Chapter 128
ကျွင်းချင်ယွီ က သူ့ကို လှည့်ကြည့်လိုက်ပြီး သူ့အရက်သောက်နိုင်စွမ်းကို သက်သေပြလိုက်သည်။
“ငါ မမူးပါဘူး ယွမ်ချွမ်းကပြောတယ် ငါမူးရင် ငြိမ်ငြိမ်နေတယ်တဲ့”
ရှီခိုင်ရှင်း ခေါင်းညိမ့်လိုက်သည်။
“ဒါဆိုလည်း ကောင်းပြီ”
လူတိုင်းက အရက်မူးသည့်ပုံစံ မတူကြပေ။
“မဒမ် အရင်စားပါ စားပြီးရင် ကျွန်တော့်ကို ခေါ်လိုက်ပါ”
ကျွင်းချင်ယွီက ခုံကို မှီလိုက်ပြီး မျက်ခုံးကို ပင့်တင်ကာ
“ဘာရယ်”
“ညစာပါ ပြီးအောင် စားလိုက်ပါ”
ကျွင်းချင်ယွီ က အေးအေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး
“ဘာလို့ စားပွဲထိုးယောင်ဆောင်နေသေးတာလဲ အခုထိ ဗိုလ်ချုပ်ဝတ်စုံကို ဝတ်ထားပြီးတော့များ..”
ရှီခိုင်ရှင်း “……..”
ဘာကြီး။
မဟုတ်သေးဘူးလေ။ မဟုတ်သေးဘူး။
ရှီခိုင်ရှင်း က ကျွင်းချင်ယွီကို တုန်လှုပ်စွာ ကြည့်မိသည်။ သူ့မျက်နှာက ပုံမှန်အတိုင်း တည်တံ့နေပြီး အရက်မူးနေသည့်ပုံ မပေါ်ပေ။
အရေးကြီးဆုံးက…..။ အရက်၁၀%လောက်သာပါသည့်တိုင် မသောက်နိုင်သည်လား။
“မဒမ်”
“ပိတ်ထားစမ်း” ကျွင်းချင်ယွီ က အေးစက်စွာပြောလာသည်။
“နာမည်ပြောစမ်း ဒီကို ဘာရည်ရွယ်ချက်နဲ့ ရောက်လာတာလဲ”
ရှီခိုင်ရှင်း၏ မျက်နှာက ရှုံ့တွနေပြီး တစ်ခုခုပြောရန် ပြင်လိုက်စဥ် အေးစက်စက် အရာက သူ့မေးအောက်ကို လာထိသည်။
ဒါက စားပွဲပေါ်က ဓားပဲ။
သူက နည်းနည်းမှ မလှုပ်ရဲဘဲ စကားပြောကြည့်ရန် ကြိုးစားလိုက်သည်။
“မဒမ် မူးနေပါပြီ”
“မူးနေပြီ...ဘာလို့ အသီးဖျော်ရည် တစ်ငုံပဲသောက်ပြီး မူးရမှာလဲ”
ရှီခိုင်ရှင်း “……..”
မဒမ်က အတော်လေး နားလည်လွယ်တာပဲ။
“ပေါက်ကရပြောနေတာတွေ ရပ်လိုက် ဖုယွမ်ချွမ်း ဘယ်မှာလဲ”
ရှီခိုင်ရှင်းလည်ပင်းရှိ ဓားက ရှေ့ကို အနည်းငယ် တိုးလာသည်။
“ ငါ မင်းကို သတိပေးလိုက်မယ် အခုချက်ချင်း သူ့ကိုငါ့လက်ထဲ လွဲပေးလိုက်”
ရှီခိုင်ရှင်းက သူ့လက်ကို မြှောက်လိုက်ပြီး
“သူ ဘယ်နေရာမှာလဲ”
“ငါ့ကိုမေးတယ်ပေါ့ မင်း သူ့ကို ဖွက်ထားပြီး ငါ့ကိုမေးနေတာလား”
ရှီခိုင်ရှင်းက ကပျာကယာ ငြင်းဆန်လိုက်သည်။
“ကျွန်တော် မဟုတ်ဘူး ကျွန်တော် မဟုတ်ပါဘူး ကျွန်တော်က အင်ပါယာရဲ့ ရေတပ်ဗိုလ်ချုပ်လေ တရားမျှတမှုကိုလိုလားတဲ့ ကျွန်တော့လို ရေတပ်ဗိုလ်ချုပ်က ဘယ်လိုလုပ်ပြီး ပြန်ပေးဆွဲနိုင်မှာလဲ ဟုတ်တယ်မလား”
ရှီခိုင်ရှင်း ၏ စကား က ဟုတ်သလိုလို ရှိသည်ဟု ထင်မိပေမဲ့ ကျွင်းချင်ယွီက စက်စုပ်ရွံရှာစွာ ပြောလာသည်။
“အင်ပါယာရဲ့ အထက်ကကောင်တွေက တစ်ယောက်မှ မကောင်းဘူး”
“……..”
