင်ပြေမည်ဖြစ်၏။
မဟုတ်လျှင် အရေးကြီးကိစ္စများနှင့်ကြုံရလျှင် ဖုယွမ်ချွမ်းကို အရင်တင်ပြရမည်ဖြစ်ကာ ခွင့်ပြုချက်ရမှ ဆက်လုပ်နိုင်မည်ဖြစ်၏။
ဒုက္ခမရောက်လောက်အောင် သူ့ကိုယ်ပိုင်စမ်းသပ်ချက်များဖြင့် အလုပ်ရှုပ်နေခဲ့သောကြောင့် လုပ်ပိုင်ခွင့်ပို အသုံးပြုရန်အခွင့်အရေးပင် မရှိချေ။
ထို့ကြောင့် ကျွင်းချင်ယွီ စိတ်အေးသွား၏။
အခန်းပုံစံမှာ အနည်းငယ်သာပြောင်းလဲသွားပုံရသော်လည်း မူလက စမ်းသပ်ပစ္စည်းများကိုထားခဲ့သော နေရာမှာ လွတ်နေ၏။
ဖုယွမ်ချွမ်း၏ အမိန့်ပင်ဖြစ်ရမည်။ သို့သော် ဓာတ်ပြုပစ္စည်းများမှာ ပြုလုပ်ထားပြီး ဖြစ်သောကြောင့် ပေးထားသော ဓာတ်ပြုပစ္စည်းများမှာတော့ မကုန်နိုင်သေးချေ။
စမ်းသပ်မှုလုပ်ရန် အချိန်အကြာကြီးယူကာ ပြင်ဆင်စရာမလိုတော့ပေ။
ရှောင်းယွီကို အိမ်ရာဘေးတွင်ချကာ ဖုယွမ်ချွမ်း အိမ်ထဲမှ အပူချိန်ကိုချိန်လိုက်ပြီး အနည်းငယ်ထူသော ညအိပ်ဝတ်စုံများကိုရှာကာ ရှောင်းယွီကို ပေးလိုက်၏။ “ဒါလဲဝတ်လိုက်…”
ကျွင်းချင်ယွီ စကားနားထောင်ကာ ဝတ်လိုက်သော်လည်း ဝတ်စုံအသားမှာ ထူနေသည်ကို ခံစားမိပြီး ပြောလိုက်သည်။ “ဒါက နည်းနည်းထူတယ်…”
"အအေးမမိအောင် ထူတာဝတ်ရမှာပေါ့…"
ထိုညက ငါးလေးမှာ အပြင်ဘက်တွင် အကြာကြီးနေကာ နှင်းထဲတွင်လည်း ဆော့နေခဲ့သည်ဖြစ်သောကြောင့် အအေးမမိစေရန် ပုံမှန်ထက်ပိုထူသော အဝတ်များကို ဝတ်စေခြင်းဖြစ်၏။
ကျွင်းချင်ယွီ ရေအေးတစ်ငုံကို သောက်လိုက်ကာ ပြောသည်။ “ရေသူက ဘယ်လိုလုပ် အအေးမိမှာလဲ…”
"ဟုတ်သားပဲ…" ဖုယွမ်ချွမ်းက ပြန်ပြောလိုက်သော်လည်း ညအိပ်ဝတ်စုံကိုပြန်မလဲခိုင်းချေ။
အဖွဲ့ချုပ်အပါအဝင် ဂြိုဟ်ပေါ်မှ အခြားကိစ္စများကိုဖြေရှင်းရန် ရှိနေသောကြောင့် ဖုယွမ်ချွမ်း ပုံရိပ်ယောင်ကွန်ပျူတာရှေ့တွင်ထိုင်လိုက်၏။
