အခန်း(18)
ကျင်းယန်က ထောက်ပံ့အစားအစာများကို သွားမယူခဲ့ပါချေ။ သူ၏ ယုန်လေးတွင် နေရာလွတ်ရှိနေပြီး ထိုနေရာလွတ်ထဲတွင်လည်း အစားအစာများနှင့် ဖြည့်ထားခဲ့သောကြောင့် သူတို့နှစ်ယောက်အတွက် ခရီးလမ်းတစ်လျှောက်လုံးတွင် စားသောက်ရန် လုံလောက်ပေသည်။
သူတို့အနေဖြင့် နေရာမှ ပထဆုံးထွက်ခွာနိုင်သော်ငြား ဤအချိန်တွင် ရင်ပြင်က လူများဖြင့်ထူထပ်နေခဲ့သည်။
ထိုကဲ့သို့နေရာတွင် သူတို့ထံသို့ အာရုံစူးစိုက်မှုများကို ဆွဲမယူချင်ပါချေ။
ကျင်းယန်က ပြဿနာများကို မကြောက်ရွံသော်ငြား ဖြစ်နိုင်မည်ဆိုလျှင်တော့ ထိပာတိုက်တွေ့ဆုံချင်စိတ်မရှိဘဲ ရှောင်ရှားချင်ခဲ့သည်။
အဆုံးသတ်တွင် လူတိုင်းနှင့်အတူ ထွက်ခွာပြီး နောက်ပိုင်းမှ သူတို့၏ကိုယ်ပိုင်လမ်းကို ခွဲထွက်သွားရန် ဆုံးဖြတ်ခဲ့၏။
ထိုမှသာ လူအများထံမှ သတိထားမိခြင်းကို ရှောင်နိုင်လိမ့်မည်ဖြစ်၏။
ကားထဲတွင်တော့ ယင်ရိလျိုက အရှေ့ဘက်ခရီးသည်ထိုင်ခုံပေါ်တွင်ရှိနေသော ကျောပိုးအိတ်ပေါ်သို့ နင်းလိုက်သည်။
ထို့နောက်တွင်သူမ၏လက်ဖဝါးလေးများနှင့် ဇစ်ကိုဆွဲချကာ အတွင်းဘက်မှ အစားအစာများကို ဖော်ထုတ်ရန် ကြံစည်လိုက်လေသည်။ ၎င်းတို့သည်က ကျင်းယန်တစ်ယောက် အပြင်ဘက်တွင် အယောင်ပြအနေနှင့် သယ်ဆောင်သော အစားအစားများ အားလုံးပင် ဖြစ်သည်။
သူတို့၏ကားထဲတွင် စားသောက်ကုန်များ လုံးဝမရှိပါက အလွန်အမင်း သံသယဝင်စရာ ကောင်းနေလိမ့်မည်။ ထို့ကြောင့် ဤကဲ့သို့ ဆောင်ရွက်လာခဲ့ခြင်းပင်။
ကျင်းယန်၏ အမြင်တွင်တော့ သူမက ကျောပိုးအိတ်ကို စိတ်လှုပ်ရှားစွာ ပုတ်နေခဲ့ပြီး သူ့ဘက်သို့ ၎င်း၏ပဲစေ့သဖွယ်မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရပြီနောက်တွင် ၎င်းက ဗိုက်ဆာနေမည်ဖြစ်ကြောင်း သိလိုက်လေသည်။
ထို့ကြောင့် အိတ်ကိုဖွင့်ပေးလိုက်ပြီး အထဲဘက်မှ ပေါင်မုန့်နှစ်ချပ်နှင့် အသားစဉ်းကော စည်သွပ်ဘူးတစ်ဘူးကို ထုတ်ယူလိုက်သည်။
စည်သွပ်ဘူးကို ဖွင့်လိုက်သည့်အချိန်တွင်ပင် ယင်ရိလျိုမှာ ဘူးထဲမှ ပျံ့လွင့်လာသည့် မွှေးရနံ့ကို ရရှိလိုက်ပြီး ကျင်းယန်၏ ရှေ့တွင် သူမ၏ပန်းရောင်နှာခေါင်းလေးကို ရှုံ့လျက် ခုန်ပေါက်လိုက်သည်။
ကျင်းယန် အိတ်ကို ဖြည်းညှင်းစွာ ဖြဲဖွင့်ပြီး အသားကို ပေါင်မုန့်ပေါ်သို့ ဖြန့်တင်ပေးလိုက်ချိန်တွင် သူမ၏မျက်လုံးများက ကျင်းယန်၏ လက်လှုပ်ရှားမှုနောက်ကို လိုက်နေခဲ့လေသည်။
သူမက အစားအစာများကို ကြည့်နေရင်းဖြင့် သွားရည်မျာ့ပင်ကျနေခဲ့သေးသည်။
“မင်းက လူသားတွေစားတဲ့ အစားအစာကို စားနိုင်လား?”