ကောင်းလိုက်တဲ့ လူ။ သူ့ကိုယ်သူတောင် ရက်ရက်စက်စက် ကြိမ်းမောင်းနေတယ်။ တကယ်ပဲ အရှင့်မိန်းမဖြစ်ဖို့ ထိုက်တန်တာပဲ။
သူပြောမည်ကို စောင့်မနေတော့ဘဲ ကျွင်းချင်ယွီက
“ လျှောက်ပြောမနေနဲ့တော့ အခုချက်ချင်း ဖုယွမ်ချွမ်း ကိုလွှတ်ပေး မဟုတ်ရင် ငါ အင်ပါယာတစ်ခုလုံးကို ဖြည့်ဆည်းပေးလိုက်မယ်”
(ဒီနားမှာ ဘာပြောချင်လဲ နားမလည်လို့)
ငါမူးရင်ငြိမ်ပါတယ် ဟု ပြောခဲ့သည်ကို ရှီခိုင်ရှင်း မှတ်မိပါသေးသည်။
မာရှယ်ရေ ခင်ဗျား ဘယ်လိုများတွေးလိုက်တာလဲ။
နောက်ပြီး သူက အသီးဖျော်ရည်နဲ့တင် မူးနေတာလေ။
“မဒမ် ကျွန်တော်….အမ်…ခဏလေး စောင့်…..အား”
ရှီခိုင်ရှင်း က စကားပြောဖို့ ကြိုးစားလိုက်ပေမဲ့ ကျွင်းချင်ယွီက ရုတ်တရက်ကြီး တိုက်ခိုက်လာသည်။
အစပိုင်းမှာတော့ သူက ကျွင်းချင်ယွီကို ထိခိုက်သွားမည်ကို စိုးရိမ်သည်ကြောင့် နောက်ဆုတ်ပေးပေမယ့်…။
သူ အများကြီးတွေးနေမိတာပဲ။
အများကြီးတွေးနေမိတာ။
ကျွင်းချင်ယွီက စိတ်စွမ်းအင်မရှိသည့် စက်ရုပ်တစ်ရုပ်ထက် အားနည်းခြင်းမရှိပေ။
ထို့ပြင် သူ၏ ဖြတ်လတ်သည့်ခန္ဓာကိုယ်ဖြင့် အဆက်မပြတ် တိုက်ခိုက်နိုင်သေး၏။
“ပိုပြီးတော့…”
ထိုအခိုက်၌ ကျွင်းချင်ယွီ၏ မျက်နှာက အမူအယာကင်းမဲ့နေလျက်။
သို့သော် ကလစ် ဟူသော အသံကြားလိုက်သည်နှင့် ရပ်တန့်သည့် ခလုတ်ကို နှိပ်လိုက်သလို ချက်ချင်း ရပ်တန့်သွားလေသည်။
ဖုယွမ်ချွမ်း က တံခါးကို ဖွင့်ပြီးသည်နှင့် ရှောင်ယွီက သူ့ပေါ်ကို ခုန်တက်လာသည်။
“ဝူး….ခင်ဗျား ဘာလို့ပျောက်နေတာလဲ ကျွန်တော်ထင်တာ သူတို့က ခင်ဗျားကို ဖမ်းထားတယ်လို့ ကျွန်တော် အကြာကြီးစောင့်နေပေမဲ့ ခင်ဗျား က ရောက်မလာဘူး ရေအောက်မှာ နေရတာ အရမ်းပျင်းစရာကောင်းတာပဲ…”
ရှောင်ယွီပြောသည်ကို သူ နားမလည်သော်လည်း သူ့ပုံစံကို ကြည့်ပြီးနောက် ကျောလေးကို ပွတ်သပ်လိုက်ကာ
“ကိုယ်အဆင်ပြေပါတယ် သူတို့ကိုယ့်ကို မဖမ်းထားပါဘူး”
ကျွင်းချင်ယွီက မျက်တောင်ကို ပုတ်ခပ်ပုတ်ခပ် လုပ်လိုက်ပြီး သူ့မျက်လုံးတွေကို ကြည့်လျက် မေးလာ၏။
“ဒါဆို ဘာလို့ ခင်ဗျား ကျွန်တော့်ဆီ မလာတာလဲ”
ကျွင်းချင်ယွီ ၏ စကားကြောင့် ဖုယွမ်ချွမ်းက ခဏ ရပ်တန့်သွားရ၏။
သူမှတ်မိသလောက်ဆို ရှောင်ယွီကို အိမ်ခေါ်လာပြီးကတည်းက သူတို့ အကြာကြီး ခွဲဖူးတာ မဟုတ်ပေ။
