Ch 3
Viewers 763

🏔️ Chapter 3



တက္ကစီက လမ်းသွယ်လေးတစ်ခု၌ ရပ်တန့်လိုက်သည်။


“ဒီကနေ ဖြတ်လို့မရတော့ဘူး… ခင်ဗျားတို့ ဒီမှာပဲ ဆင်းလိုက်ကြနော်…”


ကျန်းချိုးက သူ့အဖေနောက်မှ လိုက်သွားစဥ်အတွင်း စိတ်ထဲ၌ စူးစမ်းလိုစိတ်များ ဖြစ်ပေါ်နေခဲ့သည်။ သူတို့က ယခုခရီးစဉ်အတွက် မည်သူနှင့် တွေ့ဆုံရမည်ကို သူက မေးမြန်းခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သူ့အဖေကလည်း ဘာမျှ မပြောဘဲ နေခဲ့ရာ ယခုမှ ထိုသို့ မေးမြန်းခံရသည့်အခါ စိတ်ရှုပ်ထွေးပြီး ခြိမ်းခြောက်ဟန်ဖြင့် “ကောင်စုတ်လေး” ဟူသော စကားလုံးကိုသာ ပြောလာသည်။ ထိုသို့ အတုအယောင်ဆန်သည့် ဟန်ဆောင်ရဲရင့်မှုကြောင့် သူ့အဖေက သူ့အမေရှေ့တွင် တစ်စုံတစ်ခုသော အမှားကို ကျူးလွန်ထားသည်ဟု ကျန်းချိုးကို တွေးထင်စေခဲ့သည်။


အတိအကျပြောရလျှင် မည်သူက သူ့အဖေအား ဤနေရာသို့ လာရောက်ရန်ပင် ကြောက်ရွံ့စေနိုင်မည်ကို သူ သိချင်နေမိသည်။


အချိန်က အပူပြင်းဆုံး နေ့လယ်ခင်းအချိန် ဖြစ်ပြီး နေမင်းက ဦးခေါင်းထက် တည့်တည့်၌ ရောက်နေသည်။ ကျန်းချိုးက ဗိုက်ဆာနေပြီ ဖြစ်သော်လည်း ဘာတစ်ခွန်းမှ မပြောရဲချေ။ ကားပေါ် စရောက်သည့် အချိန်မှစ၍ ဦးတည်ရာသို့ နီးကပ်လာလေလေ သူ့အဖေ၏ မျက်နှာသည်လည်း ပို၍ အရုပ်ဆိုးမည်းမှောင်ပြီး မသာမယာ ဖြစ်လာလေလေ ဖြစ်သည်။ ထိုခံစားချက်ကို သူ ဖော်ပြ၍ မရနိုင်ပေ။ ၎င်းက စိတ်လှုပ်ရှားမှုနှင့်အတူ တုံ့ဆိုင်းမှုများ ပါဝင်နေသော အလွန်ရှုပ်ထွေးသည့် ခံစားချက်ပင်။


ကျန်းချိုးက အနောက်မှ လိုက်ပါလာခဲ့ရာ သားအဖနှစ်ယောက်က လမ်းသွယ်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြသည်။


ထိုလမ်းသွယ်က အလွန်ကျဉ်းမြောင်းပြီး၊ မြေပြင်၌ အစိမ်းရောင်ကျောက်ပြားများ ခင်းထားသည်။ ခေါင်းပေါ်မှ နေရောင်ခြည်က ကျန်းချိုးကို အပူဓာတ်များ ပေးလာရန် မကြာလိုက်ပေ။ ဤနေရာ၌ လူသူတစ်ယောက်မျှ မတွေ့ရပေ။ ပေတစ်ရာခန့် ဘယ်ဘက်သို့ လျှောက်သွားပြီးနောက် လမ်းက ပင်မလမ်းမကြီးကဲ့သို့ ကျယ်လာခဲ့သည်။ တစ်ဖက်ခြမ်းမှာ လူထူထပ်သည့်နေရာဖြစ်ပြီး ကျန်တစ်ဖက်ခြမ်းတွင်မူ အထပ်မြင့် သစ်သားအဆောက်အအုံဆိုင်ခန်းများ တန်းစီတည်ရှိနေသည်။ ထိုဆိုင်များတွင် အစားအသောက်၊ မုန့်ပဲသရေစာ၊ အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်း စသည့် ပစ္စည်းအမျိုးမျိုးကို ရောင်းချနေကြသည်။