“ကျီ!”
စားနိုင်တယ်! စားနိုင်တယ်လို့?
သူမ၏ ပါးစပ်အနီးသို့ ယူလာခဲ့သော ပေါင်မုန့်က တစ်ဖန် ပြန်ယူသွားခံရသည်ကို မြင်လျှင် ယင်ရိလျိုက ထိုသူ၏လက်ကို သူမ၏လက်ဖဝါးလေးများဖြင့် ‘ပြင်းပြင်း’ ရိုက်လိုက်ပြီးနောက် သူ့လက်ကို လှမ်းဆွဲလိုက်ပြန်သည်။
ထို့နောက် လက်ထဲမှ ပေါင်မုန့်ကို တစ်တိတိ ကိုက်စားလိုက်သည်။ ယုန်လေး၏ အဖြူရောင်ပါးစပ်လေးမှာ အသားဆော့စ်များဖြင့် ချက်ချင်းပေပွသွားခဲ့သည်။
ယုန်လေး အစား စားသည့်အချိန်တွင် ၎င်း၏ပါးစပ်မှာ အစားအသောက်ကို ဝါးနေသော လှုပ်ရှားမှုက အမှန်တကယ်ပင် ချစ်စရာကောင်းလွန်းနေခဲ့ပြီး ကျင်းယန်ကိုပင် ဗိုက်ဆာလောင်သွားစေခဲ့၏။
သူပြုံးလိုက်ပြီး ယုန်လေး၏ပါးစပ်ကို တစ်ရှူးတစ်ရွက်ဖြင့် ဂရုတစိုက် သုတ်ပေးလိုက်သည်။
ယင်ရိလျို၏မျက်နှာက ယားယံသွားပြီး သူ၏ညင်သာလှသည့် လှုပ်ရှားမှုကြောင့် မတတ်နိုင်စွာဖြင့် သက်ပြင်းချလိုက်လေသည်။
ဒီလိုမျိုး လူက ဘယ်လိုဖြစ်ပြီး ဗီလိန်အဖြစ် အဆုံးသတ်သွားရတာလဲ?
