အပိုင်း (၂၇၃)
Viewers 31k

Chapter 273


စုန့်ထင်ရှန်းက ထိုစာရွက်ကို ဓာတ်ပုံဘောင်ပေါ်ကပ်လိုက်သည်။


"ကိုယ် စိတ်အားမတက်ကြွတဲ့အချိန်မှာ ဒါလေးကိုကြည့်တာနဲ့ စိတ်အားတက်ကြွပြီး ပျင်းရိခြင်းကနေ ကာကွယ်ပေးလိမ့်မယ်..."


သူ့မိန်းမက ရုပ်ဝတ္တုပစ္စည်းများအပေါ် လိုချင်တပ်မက်မှုကြီးမားကြောင်း သတိရနေသည်နှင့်အမျှ သူက ပေါ့ပေါ့ပါးပါးနေရဲတော့မည်မဟုတ်ပေ။ သူ့အလုပ်ထဲခေါင်းနှစ်ကာ ပိုက်ဆံရရန် အကောင်းဆုံး ကြိုးစားရပေမည်။


ယွမ်ရှက စိတ်ကျေနပ်စွာဖြင့် ပြုံးပြီးမေးလိုက်သည်။

"ရှင့်အစည်းအဝေးက ပြီးပြီလား..."


"အင်း..."

စုန့်ထင်ရှန်း ခေါင်းငြိမ့်လိုက်သည်။


"အတော်လေးလည်း စောသေးတယ်ဆိုတော့ ကိုယ်မင်းကို ရုပ်ရှင်တစ်ကားလောက်ကြည့်ရအောင် ခေါ်သွားပြီး ခဏလောက်အနားယူကြတာပေါ့..."


ယွမ်ရှက ကွန်ပျူတာမျက်နှာပြင်အောင်ခြေရှိ ညာဘက်ထောင့်ကိုကြည့်ပြီး တုန့်ဆိုင်းစွာပြောလိုက်သည်။

"၈နာရီတောင်ထိုးပြီးပြီ... ကျွန်မတို့ ရုပ်ရှင်ကြည့်ပြီးတဲ့အချိန်ကြရင် ၁၀နာရီ ၁၁နာရီလောက်ရောက်လောက်ပြီ... အိုင်း... ဝမ်လေးကတော့ သူ့ဘာသာသာ အိပ်ရာဝင်ရတော့မှာပဲ..."


အမေတစ်ယောက်ဖြစ်လာပြီးနောက်တွင် ညရေးညတာတွင် စကားပြောရန် အချိန်မရှိခဲ့ပေ။ နောက်ကျသည်အထိ အပြင်ထွက်ကာ ရုပ်ရှင်ကြည့်ခြင်းဆိုသည်မှာ အတော်လေး အကုန်အကျများပေသည်။


"သူ့ဘာသာ တစ်ယောက်တည်းအိပ်ဖို့ အချိန်ရောက်နေပြီလေ..."

စုန့်ထင်ရှန်းက လေးနက်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"သူက ငါးနှစ်တောင် ပြည့်တော့မယ်... သူ့မာမားနဲ့ဆက်အိပ်နေရင် ဘယ်လိုလုပ်ပြီး အမှီအခိုကင်းကင်းနေနိုင်အောင် သင်ယူနိုင်ပါ့မလဲ..."


"ဒါပေမဲ့...."

ယွမ်ရှက လွယ်လွယ်ကူကူ သဘောမတူလိုက်နိုင်ပေ။ 


စုန့်ထင်ရှန်း သက်ပြင်းချလိုက်သည်။

"အမေတစ်ယောက်က အရမ်းအလိုလိုက်တာ မကောင်းဘူးနော်... အဲ့တာက ကလေးတစ်ယောက်ကို ပျက်စီးစေတယ်..."


"အတူတူအိပ်ရုံလေးပါ... အဲ့လောက်ကြီး ပြင်းထန်တဲ့ အဆင့်အထိ မြင့်သွားနိုင်လို့လား..."


စုန့်ထင်ရှန်းက ခေါင်းငြိမ့်လိုက်သည်။

"ကိုယ်တို့ ရုပ်ရှင်သွားမကြည့်ရင် အဲ့လိုဖြစ်မှာပဲ..."


သူတိူ့၏လက်ရှိ အခြေအနေမှာ အလွန်ရိုးရှင်းလှသည်။ သူတို့၏ဆက်ဆံရေးတွင် အချစ်ဇာတ်လမ်းလေးများ တိုးတက်လာရန် အချိန်မရှိပေ။ ရုံးဖွင့်ရက်များတွင် သူကအလုပ်ကိုသွား၍ နှစ်ယောက်အတူရှိရန် အချိန်မရှိပေ။ ရုံးပိတ်ရက်များတွင်လည်း ဝတုတ်ပိစိလေးမှာ ကျောင်းပိတ်သဖြင့် သူ့ကိုအိမ်တွင်ချန်ထားပြီး ချိန်းတွေ့၍မရပေ။