ကျွင်းချင်ယွီ ရေသောက်ပြီးသောအခါ ရေနွေးမှာအဆင်သင့်ဖြစ်လေပြီ။ "ယွမ်ချွမ်း… အစည်းအဝေးရှိတာလား…"
"ဖိုင်တွေ ပြန်ကြည့်နေတာပါ…"
ကျွင်းချင်ယွီ ခေါင်းညိတ်ပြလိုက်၏။
ဖျော်ထားသော လက်ဖက်ရည်ကို ယူသွားကာ ဖုယွမ်ချွမ်းဘေးတွင် ထားလိုက်ပြီး ပေါင်ပေါ်တွင် ထိုင်လိုက်၏။
ရှောင်ယွီ၏ ချဉ်းကပ်မှုကြောင့် ဖုယွမ်ချွမ်းမသိလိုက်ပဲ လက်များကို အလိုလျောက်မြှောက်ကာ တုန့်ပြန်လိုက်မိသွားသည်။ သူ့လက်များက ရှောင်ယွီပြုတ်ကျသွားမည်စိုးသောကြောင့် ခါးမှသိုင်းဖက်ထားလျက်သား ဖြစ်နေသည်။
ကျွင်းချင်ယွီ ဆင်တူစာရွက်စာတမ်းများကို ကြည့်ဖူးသော်လည်း ယခုစာရွက်စာတမ်းကိုကြည့်လိုက်သောအခါ ခေါင်းခဲသွား၏။ထို့ကြောင့် ခေါင်းကိုပြန်လှည့်လိုက်ကာ ရင်ခွင်ထဲတွင်သာ မှီနေလိုက်သည်။
“ဆက်ပြီးတော့ အလုပ်ရှုပ်လိုက်ပါဦး…”
ရှောင်ယွီ ကိုပွေ့ဖက်ထားရသော ဖုယွမ်ချွမ်းမှာ အခြားကိစ္စများကို လုပ်ချင်စိတ်မရှိတော့။ သူကြည့်ရမည့် ဖိုင်အများစုမှာတော်ဝင်မျိုးနွယ်များထံမှ အရေးမပါသော မေးလ်ထဲတွင် အချိန်အတော်ကြာရှိနေပြီးသော အရာများဖြစ်၏။
စာအချို့ကို ဖတ်ပြီးသောအခါ ဖုယွမ်ချွမ်း မေးလိုက်၏။ “ပျင်းနေပြီလား…”
ကျွင်းချင်ယွီ ပြုံးရင်း ပြန်ပြောလိုက်သည်။ "မပျင်းပါဘူး… ဒီတိုင်းလေး သဘောကျတယ်… "
ဉာဏ်ရည်တုစက်ပေါ်မှ သတင်းများကြည့်ရုံကလွဲ၍ အတူတူ လမ်းလျှောက်ထွက်ရန်လည်းမဖြစ်နိုင်သောကြောင့် ယခုအတိုင်းလေး ဖုယွမ်ချွမ်းကို ငြိမ်ငြိမ်လေးကြည့်နေရခြင်းက ပိုကောင်းသည်။
အလုပ်ကြိုးစားနေသောမာရှယ်မှာ အလွန်ဆွဲဆောင်မှုရှိ၏။
"ဒါပေမယ့် ကိုယ်ကတော့သဘောမကျဘူး…"
"ဟင်…"
ကျွင်းချင်ယွီ အူကြောင်ကြောင်လေးကြည့်နေတုန်းပင် ဖုယွမ်ချွမ်း လက်ဖြင့်စားပွဲပေါ်မှ ဖိုင်များကို ဖယ်ပစ်လိုက်ကာ သူ့ကိုစားပွဲပေါ်သို့ တင်လိုက်၏။
"..."