သူ၏ယုန်လေးကို အစာကျွေးပြီးနောက် ကျင်းယန်သည်လည်း သူ၏ကိုယ်ပိုင်ညစာကို ကျန်ရှိနေသော အသားစဥ်းကော ပေါင်မုန့်ဖြင့် ဖြည့်တင်းလိုက်သည်။
ယခင်အခြေအနေမျိုးတွင်ဆိုပါက သူ့အနေဖြင့် ဤကဲ့သို့ အစားအစာမျိုးကို လုံးဝလှည့်ကြည့်လိမ့်မည် မဟုတ်သော်ငြား ကမ္ဘာပျက်ကပ်ကာလဖြစ်ပြီးနောက် ဤကဲ့သို့ အစားအသောက်မျိုးမှာ လူအများစု အိပ်မက်သာ မက်နိုင်သော စားကောင်းသောက်ဖွယ် တစ်ခုဖြစ်လာခဲ့ချေပြီ။
ယင်ရိလျိုက ကျင်းယန်၏ပေါင်ပေါ်တွင်ထိုင်ပြီး တစ်ဖက်လူ စားသောက်သည်ကို စောင့်ကြည့်နေခဲ့သည်။
ကမ္ဘာပျက်ကပ်နေ့ရက်များတွင် သူ့ခန္ဓာကိုယ်က ပို၍သန်မာလာသောကြောင့်လားဆိုသည်ကို သူမ မသိသော်ငြား ဤအမျိုးသား၏မျက်နှာပေါ်မှ ဖြူဖျော့ခြင်းများက တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။
အစားအသောက်များကို အလောတကြီးစားနေစဥ်အချိန်မှာပင် သူက တမူထူးကဲစွာ ကြည့်ကောင်းနေဆဲ ဖြစ်ပေ၏။
ယင်ရိလျိုတစ်ယောက် ကျင်းယန်၏ နှာခေါင်းပေါ်တွင် လျှောစီးတမ်းဆော့ကစားနိုင်မည်လားဟု တွေးတောနေစဥ်တွင် ကျင်းယန်က စားသောက်ခြင်းကို ရုတ်ချည်း ရပ်တန့်လိုက်ကာ ကားအပြင်ဘက်ကို တစ်ချက်ကြည့်ပြီး ပြတင်းပေါက်ကို အောက်သို့ နှိမ့်ချလိုက်သည်။
ထိုနေရာတွင် မည်သူရှိနေသည်ကို ယင်ရိလျို မြင်ချင်နေခဲ့သော်ငြား သူမ၏ခြေထောက်များက အလွန်တိုတောင်းနေခဲ့သောကြောင့် ခုန်ပေါက်၍ကြည့်ရန်သာ ကြိုးစားနိုင်ခဲ့သည်။
သို့သော်လည်း ကျင်းယန်က သူမ၏ခေါင်းကိုပွတ်ပြီး ပြောလာသည်။
“ငြိမ်ငြိမ်နေဦး”
စစ်တပ်ယူနီဖောင်းကို ရတ်ဆင်ထားသော လူတစ်ယောက်က ကားပြတင်းပေါက်အနားတွင် ပေါ်လာခဲ့လေ၏။ အနှီသူမှာ ဝမ်ကျန်းကျဲဖြစ်ချေသည်။
သူက စွပ်ပြုတ်ပန်းကန်လုံးကို ကျင်းယန်ဆီသို့ လှမ်းပေးလိုက်သည်။
ထို့နောက် ကားထဲသို့ ဝေ့ကြည့်လိုက်လျှင် ရှေ့ဘက်ခရီးသည်ထိုင်ခုံမှ အစားအစာများ၏ အကြွင်းအကျန်အခွံများဖြင့် ဝန်းရံခြင်းခံထားရသော ယုန်လေးကို သတိထားမိလိုက်လေသည်။