ရေထဲမှာအကြာကြီးစောင့်နေတယ်။
သူက သူ့ဆီကို ရောက်မလာဘူး။
ဒါက သူ ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းမှာ ရှိစဥ်ကလား။
ဖုယွမ်ချွမ်းက နူးညံစွာပြောလိုက်သည်။
“ကိုယ် မင်းအတွက် ဝယ်စရာလေးရှိနေလို့ ရောက်မလာတာပါကွာ”
ပြောပြီးသည်နှင့် ဖုယွမ်ချွမ်းက ဘေးရှိ ရှီခိုင်ရှင်းကို အကြည့်ပို့လိုက်သည်။
ရှီခိုင်ရှင်းကလည်း သူ့အကြည့်ကို နားလည်စွာဖြင့် အခန်းထဲမှ ထွက်သွားလေသည်။
ကျွင်းချင်ယွီ ကတစ်ခုခုကို ခံစားမိသည်ကြောင့် လှည့်ကြည့်ရန် ပြင်လိုက်စဥ် ဖုယွမ်ချွမ်း၏ ဖိချခြင်းကို ခံလိုက်ရသည်။
“ဟမ်.”
“အသီးဖျော်ရည် သောက်လိုက်တယ်ပေါ့”
ဖုယွမ်ချွမ်းက ကျွင်းချင်ယွီကို ချီလျက် ဆိုဖာ မှာ ထိုင်လိုက်ပြီး အကြည့်တွေကတော့ စားပွဲပေါ်မှာ တင်ထားသည့် ခွက်သေးသေးလေးထံသို့ ရောက်ရှိသွားသည်။
ကျွင်းချင်ယွီသည် သူ့ခေါင်းကို မော့လိုက်သည်။ သူ့ မှတ်ဉာဏ်တွေက ရှုပ်ထွေးနေပြီး သူ သောက်လိုက်လား၊ မသောက်လိုက်လား မမှတ်မိခဲ့ပေ။
ဖုယွမ်ချွမ်းက ကျန်ရှိနေသည့် အသီးဖျော်ရည် ကို တစ်လုပ်သောက်လိုက်သည်။
အသီးဖျော်ရည်က ပုံမှန် ရိုးရှင်းသည့်နည်းဖြင့် အချဥ်ဖောက်ထားပြီး အရက်အရသာ မရရှိပေ။ ပုလင်းပေါ်၌ ကလေးများ သောက်နိုင်သည်ဟုလည်း ရေးသားထားသေးသည်။
ငါးလေး၏ သောက်ထားသည့်ပုံကို ကြည့်ခြင်းဖြင့် ရေသူတွေက အရက်မသောက်နိုင်ဘူးဟု တွေးလိုက်သည်။
အရက်ပြင်းပြင်း၊ မပြင်းပြင်း ရေသူလေးကိုတော့ နည်းနည်းလေးပင် သောက်ခိုင်းလို့ မရတော့ချေ။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏ လက်မောင်းထဲတွင် မှီလျက် သူ့ခြေထောက်တွေကို လှုပ်ရမ်းနေသည်မှာ ရေသူတစ်ကောင်၏ အမြီးလို။
“ကျွန်တော် ရေခဲမုန့်စားချင်တယ်”
“ရေခဲမုန့် မင်း အချိုတွေ စားနိုင်လို့လား”
ဤလို စားစရာတွေကို စစ်သင်္ဘောတွင် ပြင်ဆင်ထားခြင်းမရှိပေ။ ထို့ပြင် ရေသူလေးက အအေးမကြောက်ပေမဲ့ ထိုအရာတွေကို မစားတာက ပိုကောင်းလေသည်။
“ရေခဲမုန့် စားချင်တယ်လို့”
“ကိုယ်တစ်ယောက်ယောက်ကို သွားဝယ်ခိုင်းလိုက်မယ်”
“အခု ချက်ချင်း စားချင်ပါတယ်ဆို”
ဖုယွမ်ချွမ်း က အမူးသမားလေးကို ချော့မော့ ပြောဆိုလိုက်သည်။
“အခုမဟုတ်သေးဘူးလေကွာ ကိုယ်တို့…..”