ကလေးတစ်ဦးက သကြားရည်စိမ် တရုတဆီးသီး တစ်ချောင်းကို လျက်နေသည်ကို ကျန်းချိုး မြင်လိုက်ရသည့်အခါ သွားရည်များကို မျိုမချဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။ သူက သူ့အဖေလှမ်းသော ခြေလှမ်းအတိုင်း အနီးကပ် လိုက်နေခဲ့ပြီး ပတ်ဝန်းကျင်ကို စူးစိုက်ကြည့်ခြင်း လုံးဝ မပြုလုပ်ခဲ့ပေ။ သူက ထိုကလေး၏ အစားအစာကို လုယူလုနီးနီး ဖြစ်သွားခဲ့သည်။ သို့သော် ထိုသကြားရည်စိမ် တရုတ်ဆီးသီးချောင်းက ချဉ်ပြုံးပြုံးနှင့် ချိုမြိန်သော အရသာဖြင့် အလွန်ကို အရသာရှိပုံရနေသည်...


လမ်းတစ်လျှောက်လုံး လျှောက်လာခဲ့ပြီးနောက် သူ့အဖေက ရုတ်တရက် ရပ်တန့်ကာ လမ်းဆုံးရှိ တစ်ခုတည်းသော ဆိုင်အဆောက်အအုံရှေ့၌ မတ်တတ်ရပ်နေလိုက်သည်။


ကျန်းချိုးက သူ့အဖေ၏အနောက်မှ ချောင်းကြည့်လိုက်ရာ ထိုနေရာက ရွှေစက္ကူ၊ အမွှေးတိုင်နှင့် ဖယောင်းတိုင် အထူးပြု ရောင်းချသည့် ဆိုင်ခန်းတစ်ခု ဖြစ်နေသည်။ ဆိုင်ထဲတွင် လူငယ်တစ်ဦးက ငိုက်မျည်းနေသည်ကို တွေ့ရသည်။ သူ့အဖေက တံခါးဝ၌ သစ်ပုံတစ်ခုကဲ့သို့ ရပ်နေပြီး စကားပြောနိုင်ခြင်း မရှိပုံရသည်။ ကျန်းချိုးက သူ့အဖေနားသို့ တိုးကပ်သွားပြီး အသံတိုးတိုးဖြင့် “ပါပါး” ဟု ခေါ်လိုက်သည်။


[T/N - နတ်ဘုရားများ သို့မဟုတ် ဘိုးဘေးများကို ပူဇော်ပသသောအခါတွင် ရွှေစက္ကူများ၊ အမွှေးတိုင်များနှင့် ဖယောင်းတိုင်များကို မီးရှို့ပူဇော်လေ့ရှိကြသည် ]


ကျန်းချိုး၏အဖေက သတိပြန်ဝင်လာခဲ့ပြီး ရပ်တန့်၍ တစ်ချက် ခေတ္တနားလိုက်သော်လည်း ရှေ့သို့ တစ်လှမ်း ဆက်တိုးလိုက်သည်။

“ကျန်းစန်းလျန် မရှိဘူးလား…”


ထိုအသံနေအသံထားက တစ်စုံတစ်ဦးကို အပြစ်ရှာလိုသည့်ပုံစံဖြင့် ရန်လိုနေသည့်ပုံစံမျိုး ဖြစ်နေသည်။ ယနေ့တွင် ကျန်းချိုးက သူ့အဖေ၏ အနည်းငယ်ထူးဆန်းနေသော အပြုအမူများကြောင့် ရိုးသားစွာပင် အံ့အားသင့်ကာ စိတ်ရှုပ်ထွေးနေခဲ့သည်။ ငိုက်မျည်းနေသော လူငယ်က ရုတ်တရက် လန့်သွားပြီး တုန်ယင်သွားကာ ချက်ချင်း နိုးလာခဲ့သည်။ သူက ခေါင်းမော့ကြည့်ပြီး သူတို့ဆီသို့ လျှောက်လာခဲ့သည်။ 