ထိုအခိုက်တွင် သူ၏စိတ်ထဲ၌ အတွေးအများအပြား လင်းလက်သွားခဲ့သည်။
ကျင်းယန်က ထိုစွပ်ပြုတ်ကို မငြင်းဆန်ခဲ့ပေ။ သူက ရိုးရှင်းစွာဖြင့် ပန်းကန်လုံးကို လက်ခံပြီး ကျေးဇူးတင်စကား ပြောလိုက်၏။
ခွေးသားစွပ်ပြုတ်သည်ကား အငွေ့တခောင်းထောင်း ထွက်နေခဲ့ကာ ပူလောင်နေဆဲဖြစ်၏။
ပန်းကန်လုံးထဲတွင် အသားပေါသော အရိုးကြီးတစ်ချောင်းလည်း ပါရှိလေသည်။ ယင်ရိလျိုက ဗိုက်ပြည့်နေပြီးဖြစ်သော်ငြား စွပ်ပြုတ်ကို သောက်ချင်နေဆဲဖြစ်သည်။
သူမက အနည်းငယ် ပူထွက်နေသော ဗိုက်လေးကို လက်ဖဝါးလေးဖြင့် ထိပြီး သူမ၏ သေးငယ်လှသော အစာစားချင်စိတ်မှ အဆင်မပြေမှုကြောင့် သက်ပြင်းချလိုက်မိသည်။
သူမ၏ စိတ်အားထက်သန်သော စိုက်ကြည့်မှုကို သတိပြုမိသောကြောင့် ကျင်းယန်က ပန်းကန်လုံးထဲမှ စွပာပြုတ်အား သူ၏ယုန်လေးကို မကျွေးခင် အေးသွားစေရန်အတွက် စွပ်ပြုတ်၏ အပေါ်ယံလွှာကို မှုတ်လိုက်သည်။
ယုန်လေးက ထိုလူချောလေး၏ လက်ကို ဖမ်းဆုပ်ထားလျက် စွပ်ပြုတ်ကို စုပ်ယူ သောက်လိုက်လေသည်။ ထိုကဲ့သို့ စုတ်ယူမှုက သုမ၏ပါးစပ် ဘေးဘက်တွင်ရှိနေသော သားမွှေးများ စိုစွတ်စေခဲ့သည်။
သူမက “ကျီ”ဟု လေချဥ်သေးသေးလေး တက်ပြီး ၎င်း၏လက်ဖဝါးလေးကို ဖြည်းညှင်းစွာ လွှတ်ပေးလိုက်လေသည်။
ယင်ရိလျို အမှန်တကယ်ပင် ထပ်မံ၍ မသောက်နိုင်တော့ချေ ။
သူမ၏ စူထွက်နေသော ဗိုက်လေးက ယခုဆိုလျှင် ပို၍ပင် ကြီးလာလေပြီ။ ထို့ကြောင့် ကျင်းယန်ဘေးတွင် ထိုင်ချပြီး သူမ့ကိုယ်သူမ နှစ်သိမ့်လိုက်သည်။
အဆင်ပြေပါတယ်။
ငါက ယုန်လေးတစ်ကောင်ပဲလေ။
အလေးချိန်ဖြစ်ဖြစ် ပုံရိပ်ကိုဖြစ်ဖြစ် ကြည့်နေစရာမလိုဘူး။
ဝမ်ကျန်းကျဲက ကျင်းယန်၏မျက်နှာပေါ်မှ အပြုံးဖျော့ဖျော့ကို တွေ့မြင်လိုက်ရလိုက်သည်။ ကျင်းယန်က ယုန်လေးတစ်ကောင်ကို ကမ္ဘာပျက်ကပ်ကာလအချိန်မျိုးတွင် ဘာကြောင့် အလွန်ကောင်းမွန်စွာ ဆက်ဆံနေသည်ကို သူနားမလည်နိုင်ချေ။
ဤယုန်က တကယ်တမ်းမှာ သန္ဓေပြောင်းတိရစ္ဆာန်တစ်ကောင် ဖြစ်နေတာများလား?