သူ့စကားတွေက ရပ်တန့်သွားသည်။
ကျွင်းချင်ယွီ က သူ့လည်ပင်းကို ကိုက်လိုက်ပြီး လျှာဖြင့် လျက်လိုက်ပြီးနောက် ခေါင်းမော့ကာ ပြောလာ၏။
“စားလို့ကောင်းတယ်”
“….”
အာကာသထဲတွင် နေ့နှင့်ည ကွဲပြားခြင်းမရှိပေ။ စစ်သင်္ဘောကြီးကလည်း တိတ်တိတ်ဆိတ်ဆိတ်ဖြင့် အင်ယာပါသို့ ဦးတည်နေသည်။
လိုက်ကာရှည်ကြီးက အပြင်ဘက်ရှိ ကောင်းကင်းယံရှိ ကြယ်များကို ဖုံးကွယ်ပေးလျက်ရှိနေ၏။
တိုးတိတ်နေသောငိုကြွေးသံများနှင့် မေးမြန်းနေသည့်အသံများကို အကြိမ်ကြိမ် ကြားနေရသည်။
“အရသာရှိလား”
ငိုသံက ပို၍ ကျယ်လောင်လာ၏။
“မလုပ်…”
“ဒါဆို နောက်တစ်ကြိမ် ကြိုးစားကြည့်”
“အရသာရှိတယ်”
“ဒါဆို များများစား”
လက်တစ်ဖက် က စောင်အစွန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
“အာ့”
…………….
စစ်သင်္ဘောကြီးက ဘယ်လိုပြန်သွားနေလဲ ကျွင်းချင်ယွီ မသိပေ။ သူ့တစ်ကိုယ်လုံးက နွမ်းနယ်နေပြီး သူ့အသံတွေကလည်း အက်ကွဲနေ၏။
ကျွင်းချင်ယွီက မျက်တောင်ခပ်လိုက်ပြီး တစ်ခုခုကို ဝေဝေဝါးဝါးခံစားလိုက်ရသည်။
ရေသူတစ်ကောင်က ဘယ်လိုလုပ်ပြီး အအေးမိသွားရတာလဲ။
အင်ပါယာ ၏ သမိုင်းတစ်လျှောက်တွင် ရေသူတစ်ကောင်က အအေးမိသည်ဟု မရှိခဲ့ပေ။
သူက အအေးမမိ နိုင်ဘူးဆိုတာ သေချာနေပေမယ့် အဖျားတက်လာချိန်မှာတော့ သူ လက်ခံလိုက်ရတော့သည်။
ဖုယွမ်ချွမ်းက သူ့ကို တွေ့ကရာ ဆေးကို မတိုက်နိုင်သည်ကြောင့် ခန္ဓာကိုယ်ပြန်ကောင်းမွန်ဖို့အတွက် အစားကိုသာ ကောင်းကောင်းကျွေးရတော့၏။
သူက အိပ်ရာဘေးတွင်ထိုင်လျက် ငါးလေး ၏ နဖူးကိုထိကာ အပူချိန်ကိုစမ်းကြည့်လိုက်သည်။
“မသက်မသာဖြစ်နေသေးလား”
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏ လက်ဖဝါးကို မှီလျက် ခေါင်းခါလိုက်သည်။
“အသီးဖျော်ရည်သောက်လိုက်လို့ ဖျားသွားတာလား”