ထိုလူမှာ အတွင်းအလွှာမပါသည့် အရောင်ဖျော့ဖျော့ ကြယ်သီးတပ် တရုတ်အင်္ကျီလက်ရှည်ကို ဝတ်ဆင်ထားရာ အမှန်တကယ်ပင် အလွန်အကျွံ ဖြစ်နေသည်။ ခြေထောက်အောက်တွင်မူ အနက်ရောင် အထပ်ထပ်ဖြင့် ချုပ်ထားသော အဝတ်ဖိနပ်တစ်ရန်ကို စီးထားသည်။ ထိုဖက်ရှင်ပုံစံက ခေတ်မမီတော့သော်လည်း ဤပုဂ္ဂိုလ်၏ ကိုယ်ပေါ်တွင်မူ ဤလောကနှင့် လုံးဝကင်းကွာနေသည့် အငွေ့အသက်မျိုး ရနေသည်။


ထိုသူ၏ အသားအရောင်က ဖြူစင်ရှင်းသန့်ပြီး ပုံပန်းသဏ္ဌာန်က အလွန်နူးညံ့သိမ်မွေ့ပုံရသည်။ တစ်ကိုယ်လုံးမှလည်း 'စိတ်နှလုံးသန့်စင်ပြီး လောဘနည်းခြင်း' ဟူသော စရိုက်လက္ခဏာကို ဖော်ပြနေခဲ့သည်။


“ခင်ဗျားတို့က သူနဲ့ ဘာကိစ္စရှိလို့လဲ…”

ထိုအသံက အေးစက်စက် ရှိလှသော်လည်း နားဝင်ဆိုးလောက်သည့် စိတ်မရှည်မှု သို့မဟုတ် စိတ်အနှောင့်အယှက် ဖြစ်နေမှုမျိုး ကင်းမဲ့နေခဲ့သည်။


ပါပါးကျန်းက ထူးချွန်ထက်မြက်ပုံရသည့် ရှောင်ပေ့ကိုကြည့်ပြီး ပါးစပ်ဟလိုက်သော်လည်း အသံမထွက်လာပေ။ နောက်ဆုံးတွင် သူက စိတ်မသက်မသာဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။

“ ငါ့နာမည်က ကျန်းလျှိုသွမ့်ပါ…”


[ ရှောင်ပေ့ - ကိုယ့်မိသားစုထဲက လူငယ်မျိုးဆက်ကို ခေါ်တာပါ၊ ဥပမာ ကိုယ့်ရဲ့ တူ၊ တူမတွေကိုပေါ့ ]


[ ကျန်းစန်းလန်က စန်းက (၃)၊ ကျန်းလျှိုသွမ့်ရဲ့ လျှိုက (၆)ပါ၊ အဲဒါကြောင့်မို့ သူတို့က ညီအစ်ကိုတွေမှန်း သိသွားပါတယ် ]


လူငယ်လေးမှာ အစက ကြောင်အသွားသော်လည်း အလေးအနက်တွေးကြည့်ပြီးနောက် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

" ဦးလေးငယ်လား…"


ကျန်းချိုးက အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ငယ်စဉ်ကလေးဘဝကတည်းက သူ့၌ ဦးလေး ရှိသည်ကိုလည်းကောင်း၊ သူ့အဖေ၌ အစ်ကိုကြီး ရှိသည်ကိုလည်းကောင်း သူ မသိခဲ့ရပေ။


[ T/N - မြန်မာမှာဆိုရင်တော့ အဖေရဲ့အစ်ကိုဆိုရင် ဘကြီးလို့ သုံးနှုန်းကြပါတယ်၊ ဒါကကျ တရုတ်ဝတ္ထုဆိုတော့ ဘကြီးဆို တစ်မျိုးဖြစ်နေမှာစိုးလို့ ဦးလေးပဲ ရေးလိုက်မယ်နော် ]


သို့သော် သူ့အဖေ၏ မသက်မသာဖြစ်နေသော အခြေအနေကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ဦးကြား၌ ညီအစ်ကိုချင်း ရန်ငြှိုးရန်စ တစ်ခုခု ရှိပုံရသည်။ ခဏတာမျှ မိုက်မဲတုံးအစွာ စိတ်ကူးယဉ်နေမိစဉ် သူ့အဖေ၏ ခေါင်းခေါက်ခြင်းကို ခံလိုက်ရသော ကျန်းချိုးက သတိဝင်လာခဲ့သည်။