ရင်ပြင်တွင် ၎င်း၏ပိုင်ရှင်အတွက် တိရစ္ဆာန်ငယ်လေးများကို အမဲလိုက်ရာတွင် ကူညီပေးနိုင်သော သန္ဓေပြောင်းခွေးတစ်ကောင်ကို ပိုင်ဆိုင်ထားခဲ့သည့် မိသားစုတစ်စုလည်း ရှိခဲ့ဖူးသည်။
ကံမကောင်းစွာဖြင့် အသစ်ရောက်လာသော ဆင့်ကဲပြောင်းလဲသူများက ထိုခွေးလေးကို တိရစ္ဆာန်အရိုင်းတစ်ကောင်ဟု အထင်မှားပြီး ၎င်းကို သတ်မိခဲ့သောကြောင့် ပြဿနာအမြောက်အများ ဖြစ်သွားစေခဲ့သည်။
ပြဿနာပြုလုပ်သော ဆင့်ကဲပြောင်းလဲသူများ၏ အတွေးက သူ့ကို ခေါင်းကိုက်စေ၏။
သူ၏ရဲဘော်ရဲဘက် သူ့ကိုပြောခဲ့သော အကြောင်းကို တွေးတောပြီး ချင့်ချိန်စဥ်းစားခြင်း တချို့ကိုလုပ်ပြီးနောက် သူကျင်းယန်ကို သတိပေးရန် ဆုံးဖြတ်လိုက်သည်။
“မင်း ဆင့်ကဲပြောင်းလဲသူတွေကို သတိထားရင် ကောင်းမယ်”
ဝမ်ကျန်းကျဲ မည်သည့်စကားကို ဆိုလိုခြင်းဖြစ်ကြောင်းကို ကျင်းယန်နားလည်၏။
သူ၏ကားက အမှန်တကယ်ပင် မျက်စိဖမ်းစားနိုင်ပေသည်။ ထိုလူများမှ သူ့အားပစ်မှတ်ထားလာမည်ကို သူ မအံ့သြပါချေ။
သူက အိပ်ငိုက်နေသော ယုန်လေး၏ နူးညံ့သော ဗိုက်ကို ပွတ်သပ်ပေးနေလျက် ၎င်းကို စနေချိန်တွင် ဝမ်ကျန်းကျဲ ပြောလာသည့်စကားကို ကြားလိုက်ရလေ၏။
“ မင်း ရှန်းမိသားစုက ကောင် ရှန်းယင်ကျိုးကို ကြားဖူးမလားတော့ မသိဘူး…”
ဝမ်ကျန်းကျဲတစ်ယောက် စကားပြောနေရင်းဖြင့် စူးရှပြင်းခန်လွန်းသည့်အကြည့်တစ်ခုက သူ့အပေါ်တွင် မြဲမြံစွာကျရောက်နေသည်ကို ခံစားလိုက်ရသည်။
သူ မော့ကြည့်လိုက်သောအချိန်တွင် ကျင်းယန်၏ မျက်နှာက အေးစက်နေခဲ့ကြောင်းကို သတိထားမိခဲ့လေသည်။
ဝမ်ကျန်းကျဲမှာ ပစ်မှတ်ထားခံရသော သားကောင်တစ်ကောင်ကဲ့သို့ ရုတ်တရက်ခံစားလိုက်ရပြီး အေးစိမ့်မှုများက ကျောရိုးတစ်လျှောက် ပြေးဆင်းသွားသည်။
“ခင်ဗျားပြောလိုက်တာက.. သူ့နာမည်က ရှန်းယင်ကျိုးလား?”
အစာချေဖျက်ရာတွင် ကူညီရန်အတွက် သူမ၏လက်ဖဝါးလေးများကို လေထဲတွင် ယမ်းနေသော ယင်ရိလျိုတစ်ယောက်လည်း ထိုနာမည်ကို ကြားလိုက်ချိန်တွင် နေရာမှ လှိမ့်ကျသွားကာ မတ်မတ်ထိုင်ရန်အတွက် သူမ၏ဝတုတ်တုတ်ခန္ဓာကိုယ်လေးကို မနည်း ရုန်းကန်လိုက်ရသည်။
ကျင်းယန်က မကြာခင် ဇာတ်လိုက်နှင့် တွေ့ရတော့မှာလား?
သူမရဲ့ တည်ရှိမှုက ဇာတ်ကြောင်းကို ပြောင်းလဲစေခဲ့တာ ဖြစ်နိုင်မလား?
