Chapter 274
ယွမ်ရှက နောက်တစ်နေ့ မနက်တွင် ခပ်စောစောနိုးလာသည်။ မနေ့ညက သူမ၏သားလေးကို လိမ်မိ၍ ပြန်ပေးဆပ်ရန်အတွက် မူကြိုကို ကားမောင်း၍လိုက်ပို့မည်ဟု ပြောလိုက်သည်။
ဝမ်လေးက ထိုင်ခုံသေးသေးလေးပေါ်တက်ပြီး မျက်နှာသစ်ကန်ရှေ့တွင် သွားတိုက်နေသည်။ သူက သွားတိုက်ဆေးအမြှုပ်လေးများကို ထွေးထုတ်ရင်း မေးလိုက်သည်။
"မာမား သားက အရမ်းဉာဏ်ကောင်းတယ်နော်..."
ယွမ်ရှက ဝမ်လေး ဘာကိုဆိုလိုသလဲမသိ၍ ခေါင်းငြိမ့်ပြီး သဘောသာတူလိုက်သည်။
"ဟုတ်ပါ့... မာမားတို့မိသားစုက ဝမ်လေးက ဉာဏ်အကောင်းဆုံး ကလေးလေးပဲ..."
ဝမ်လေးက သက်ပြင်းချလိုက်သည်။ သူက တဘက်သေးသေးလေးကိုယူပြီး သူ့မျက်နှာသူသုတ်လိုက်သည်။ သူ့မျက်နှာကိုသစ်ပြီးနောက်တွင် ယွမ်ရှပင် ဘာမှမပြောရဘဲ ကလေးမျက်နှာလိမ်းခရင်မ်လေးကို လိမ်းလိုက်သည်။ အဆုံးတွင် သူသည်လည်း အထူးကောင်းမွန်သော ဘဝတွင်နေချင်ပေသည်။
သူ၏အသားအရေမှာ အတော်လေးဖြူပေသည်။ ယွမ်ရှက သူ့နှာခေါင်းလေးပေါ်တွင် မျက်နှာလိမ်းခရင်မ်လေးကို တို့လိုက်ပြီး ထိုပုံလေးမှာ အလွန်ချစ်စဖွယ်ကောင်းနေသည်။
ဝမ်လေးက ရုတ်တရက်ကြီး ယွမ်ရှ၏ ခါးကိုဖက်လိုက်ပြီး ပွတ်သီးသွတ်သပ်လုပ်လေသည်။
ဝမ်လေးက ထိုသို့ ကပ်ချွဲသည်မှာ သာမန်သာဖြစ်၍ သူမက စိတ်ထဲမထားပေ။
---
သူတို့မိသားစုသူံးယောက်က အမြဲတမ်းနီးပါး မနက်စာအတူစားလေ့ရှိသည်။ ယနေ့တွင်လည်း အတူတူသာဖြစ်သည်။ စုန့်ထင်ရှန်းက TVဇာတ်လမ်းတွဲများထဲမှ အငြိမ်းစားယူထားသော လူအိုကြီးများလို မနက်စာစားရင်း စီးပွားရေး မဂ္ဂဇင်းဖတ်ရသည်ကို သဘောကျပေသည်။ သူ မဂ္ဂဇင်းကို ပိတ်ပြီး ဘေးသို့ချလိုက်သည်ကိုကြည့်ပြီး ယွမ်ရှက တစ်ချက်ဖတ်ကြည့်လိုက်သည်။ စာရွက်အနည်းငယ် ဖတ်ပြီးနောက်တွင် သူမခေါင်းပင်ကိုက်လာရသည်။ ရှုပ်ထွေးလှသော စီးပွားရေးသုံးဝေါဟာရမှာ များပြားလှပြီး သူမကို နားမလည်ဖြစ်စေသည်။ ၎င်းက သူမနှင့်မသင့်တော်သည်မှာ သိသာလှပေသည်။ သူမက မဂ္ဂဇင်းကို စုန့်ထင်ရှန်းထံသို့ လိမ်လိမ်မာမာလေး ပြန်ပေးလိုက်သည်။
"မင်းမှာအချိန်ရှိရင် အိမ်တွင်းအလှဆင်တဲ့ စာအုပ်လေးတွေ ကြည့်လေ..."
စုန့်ထင်ရှန်းက ယာဂုတစ်ဇွန်းအပြည့် ခပ်သောက်ပြီး ယွမ်ရှကိုကြည့်လိုက်သည်။
"ကိုယ့်အတွေးကတော့ နှစ်ကူးပြီးတာနဲ့ ဝမ်လေးကို သူ့အခန်းနဲ့သူ အိပ်ခိုင်းဖို့ပဲ... သူ့အခန်းဒီဇိုင်းက လက်ရှိမှာဆိုရင် တအားကို ကလေးဆန်နေပြီ... ပုံစံပြောင်းကြတာပေါ့... ကိုယ်ကတော့ မင်း သူ့အခန်းကို အလှဆင်ပေးရင်ပိုကောင်းမယ် ထင်တာပဲ..."