ထို့နောက် ကျွင်းချင်ယွီ ဖုယွမ်ချွမ်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို လက်ဖြင့်ဖက်ထားကာ ရင်ခွင်ထဲ၌ ငြိမ်သက်စွာ အသက်ရှူနေ၏။
(ကားဖြတ်သွားတာ လိုက်လို့တောင်မမှီလိုက်ဘူး 🤧🤧)
ဖုယွမ်ချွမ်း တစ်သျှူးအစိုကိုယူကာ မျက်လုံးထောင့်များမှ မျက်ရည်စလေးများကို ညှင်သာစွာ သုတ်ပေး၏။ အချို့သော ပုလဲလေးများမှာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေကာ သိမ်း၍ပင်မနိုင်တော့ချေ။ ထို့ကြောင့် စားပွဲပေါ်မှ ပုလဲလေးများကိုသာ အံဆွဲထဲတွင် သိမ်းထားလိုက်သည်။
အိမ်မှ ပုလဲဘူးကို သယ်မလာနိုင်သောကြောင့် ရေတွက်ပြီးလျှင် ဘူးအသစ်အချို့ပင်ပြင်ဆင်ရန် လိုအပ်လာမည်ထင်၏။
ဖုယွမ်ချွမ်း ပုလဲများကောက်နေသည်ကို မြင်သောအခါ ကျွင်းချင်ယွီ မရှင်းပြတတ်လောက်အောင်ပင် ပူလောင်သွား၏။ ပုလဲလုံးလေး စားပွဲပေါ်ကပြုတ်ကျသွားသောအချိန်မြည်သွားသော “ကလစ်”ဆိုသည့်အသံက ပုလဲလုံးပြုတ်ကျသွားချိန်ကို ပြန်ပြီးအမှတ်ရစေ၏။
ကျွင်းချင်ယွီ မျက်နှာကိုလက်ဖြင့်ဖုံးကွယ်ကာ ပုန်းနေလိုက်၏။ သို့သော် ခဏအကြာမှာပင် ကျွင်းချင်ယွီရုတ်တရက်ခေါင်းမော့ကာ ဖုယွမ်ချွမ်းလက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်ပြီး လှမ်းတားလိုက်သည်။
"ခဏလေး…နေဦး…”
"ဘာလို့လဲ…"
ရှောင်ယွီ အားသိပ်မသုံးသောကြောင့် ရုန်းလိုက်လျှင်ရုန်းနိုင်သော်လည်း ဖုယွမ်ချွမ်း မလုပ်ဘဲ ပြောလိုက်သည်။ "ငြိမ်ငြိမ်နေနော်…"
ကျွင်းချင်ယွီလှမ်းဆွဲထားသောလက်မှာ ရုတ်တရက်တင်းကြပ်သွားပြီး “အင်း…”
သူ့ခေါင်းကိုငုံ့လိုက်ကာ နဖူးကိုပုခုံးတွင်အပ်ထားပြီး သန့်ရှင်းနေသောခံစားချက်မှာ အလွန်ပင်ကြည်လင်နေ၏။
နားထဲတွင် ရေသံတိုးတိုးလေးကို ကြားရပြီးနောက် ကျွင်းချင်ယွီ နှုတ်ခမ်းများကိုစေ့ကာ ငြိမ်ငြိမ်ပင်မထိုင်နိုင်ဘဲ မေးလိုက်သည်။
“ပြီး…ပြီးသွားပြီလား…”
"ပြီးပြီ…"
သူက ပြောပြီးပြီးချင်းပင် စိုစွတ်ပူနွေးသောပဝါနှင့် သန့်ရှင်းပေးကာ အဝတ်အစားများကို ဆန့်ပေးလိုက်သည်။
---