သူ လုပ်ခဲ့သည်အရာဆိုလို့ မှတ်မှတ်ရရ အသီးဖျော်ရည် သာ သောက်ခဲ့တာဖြစ်သည်။ သူနောက်ဆုံးအကြိမ် သောက်ခဲ့တုန်းက မဖျားခဲ့ပေ။(အတိတ်ဘဝကို ပြောတာထင်တယ်)
အင်ပါယာ၏ အရည်အသွေးမြင့် အသီးတွေကို အဖွဲ့ချုပ်က ချုပ်ကိုင်ထားသည်ကြောင့် သူ ယခင်က တစ်ခါမှ မသောက်ဖူးခဲ့ပေ။
ယခုက ပထမဆုံးအကြိမ်ပင်။
“မဟုတ်တာ”
ဖုယွမ်ချွမ်း က အတိအကျ ပြောပြ၍ မရပေ။
“ရက်နည်းနည်းလောက် နားလိုက်ဦး မသက်သာရင် ဆေးသောက်လို့ရတယ်လေ”
ကုသရေးအခန်းကို ချက်ချင်းမသွားရသောကြောင့် ဆေးသောက်သည့်အဆင့်ကို ရှောင်ရှားနိုင်သည်။
“မနေ့က ကျွန်တော် ရှီခိုင်ရှင်းကို ရိုက်မိတာ ထင်တယ် သူ့ကို လစာတိုးပေးဖို့ မမေ့နဲ့ဦး”
သူအရက်မူးပြီးနောက် မှတ်ဉာဏ်တွေ မရှိပေမဲ့ သူ လုပ်ခဲ့သည်ကိုတော့ သူ သိသေးသည်။
“သူက မင်းနဲ့တွေ့ချင်နေတာ”
“ကျွန်တော့်ကို တွေ့ချင်တယ်”
“အင်း သူ့ထက် အဆင့်နိမ့်တဲ့လူကိုတောင် အနိုင်မယူနိုင်လို့တဲ့ မင်းဆီကနေ အကြံအဉာဏ်ရရင် တိုးတက်နိုင်တယ်လို့လဲ ပြောသေးတယ်”
“……”
ကျွင်းချင်ယွီက ယခုရက်ပိုင်းအတွင်း ဘာမှ လုပ်စရာမရှိသည်မို့ ဖုယွမ်ချွမ်း၏ လက်ကို ဆုပ်ကိုင်လျက် မျက်လုံးကို မှိတ်ကာ ဆက်လက်ပြီး အနားယူနေခဲ့သည်။
“အားလုံးပြီးဆုံးသွားပြီလား”
ဖုယွမ်ချွမ်း က ပင်ပန်းနေသည့် ငါးလေးကို ကြည့်လျက်
“အင်း အားလုံးပြီးသွားပြီ ပြန်ရောက်သွားရင် မင်းကြိုက်တာ လုပ်နိုင်ပြီ”
အင်ပါယာ၏ ကိစ္စတွေအားလုံးကို သူက စီမံနိုင်ပြီး ငါးလေးကတော့ စိတ်ကြိုက် လွတ်လပ်စွာနေနိုင်၏။
“ရေကူးကန်ကလဲ ဆောက်လို့ ပြီးလောက်ပြီ ပြန်ရောက်ရင် မင်း ရေကူးလို့ရပြီ”
“ကျွန်တော်က ခင်ဗျားနဲ့အတူတူ ရေကူးချင်တာ”
ဖုယွမ်ချွမ်းက ခဏလောက်တွေးနေခဲ့ပြီးနောက်
“ရေကူးဖို့ကတော့ မဖြစ်နိုင်ဘူး ဒါပေမဲ့ ကိုယ်တို့ ရေထဲစိမ်နေပြီး အခြား တစ်ခုခုလုပ်လို့ရတာပဲလေ”
ကျွင်းချင်ယွီ: “?”