ဝမ်လေးက ချက်ချင်းလက်ငင်း သူ့နွားနို့ခွက်ကို အောက်ချလိုက်သည်။ သူ့နှုတ်ခမ်းတစ်ဝိုက်တွင် ပေကျံနေသော နွားနို့တို့ကိုပင် မသုတ်တော့ပဲ ပြင်းပြင်းထန်ထန်ကန့်ကွက်လေသည်။
"ပါပါး....သားကိုယ့်ဘာသာမအိပ်ချင်ဘူး..."
သို့သော် စုန့်ထင်ရှန်းက ထိုကိစ္စကို နှောင့်နှေး၍မရတော့ဟု ခံစားနေရသည်။
"ပါပါးဆို သားအရွယ်ကတည်းက ကိုယ့်ဘာသာအိပ်နေပြီ..."
ဝမ်လေးက ချက်ချင်း ပြန်ပြောလေသည်။
"သားတို့က မတူဘူးလေ..."
"အတူတူပဲ...."
စုန့်ထင်ရှန်းက သူ့လက်သူ လက်သုတ်ပဝါဖြင့် သုတ်လိုက်သည်။
"ကဲ ဒါဆို ဒီလိုပဲဆုံးဖြတ်လိုက်ပြီ... ကိုယ်အလုပ်သွားတော့မယ်..."
ဝမ်လေးမှာ နှုတ်ခမ်းလေးထော်သွားရသည်။ သူ့အဖေထွက်သွားသည်အထိ စောင့်ပြီး ယွမ်ရှကို ပြောလိုက်သည်။
"ပါပါးကအရင်လိုမဟုတ်တော့ဘူး..."
ယွမ်ရှက အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။
၎င်းက အမှန်ပင်ဖြစ်သည်။ အရင်က စုန့်ထင်ရှန်းမှာ ဝမ်လေးကို သူ့ဘာသာသူအိပ်ရန် တစ်ခါမှမပြောဖူးပေ။ သူလက်တလောတွင် ထိုကိစ္စကို မကြာခဏပြောနေရသည်မှာ သူမနှင့်ဆိုင်နေလေသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ယောက်ျားများက သူတို့၏သူငယ်ချင်းများထက် အချစ်ကိုတန်ဖိုးထားသလို သူတို့၏ကလေးများထက် သူတို့အချစ်ကို ပိုတန်ဖိုးထားပေသည်။
ဝမ်လေးက မေးလိုက်သည်။
"မာမား နှစ်သစ်ရောက်ဖို့ ဘယ်လောက်လိုသေးလဲ..."
ယွမ်ရှက တွက်ချက်လိုက်သည်။
"သုံးလလောက်ပေါ့... သားတို့မူကြိုတွေ ဆောင်းရာသီအားလပ်ရက် ရောက်ပြီးတာနဲ့ နှစ်သစ်ကူးစပြီပဲ.."
ဝမ်လေးက ယွမ်ရှကိုထပ်ဖက်လိုက်သည်။ သူက သူ့ကံကြမ္မာသူ လက်ခံပြီးသည့်ပုံပင်။ သူ့အဖေ၏ဆန္ဒကို မငြင်းဆန်နိုင်၍ ကူကယ်ရာမဲ့သည့် အမူအယာလေးဖြစ်နေသည်။
"ဒါဆိုသားက မာမားနဲ့ သုံးလပဲအတူတူအိပ်ရတော့မှာပေါ့... မာမားက သားနဲ့အတူတူအိပ်ချင်ကြောင်း သားသိပါတယ်..."
ယွမ်ရှ "...."
"သားသာ မာမားနဲ့အတူတူမအိပ်ရင် မာမားက ညကြရင် သေချာပေါက် ကြောက်နေတော့မှာ..."
ဝမ်လေးက ယုံကြည်မှုရှိစွာပြောလိုက်သည်။
"ပါပါးက အရမ်းလွန်တာပဲ... မာမားက သားကို လိုအပ်ကြောင်းတောင်မသိဘူး..."
ယွမ်ရှ၏ အတွေးမှာ : သူမ သေချာပေါက်ကိုမကြောက်လောက်ဘူး... ဘာပဲဖြစ်ဖြစ် အချိန်ကျလာရင် သူမဘေးက နေရာက လစ်လပ်သွားမှာမှမဟုတ်တာလေ...
xxxxxx