အဖွဲ့ချုပ်နှင့် သဘောတူညီမှုရယူရန် နေ့မှာနီးကပ်လာပြီဖြစ်ကာ ကျွင်းချင်ယွီလက်တလော ဘယ်မှမသွားဘဲ အခန်းထဲတွင်သာနေနေ၏။
သဘောတူညီမှု လက်မှတ်ထိုးပြီးလျှင် သူတို့အိမ်ပြန်နိုင်ပြီ ဖြစ်သည်။
အာရုံစိုက်နေလျှင် ဖြစ်လာမည့်အရာများမှာ ပိုအချိန်ကြာနေ၏။ ကျွင်းချင်ယွီ ပြက္ခဒိန်ပေါ်မှ ရက်စွဲနောက်တစ်ခုကို ခြစ်ထုတ်လိုက်ချိန်တွင် ဖုယွမ်ချွမ်း မနက်စာယူကာ ဝင်လာ၏။
ဖုယွမ်ချွမ်း မနက်စာကို စားပွဲပေါ်တွင်တင်လိုက်ကာ “အရင်စားကြရအောင်…လက်မှတ်ထိုးမယ့်နေ့က ရှေ့တိုးသွားပြီ… ခဏနေအဲ့ဒီကိုသွားပြီးတော့ လမ်းမှာ တစ်ယောက်ယောက်နဲ့ တွေ့ပေးစရာရှိတယ်…”
"ရှေ့တိုးသွားတယ်…" ကျွင်းချင်ယွီ စားပွဲတွင်ထိုင်ရင်း ကြက်ဥကိုခွါကာ ဖုယွမ်ချွမ်းကို ကျွေးလိုက်၏။ “အဲ့လိုရက်ကြီးကိုသတ်မှတ်ပြီးတော့ ပြောင်းလို့ရလား…"
ဖုယွမ်ချွမ်း "နောက်ရွေ့လို့တော့ မရပေမယ့် ရှေ့တိုးလို့တော့ ရပါတယ်…"
နှစ်ဖက်စလုံးက သဘောတူရန်တော့ လိုအပ်၏။ ဖုယွမ်ချွမ်း ရှောင်ယွီအခုတလော ပျင်းနေသည်ဟုထင်ကာ ရက်အနည်းငယ်ပင်ဖြစ်စေ ရှေ့တိုးရန်လုပ်ခဲ့ခြင်းဖြစ်၏။
ကျွင်းချင်ယွီ ခေါင်းညိတ်ပြလိုက်သည်။ ရှေ့တိုးသွားသည်မှာလည်း ကောင်း၏။ အချိန်အတော်ကြာနေပြီဖြစ်သည်။ အဖွဲ့ချုပ်ခေါင်းဆောင်ရောက်ရန်ကြာချိန်ကို မှန်းဆထားပြီးဖြစ်၏။ လက်ရှိတွင် သူတို့စောရောက်ရန် လိုအပ်သည်။ လက်မှတ်မြန်မြန်ထိုးလေ ပြဿနာကို မြန်မြန်ဖြေရှင်းနိုင်လေ ဖြစ်၏။
မနက်စာအတွက် ဖုယွမ်ချွမ်းပေါင်မုန့်လုံးများသယ်လာသည်ကို မြင်၏။ ကျွင်းချင်ယွီ တစ်ကိုက်ကိုက်လိုက်သည်။ အထဲတွင်အသားငါးများဖြင့် အစာသွပ်ထား၏။ ယခုနေရာတွင် ကျွေးသည့်အစားအသောက်တော့ မဖြစ်နိုင်။ ဖုယွမ်ချွမ်း ကိုယ်တိုင်အပြင်ထွက်ဝယ်လာခြင်း ဖြစ်နိုင်သည်။
ကျွင်းချင်ယွီ ပေါင်မုန့်လုံးများကို စားရင်းမေးလိုက်၏။ “တွေ့ရမှာက ဘယ်သူလဲ…”
ဖုယွမ်ချွမ်း : "ဖုချင်းဟန်
ကျွင်းချင်ယွီ ခဏကြောင်သွား၏။ ကြားဖူးသော နာမည်မဟုတ်သည့်တိုင် မျိုးရိုးအမည်ဖုကိုတော့ ခန့်မှန်းမိနေ၏။
"အဖွဲ့ချုပ်ခေါင်းဆောင်"
ခဏအကြာတွင် ဖုယွမ်ချွမ်းက ထပ်ဖြည့်ပြော၏။
"ယာယီ အစားထိုးပါ..."