ကျန်းချိုး၏အဖေက သူ့သားဖြစ်သူ၏ တွေဝေနေသည်ကို မကျေနပ်သော အမူအရာဖြင့် ကြည့်လိုက်ပြီးနောက် သူ့တူဖြစ်သူဘက်သို့ လှည့်ကာ မိတ်ဆက်ပေးလိုက်သည်။

" မင်းရဲ့ တစ်ဝမ်းကွဲညီလေးပါ… ကျန်းချိုး လို့ ခေါ်တယ်…"


" ကျွန်တော်က ကျန်းယွီရွှေပါ…"

ကျန်းယွီရွှေက ပြုံးလိုက်သည်။

" အဖေက အိမ်မှာရှိတယ်… ကျွန်တော် ဆိုင်ပိတ်လိုက်ဦးမယ်နော် ပြီးရင် အိမ်တူတူပြန်ကြမယ်…"


ဆိုင်ပိတ်ပြီးနောက် လူသုံးယောက်က လမ်းတစ်လျှောက် ပြန်လျှောက်လာခဲ့ကြသည်။ ကျန်းယွီရွှေက စကားများများပြောတတ်သူ မဟုတ်သလို ပါပါးကျန်းသည်လည်း ယနေ့တွင် ထူးဆန်းစွာ ပြုမူနေခဲ့သည်။ ကျန်းချိုးက စကားပြောချင်နေခဲ့ပြီး သူ တစ်ခါမှ မဆုံဖူးသေးသော ဦးလေးအပေါ်တွင်လည်း သိလိုစိတ်များ ပြင်းပြနေခဲ့သည်။ သို့သော် အလွန်တိတ်ဆိတ်နေသည့် အခြေအနေကြောင့် သူလည်း ပါးစပ်ပိတ်နေခဲ့သည်။


လမ်းတွင် လမ်းခွဲတစ်ခုသို့ ရောက်သောအခါ ပါပါးကျန်းက သူရင်းနှီးကျွမ်းဝင်ပြီးသား နေရာတစ်ခုကို ရောက်နေသကဲ့သို့ ပုံပေါ်နေခဲ့သည်။ ကျန်းချိုးက အဘယ်ကြောင့် အိမ်သို့ တိုက်ရိုက်မသွားဘဲ ဆိုင်သို့ ကွေ့ပတ်ကာ  သွားရောက်ရလဲဟု တွေးမိခဲ့သည်။


အဝေးတစ်နေရာမှ ရန်ဖြစ်ဆဲဆိုနေသည့် အသံကို ကြားလိုက်ရသည်။

“...မျက်နှာသာပေးပြီး ကမ်းလှမ်းတာကို ငြင်းပယ်ဖို့လောက်အထိ မမိုက်မဲစမ်းပါနဲ့… ခင်ဗျားကို စန်းယဲ့လို့ နာမည်ပေးထားတာနဲ့ ကိုယ့်ကိုယ်ကိုယ် 'ယဲ့' လို့ မသတ်မှတ်ထားနဲ့…” 


[ ယဲ့ = ကိုယ့်ထက်အသက်ကြီးသူ အမျိုးသား၊ ဦးလေး၊ ဆရာ သို့မဟုတ် သခင်ကို ရိုသေလေးစားစွာ ခေါ်ဝေါ်တဲ့ အသုံးအနှုန်း ]


" လောင်စန်း ကိုယ့်ကိုယ်ကိုယ် နည်းနည်းထိန်းစမ်း…"


" အစ်ကိုကြီး သူ ဘယ်လိုဉာဏ်နီဉာဏ်နက်တွေ ထုတ်နေတယ်ဆိုတာ မြင်တယ်မလား… ဒီတစ်ခါ —"


" ပါးစပ်ပိတ်ထားစမ်း..."