အဆုံးတွင် ယွမ်ရှက စုန့်ထင်ရှန်းနှင့်အတူ ရုပ်ရှင်သွားကြည့်ခဲ့သည်။ ရုံးဖွင့်ရက်ညပိုင်းဖြစ်ပြီး ညကိုးနာရီထိုးလုနီးနီးဖြစ်၍ ရုပ်ရှင်ရုံတွင် လူနည်းနည်းသာရှိ၏။ တွဲနေကြပါသော လူနှစ်ယောက်အတွက် သူတို့ဘာရုပ်ရှင်ကြည့်ရရ... ရုပ်ရှင်က ကောင်းကောင်း မကောင်းကောင်း ကိစ္စမရှိပေ။ အဓိကအချက်မှာ ရုပ်ရှင်ရုံက မှောင်မဲနေပြီး သူက သူမ၏လက်ကို အချိန်အကြာကြီးကိုင်နိုင်၍ဖြစ်သည်။


သူတို့အိမ်ပြန်ရောက်ချိန်တွင် ညသန်းခေါင်ပင် ရောက်လုနီးနီးဖြစ်နေလေပြီ။ ယွမ်ရှက သန်းဝေလိုက်ပြီး သူမအခန်းကိုပြန်ကာ အိပ်ရန် ပြင်လိုက်၏။ သူမကို အံ့ဩစေသည့်အရာမှာ သူမအိပ်ခန်းထဲမရောက်ခင် စုန့်ထင်ရှန်းက သူမလက်ကိုဆွဲကာ တားလိုက်၍ဖြစ်သည်။


သူမ နောက်လှည့်ကြည့်လိုက်သည်။

"ဟမ်..."


စုန့်ထင်ရှန်းက အဓိပ္ပါယ်ပြည့်ဝစွာပြောလာသည်။

"မင်းအထဲကိုဝင်လိုက်ရင် ဝမ်လေးကိုနှိုးမိမလားလို့ စဉ်းစားနေတာ..."


ယွမ်ရှ ရှက်သွေးဖြာသွားသည်။ သူတို့နှစ်ယောက်လုံးက စိတ်ဆန္ဒတို့ရှိသော အရွယ်ရောက်ပြီး လူများဖြစ်ကြသည်။ သူမက သူ့စကားနောက်မှ စောင်းပါးရိပ်ခြည်အဓိပ္ပါယ်ကို နားလည်ပေသည်။ သူမက စိတ်ငြိမ်အောင် အကောင်းဆုံးကြိုးစားလိုက်ပြီး ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။


"ရှင့်သားက မိုးကြိုးပစ်ရင်တောင် မနိုးပါဘူး... စိတ်မပူပါနဲ့..." 


စုန့်ထင်ရှန်းက အတော်လေး နောင်တရသလို ခံစားလိုက်ရသည်။ သူထိုစကားများကိုပြောခဲ့ပြီး ထိုထိုသော အတွေးများရှိသော်လည်း ယွမ်ရှကို တွန်းအားပေးလိုစိတ်တစ်စိုးတစ်စိမှမရှိပေ။ သူတို့က လင်မယားဟူသော နာမည်အောက်တွင် ရှိနေကြသည်မှာ ကြာလှပြီဖြစ်သော်လည်း သူတို့၏ဆက်ဆံရေးတိုးတက်လာသည်မှာ လအနည်းငယ်သာ ရှိသေးသည်။ သူတို့သာ ယခုတွင် ထိုခြေလှမ်းကို စလှမ်းလိုက်ပါက အတော်လေး အလျှင်လိုသလို ဖြစ်သွားပေမည်ဖြစ်သည်။ သူတို့နှစ်ယောက် ထိုကိစ္စကိုဆွေးနွေးပြီး တစ်ခန်းတည်းအတူအိပ်ရန် မျက်နှာပြောင်တိုက်ပြီး ပြောနိုင်ရန် တစ်နှစ်မျှစောင့်ရမည်ဖြစ်သည်။ အချိန်ရောက်မလာသေးမီ အချင်းချင်း အချိန်ပိုပေးပြီး ခံစားချက်များ တိုးတက်အောင် လုပ်ဆောင်သင့်ပေသည်။


ယွမ်ရှက ခြေသံဖွဖွနင်းကာ သူ့ရှေ့မှ ထွက်သွားရန်ပြင်လိုက်သည်။ သူမက သူဝမ်လေးအပေါ် ပြုမူနေကြပုံစံအတိုင်း အတုခိုးပြီး သူ့ခေါင်းလေးကိုပွတ်ကာ ချော့မြူနေသော လေသံဖြင့်ပြောလာသည်။


"ကောင်းပြီ.. နောက်ကျနေပြီလေ... သွားအိပ်တော့နော်... ရှင်မနက်ဖြန်စောစောထပြီး ပိုက်ဆံရှာရဦးမှာလေ..."


စုန့်ထင်ရှန်းက လေးနက်စွာခေါင်းငြိမ့်လိုက်သည်။


"မင်းပြောတာမှန်တယ်... ကိုယ့်မိန်းမက စိန်ပွင့်ကြီးတွေနဲ့ အိမ်အကြီးကြီးတွေကို ကြိုက်တယ်လေ..."


အတော်လေးရှက်သွားပြီး စိတ်အနှောင့်အယှက်ဖြစ်သွား၍ ယွမ်ရှက လက်သီးလေးဆုပ်ပြီး သူ့ကို ခပ်ဖွဖွလေးထိုးလိုက်သည်။


"ကျွန်မ ဆန်ပိုးကောင်လေးဖြစ်နေသလို မပြောစမ်းနဲ့..."


xxxxxxx