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏စကား၌ တစ်ခုခုမှားနေသည်ကို သတိထားမိသည်ကြောင့် သူ့လက်ကို ကိုက်လိုက်ပြီး တိုးညင်းစွာပြောလိုက်သည်။
“ပေါက်ကရတွေ”
ဖုယွမ်ချွမ်းသည် အိပ်ရာကို မှီကာ ပြုံးနေလျက် ငါးလေးကို သူ့လက်မောင်းထဲ ဆွဲသွင်းလိုက်သည်။
“ခဏလောက် အိပ်ဦးမလား”
ကျွင်းချင်ယွီ ခေါင်းခါလိုက်သည်။ သူက အအေးမိပြီး ဖျားနေသော်လည်း အိပ်ချင်စိတ်တော့ နည်းနည်းမှ မရှိဘဲ ဒီတိုင်း လှဲလျောင်းချင်နေတာပင်။
“ထပြီး တစ်ခုခု စားမလား”
“မစားချင်ဘူး”
ကျွင်းချင်ယွီက စားချင်စိတ်မရှိပေ။
ဖုယွမ်ချွမ်း၏ လက်ကို ကိုင်ကာ ကစားနေလိုက်ပြီး သာမန်ကာလျှံကာ မေးလိုက်သည်။
“ကျွန်တော်တို့ ဘယ်ရောက်နေပြီလဲ”
ဖုယွမ်ချွမ်းက သူ့မှာရှိသည့် လျှပ်စစ်မြေပုံကို ထုတ်ယူကာ ဖွင့်လိုက်သည်။
မြေပုံက လေထဲတွင် ပွင့်သွားပြီး သူတို့လက်ရှိနေရာ ကို အနီစက်လေးဖြင့် မှတ်သားထား၏။
“ပင်မကြယ်သုံးလုံးရဲ့ တတိယမြောက်ကြယ်ကိုရောက်ပြီ၊ နောက်ထပ် နှစ်ကြိမ်လောက်ခုန်ပြီးရင် ရောက်တော့မယ်”
“ကောင်းပါပြီ”
ဖုယွမ်ချွမ်း က မြေပုံကို သိမ်းလိုက်ပြီး သာမိုမီတာကို ယူလိုက်ကာ နောက်တစ်ကြိမ် အပူချိန် တိုင်းပြန်သည်။
လက်ဖြင့် တိုင်းတာသည်ထက် သာမိုမီတာက ပို၌ တိကျ၏။
ကျွင်းချင်ယွီ က သာမိုမီတာကို သူ့နဖူးနှင့်ထိကပ်စေရန် ခေါင်းကို မော့လိုက်သည်။
သာမိုမီတာကို ကြည့်ပြီးနောက် ဖုယွမ်ချွမ်းက ပြောလာသည်။
“ကျသွားပြီ…အသီးဖျော်ရည်ကိုသောက်ပြီး ဖျားတယ်ဆိုတော့ အသီးဖျော်ရည်က တစ်ခုခုမှားနေတာနေမှာ”
နေမကောင်းတာမဟုတ်ဘူး။ အသီးဖျော်ရည်ကြောင့်ဖြစ်ရတာ။
“နောက်မသောက်တော့ဘူး”
အဖျားကျသွားသည်မို့ ကျွင်းချင်ယွီ စိတ်သက်သာရာရသွားသည်။
သူပြောပြီးသည်နှင့် စစ်သင်္ဘောက နှစ်ကြိမ် လှုပ်ခါသွားသည်။
ဖုယွမ်ချွမ်း၏ ရင်ခွင်ထဲမှာနေရင်း ကျွင်းချင်ယွီ က ေမးလိုက်သည်။
“စပြီး ခုန်တော့မှာလား”
အခုလေးတင် မြေပုံကြည့်ပြီးတာလေ။ ဒီလောက်မြန်မြန်ကြီး ခုန်တော့မှာလား။
သူ့စကားဆုံးသည်နှင့် ဘေးဘက်တွင် ပျံသန်းနေသော ယာဥ်ပျံက အရှေ့ဘက်သို့ အလျှင်အမြန် လှုပ်ရှားလာသည်။
စစ်သင်္ဘောအတွင်းတွင် သတိပေးချက်များ မြည်လာခဲ့၏။
ဖုယွမ်ချွမ်းက လက်ကိုမြှောက်ကာ alarmကို ပိတ်လိုက်ပြီး အိပ်ရာမှ ထလိုက်သည်။
“ကိုယ်တစ်ချက်သွားကြည့်လိုက်ဦးမယ်”
ကျွင်းချင်ယွီကလည်း စောင်ထဲမှ အမြန်ထွက်လိုက်ပြီး
“ကျွန်တော်လည်း လိုက်မယ်”
Xxxxxxx