အဖွဲ့ချုပ်ခေါင်းဆောင် အမှန်တကယ်ဖြစ်လာနိုင်ရန် အချိန်တစ်ခုသာ လိုအပ်သော်လည်း ပိုမိုခိုင်မာရန် လိုအပ်သေးသည်။
"အဖွဲ့ချုပ်ထဲကလူဆိုတာ သူ့ကိုပြောတာလား…”
သူက အဖွဲဲ့ချုပ်ကိုယ်စား အင်ပါယာနှင့် သဘောတူညီမှု လက်မှတ်ထိုးခြင်းဖြစ်၏။ချွင်းချက်မှာ ထိုလူက ဖုယွမ်ချွမ်း၏မိသားစုဝင် ဖြစ်နေခြင်းဖြစ်၏။
"ကိုယ့် ညီလေးတဲ့…" ဖုယွမ်ချွမ်း အအေးဘူးကိုဖောက်ပြီး ရှောင်ယွီဘေးနားချပေးရင်းပြောလိုက်၏။
"လက်တလောလေးတင်အတည်ပြုထားတာ…"
ကြယ်တာရာတိုက်ပွဲအတွင်း သူ့ညီလေးဟုခေါ်သောလူတစ်ယောက် အဖွဲ့ချုပ်တွင်ပေါ်လာသော်လည်း ဖုယွမ်ချွမ်းသည် တစ်ဖက်လူကို သေသေချာချာ စစ်ဆေးပြီးမှ အတည်ပြုမည့်သူမျိုးဖြစ်၏။
ကျွင်းချင်ယွီ ရုတ်တရက်ရပ်သွားသည်။ ဖုယွမ်ချွမ်းတွင် ညီလေးတစ်ယောက်ရှိမှန်း သိသော်လည်း မူလစစ်ပွဲအတွင်း၌ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်၏။
ထိုအချိန်က အသက်ငယ်သောကလေးများတွင် ရှင်သန်နိုင်ချေမရှိချေ။ ထို့အပြင် ဖုမိသားစုမှာ ထိုအချိန်က အလွန်ခက်ခဲနေခဲ့၏။ ဖုယွမ်ချွမ်းမှလွဲ၍ အခြားလူများမှာ အပိုလူများဖြစ်သည်။
ဖုချန်းယွီကလည်း သူ့ကို ရှာဖွေရန် ကူညီမည်မဟုတ်သောကြောင့် အလောင်းကိုပင် မရှာနိုင်ခဲ့ချေ။
သို့သော်လည်း ထိုကလေးက အသက်ရှင်ကျန်နေပြီး အဖွဲ့ချုပ်တွင်ရောက်နေသည်တဲ့လား။
ကျွင်းချင်ယွီ ခဏအကြာတွေးပြီးနောက် ဖုချင်းဟန်ကိုယ်တိုင်တော့ အဖွဲ့ချုပ်ကို သွားခြင်းမဖြစ်နိုင်ဟု ထင်လိုက်သည်။ ကြင်နာတတ်သော အဖွဲ့ချုပ်မှ စစ်သားတစ်ယောက်က ခေါ်သွားခြင်းဖြစ်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုသူအသက်ရှင်နေသည်ကပင် ကောင်းခြင်းတစ်ခုဖြစ်၏။
စဉ်းစားကြည့်မှ ကျွင်းချင်ယွီ ဖုယွမ်ချွမ်းပြန်သွားသောနေ့ကို ရုတ်တရက်မှတ်မိသွား၏။ "အဲ့ဒီနေ့က ရုတ်တရက်ပြန်သွားတာ အဲ့ဒါကြောင့်လား…"
ဖုယွမ်ချွမ်း ကိုယ်တိုင်မှာ စစ်ဆေးနိုင်သော အရေးကြီး DNA စစ်ဆေးမှုကြောင့်ဖြစ်၏။
"ဟုတ်တယ်…"
ပုံမှန်ဆိုလျှင် ယခုလိုသဘောတူညီမှုမျိုးမှာ အာကာသစခန်းတွင် လုပ်လေ့ရှိကြပြီး အင်ပါယာထဲမှ ဂြိုဟ်များအထိ လာလေ့မရှိကြချေ။ ထို့အပြင် အဖွဲ့ချုပ်ခေါင်းဆောင်ကိုယ်တိုင်လာရောက်ခြင်းလည်း ဖြစ်၏။ ထောင်ချောက်ထဲ ဝင်ရသောခံစားချက်မျိုးဖြစ်နေသည်။