ရှန်းယင်ကျိုးနှင့် သူ၏အဖွဲ့က လူအုပ်ထဲတွင်ရှိပြီး သူမ၏ ရွှေပေါင်လုံးကြီးကိုပင် ပစ်မှတ်ထားနေသည်ကို သိသွားကတည်းက ယင်ရိလျို ထိတ်လန့်တုန်လှုပ်နေခဲ့သည်။
ကျင်းယန်က စွမ်းအားအလွန်ကဲသော ဗီလိန်ကြီးအဖြစ် မဖွံ့ဖြိုးသေးချေ။
သူက လမ်းလျှောက်ရာတွင်ပင် အခက်အခဲ ရှိနေဆဲဖြစ်၏။ သူသာ ထိုလူများဆီသို့ ပြေးဝင်မိပါက သေချာပေါက် အခွင့်မသာသွားလိမ့်မည် ။
ဆိုရလျှင် ယင်ရိလျိုက ဝတ္ထုဆက်တင်များကို ဂရုမစိုက်ချေ။
သူမ၏မျက်လုံးထဲတွင်တော့ ကျင်းယန်မှာ ကာကွယ်ရန်လိုအပ်သော ‘ကြာပန်းဖြူလေး’တစ်ပွင့်သာ ဖြစ်ပေ၏။
ကံကောင်းစွာဖြင့် ကျင်းယန်ကလည်း စိတ်လိုက်မာန်ပါ မလုပ်ပါချေ။ ဝမ်ကျန်းကျဲကိုသာ ကျေးဇူးတင်ခဲ့ပြီး သူ၏အိတ်ထဲမှ အစားအစာစည်သွပ်ဘူး နှစ်ဘူးကို ထုတ်ယူကာ ဝမ်ကျန်းကျဲ၏ လက်မောင်းထဲသို့ ထိုးထည့်ပေးလိုက်သည်။
ဝမ်ကျန်းကျဲ ထွက်သွားပြီးနောက်တွင်လည်း မည်သည့်အရာများမှ မဖြစ်ပျက်ခဲ့သကဲ့သို့ ယုန်လေးကို ဆက်လက် စနောက်နေခဲ့လေသည်။
ကျင်းယန်၏လုပ်ငန်းကို ဖိနှိပ်ရန်အလို့ငှာ ရှန်းမိသားစုနှင့် လီမိသားစု၏ အကြီးအကဲများက လက်ထပ်ရေးအရ ပူးပေါင်းခဲ့ပြီး နောက်ပိုင်းတွင် ကားအက်ဆီးဒန့်တစ်ခု ဖြစ်စေရန်အတိက် ကျင်းယန်၏ ဒရိုင်ဘာကိုပင် လာဘ်ထိုးခဲ့သည်။
ကျင်းယန်က ခြေထောက်များ မသန်စွမ်းဖြစ်သွားပြီးနောက်တွင် ပြန်လည်တိုက်ခိုက်ရန် စတင်ခဲ့လေ၏။ ဆိုရလျှင် အမြင်အားဖြင့် အင်အားကြီးမားသော စီးပွားရေး အင်ပါယာကြီးနှစ်ခုကို ဖြိုချရန်အတွက် ခြေလှမ်းအနည်းငယ်သာလျှင် ကွာဝေးခဲ့တော့သည်။
သို့သော်လည်း ကမ္ဘာပျက်ကပ်က သတိပေးချက်မရှိ ရိုက်ခတ်လာခဲ့ပြီး သူ့တွင်ရှိခဲ့သော စီးပွားရေး မကျေနက်ချက်များသည်လည်း အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားခဲ့သည်။
ကျင်းယန်က သူတို့နောက်သို့ မလိုက်ခဲ့သော်ငြား တချိူ့သူများက သူ့ကို လွှတ်မထားချင်သည့် ပုံပင်။
ကားပြတင်းပေါက်က ရုတ်တရက် ကျောက်တုံးလေးတစ်တုံးဖြင့် အပေါက်ခံလိုက်ရပြီး ‘ဒေါင်’ဟူသော အသံမြည်လာခဲ့သည်။
ထို့နောက်တွင် ကားဆီကို သက်တောင့်သက်သာအမူအရာဖြင့် လျှောက်လာသောလူကို မြင်တွေ့လိုက်ရပြီး ကျင်းယန် ထိုလူကို အေးစက်စွာ စိုက်ကြည့်လိုက်လေသည်။