ထိုအသံ ရုတ်တရက် ထွက်ပေါ်လာချိန်တွင် ကျန်းချိုးက ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။ ပို၍ နီးကပ်စွာ သွားကြည့်သည့်အခါ အမှန်ပင်ဖြစ်သည်။ သူတို့က မီးရထားဘူတာရုံ၌ တွေ့ဆုံခဲ့ဖူးသော လူအနည်းငယ် ဖြစ်နေသည်။ ကျိန်ဆဲ၍ အော်ဟစ်နေသူမှာ သူ့ကို ရိုက်ရန် ကြိုးစားခဲ့သည့် လောင်စန်း ဖြစ်ပြီး၊ ဆဲဆို ပြစ်တင်နေသူမှာ ခေါင်းဆောင် ဖြစ်သည်။ သူက အလိုအလျောက်ပင် အနောက်ဘက်သို့ စူးစိုက်ကြည့်လိုက်သည်။ ဆံပင်ရှည်ရှည်နှင့် ထိုလူမှာ ဤနေရာတွင် မရှိချေ။ သူက ထိုသူကို ကျေးဇူးပင် မတင်လိုက်ရဘဲ နာမည်နှစ်လုံးကိုပါ မမေးလိုက်ရသည့် နောင်တကြောင့် သူ့ရင်ထဲ၌ မထင်မှတ်ဘဲ အနည်းငယ်သော ဝမ်းနည်း၊ စိတ်မကောင်းဖြစ်မှုကို ခံစားလိုက်ရသည်။


တံခါးဝတွင် ရပ်နေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားကမူ အလွန်စိတ်မရှည်ပုံရသော်လည်း သူတို့ သုံးယောက်ကို မြင်လိုက်သောအခါ မျက်နှာအမူအရာက သိသိသာသာ နူးညံ့ပျော့ပြောင်းသွားခဲ့သည်။

" ညီလေး မင်း ဒီနေ့ဘာလို့ စောစောပြန်လာတာလဲ…"


သူ့ညီနောက်မှလူကို မြင်သည့်အခါ သက်လတ်ပိုင်းအရွယ်လူက ပါးစပ်အဟောင်းသားဖြင့် အံ့ဩတကြီးပြောလိုက်သည်။

" ဦးလေးငယ်ပဲ…"


ကျန်းချိုးမှာ အလွန်အမင်းကို အံ့အားသင့်နေပြီဖြစ်သည်။

 

အဲဒီ သက်လတ်ပိုင်းအရွယ်လူကြီးကတောင် ငါ့အဖေကို 'ဦးလေးငယ်' လို့ ခေါ်တယ်ဆိုတော့ ငါ့အဖေရဲ့အစ်ကိုက ဘယ်လောက်တောင် အသက်ကြီးနေပြီလဲ…


" ဦးလေးငယ်နဲ့ ညီလေးတို့ လာလည်ကြတာနဲ့ ကျွန်တော် ဆိုင်စောစောပိတ်လိုက်တာ…"

ကျန်းယွီရွှေက ရှင်းပြလိုက်ပြီး တံခါးဝတွင်ရပ်နေသည့် လူငါးယောက်ကိုကြည့်လိုက်သည်။ သူက အသံပြတ်ပြတ်ဖြင့် ပြောလာသည်။

" ခင်ဗျားတို့ငါးယောက်လုံးရဲ့ မျက်ခုံးနှစ်ခုကြားနေရာကနေ မကောင်းရဲ့ အငွေ့အသက်တွေ ထုတ်လွှတ်နေတာကို မြင်ရတယ်… သုံးရက်အတွင်း အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်တဲ့ ကြောက်စရာဘေးအန္တရာယ်ကြီးတစ်ခု ဆိုက်ရောက်လာလိမ့်မယ်…"


" မင်းကတော့ သောက်ရမ်းကို အရိုက်ခံချင်နေတာပဲ…"

လောင်စန်းက ဒေါသပေါက်ကွဲသွားသည်။


ကြိမ်းမောင်းပြစ်တင်ခဲ့သော ခေါင်းဆောင်က ပတ်ပတ်လည် ကြည့်ရှုနေစဉ် ကျန်းချိုးတို့ သားအဖရှိရာသို့ မျက်လုံးများ ရောက်ရှိလာသည်။ သူက အဆိပ်ပြင်းသောအကြည့်ဖြင့်ကြည့်ပြီး "သွားကြမယ်" ဟု ပြောကာ လက်မြှောက်၍ ရိုက်နှက်ခြင်းမပြုဘဲ ချက်ချင်း ထွက်ခွာသွားခဲ့သည်။