ကျွင်းချင်ယွီ အာကာသစခန်းကိုသွားရန်အကြောင်းကို စဉ်းစားလိုက်သောအခါ မသွားချင်ပေ။ ထို့အပြင် မတွေ့ရတာ ကြာလှပြီဖြစ်သော ညီအစ်ကိုနှစ်ယောက်အဖို့ ပြောစရာ အမြောက်အများရှိနေမည်ဖြစ်၏။ သူတို့နှစ်ယောက် ငိုလျှင် ဘာလုပ်ရမလဲအထိပါစဉ်းစားမိသွားသည်။
အင်း... ငိုတာကို မြင်တော့မြင်ချင်မိသား။
ဖုယွမ်ချွမ်းက သူ့ညီလေးနှင့်အတူတူငိုမည်လားတော့ သူမပြောတတ်ပေ။
သို့သော် ဖုယွမ်ချွမ်းမှာ ခံစားချက်များကို ထိန်းချုပ်နိုင်သူဖြစ်သောကြောင့် ထိုသို့ဖြစ်နိုင်ချေမှာတော့ နည်းပါးလှသည်။
ကျွင်းချင်ယွီ ပိုစဉ်းစားလေ သူမလိုက်သွားသင့်လေဟု ထင်လာ၏။ ထို့ကြောင့် ခေါင်းခါပြကာ ပြောလိုက်သည်။
“ဒီကပဲ ပြန်လာတာကို စောင့်နေတော့မယ်…”
ရှောင်ယွီက ရက်အတော်ကြာအောင် အခန်းထဲတွင်သာ နေခဲ့သောကြောင့် ညတွင် လမ်းလျှောက်ထွက်ရန်ကောင်းသည့်အခြေအနေဖြစ်ပြီး ထိုသို့သော အခိုက်အတန့်မှာ ရှောင်ယွီကို လူရှေ့သူရှေ့ခေါ်သွားရန် သင့်တော်သောအချိန်အခါလည်း ဖြစ်၏။
ထိုအချိန်တွင် ဂြိုဟ်ပေါ်မှထုတ်လွှင့်ရေးဌာနများလည်း ရှိနေမည်ဖြစ်သောကြောင့် ယခင်ကကျန်ရှိနေသော အင်ပါယာအရှင်နှင့် ကြင်ယာတော်၏ ပုံရိပ်ကိုလည်းပြောင်းလဲနိုင်မည်ဖြစ်ပြီး ရှောင်ယွီအတွက် နောင်လာမည့် ကိစ္စရေးရာများကို ကိုင်တွယ်ရေးတွင်အလွန်အကျိုးပြုနိုင်မည် ဖြစ်သည်။
ဖုယွမ်ချွမ်း ထိုသဘောတူညီမှုကို စသဘောတူကတည်းက ရှောင်ယွီနှင့်အတူတူ တက်ရောက်ပြီးလက်မှတ်ထိုးချင်ခဲ့သည်ဖြစ်သောကြောင့် ပြောလိုက်သည်။
"မိသားစုရဲ့ဦးစီးအနေနဲ့ ဒီလိုအရေးကြီးပွဲမှာ ပျက်ကွက်လို့ဘယ်ဖြစ်မလဲ…”
ကျွင်းချင်ယွီအနေဖြင့် လူများနှင့်ပြောဆိုရသည်ကို မနှစ်သက်ချေ။ ထိုသို့ကိစ္စကြီးတွင် ပြောစရာစကားက အလွန်များမည်ဖြစ်၏။ ယခင်က အင်ပါယာနှင့် အဖွဲဲ့ချုပ်ကိစ္စများတွင် အင်ပါယာအထိရှေ့ထွက်ပြစရာမလိုအပ်ချေ။
သို့သော် ဖုယွမ်ချွမ်းက သူ့ကိုထိုနေရာသို့ခေါ်သွားချင်သည်။ ကျွင်းချင်ယွီ ခဏကြာအောင် စဉ်းစားလိုက်ပြီး သဘောတူညီမှုပြီးသည့်အချိန်တွင် အိမ်သို့တန်းပြန်နိုင်ကာ စခန်းသို့ပြန်လာရန် မလိုတော့ကြောင်း သဘောပေါက်သွားသည်။
Xxxxxxx