ပါပါးကျန်းက ကျန်းယွီရွှေကို အထူးတလည် သတိရပုံ မရသော်လည်း၊ သူ့အစ်ကိုကြီး၏ သားအကြီးဆုံး နှင့်ပတ်သက်၍မူ အမှတ်ရစရာများ ရှိနေခဲ့သည်။ သူက ခံစားချက်အပြည့်ဖြင့် သက်ပြင်းတစ်ချက်ချကာ ထိုသက်လတ်ပိုင်းအရွယ် အမျိုးသား၏ ပခုံးကို ပုတ်လိုက်သည်။

" မောင်ကော… အချိန်ခဏလေးအတွင်းမှာကို တော်တော်အရွယ်ရောက်လာတာပဲ…"

 

[ Mao(မောင်) = သေးငယ်သော၊ ငယ်ရွယ်သော၊ Ge(ကော) = အစ်ကိုကြီး ]


သူ့အဖေက သူ့ထက် အသက်အများကြီးမငယ်လှသော ထိုအမျိုးသားကို အလေးအနက်ထား၍ မောင်ကော ဟူသော နာမည်ပြောင်ဖြင့် ခေါ်လိုက်သည်ကို ကျန်းချိုးက ကြည့်နေခဲ့သည်။ မောင်ကောဟု အခေါ်ခံရသော ထိုအမျိုးသားက အတော်လေး ပျော်ရွှင်နေပြီး ရှက်ရွံ့ခြင်း မရှိပုံရသည်။


ခြံဝင်းထဲသို့ ရောက်သောအခါ ကျန်းချိုးက သူ့အဖေ၏ စိတ်မသက်မသာ ဖြစ်နေမှုကို ခံစားမိသည်။ ရှေးဟောင်းအိမ်၏ ဧည့်ခန်းထဲတွင် ကျန်းယွီရွှေက လက်ဖက်ရည် ငှဲ့ပေးနေသည်။ ကျန်းချိုးက ကုလားထိုင်ပေါ်၌ တစ်မိနစ်ပင် ပြည့်အောင်မထိုင်ရသေးချိန်တွင် မောင်ကောနှင့် သူ၏‌ဒဏ္ဍာရီဆန်သော ဦးလေးတို့က ထွက်လာခဲ့ကြသည်။


“ဒုန်း” ဟူသော အသံတစ်သံ ထွက်ပေါ်လာချိန်၌ ဘေးနားတွင် ရှိနေသော သူ့အဖေက ချက်ချင်း မတ်တတ်ထရပ်လိုက်သည်။ စာသင်ခန်းထဲ၌ ဆရာမေးသော သင်ခန်းစာကို အလွတ်ရွတ်ပြရမည့် ကျောင်းသားလေးတစ်ဦးကဲ့သို့ ရပ်နေပြီး စကားလုံး တစ်လုံးမှပင် မထွက်နိုင်ခဲ့ပေ။


ကျန်းချိုးသည်လည်း ဒဏ္ဍာရီဆန်သော ဦးလေးဖြစ်သူကို အလွန်ဂရုတစိုက် ကြည့်လိုက်သည်။ ထိုသူက ပိန်သွယ်ပြီး အရပ် ၁.၇ မီတာပင် မပြည့်ချေ။ သူကလည်း အတွင်းအလွှာမပါသည့် အရောင်ဖျော့ဖျော့ ကြယ်သီးတပ် တရုတ်အင်္ကျီလက်ရှည်ကို ဝတ်ဆင်ထားသည်။ သူက အသက် ခြောက်ဆယ်မှ ခုနစ်ဆယ် အရွယ်ခန့် ရှိပြီး မျက်လုံးများက အလွန်စူးရှထက်မြက်ကာ မျက်နှာထားကို တင်းတင်းထား၍ အလွန်အလေးအနက် ရှိနေပုံရသည်။


ဧည့်ခန်းထဲတွင် မည်သူမျှ စကားမပြောကြဘဲ အသက်ရှူသံများကိုပင် ကြားနေရသည်။ ကျန်းချိုးက ကြောက်ရွံ့သွားပြီး သူ့အဖေက ဦးလေးနှင့် အမုန်းတရားများ မရှိစေရန် ဆုတောင်းနေခဲ့သည်။ အကယ်၍ ကိုယ်ထိလက်ရောက်အခြေအနေများ ဖြစ်လာပါက သူက သူ့အဖေကို ဦးစွာ တားဆီးမည်ဖြစ်ပြီး ဦးလေးဖြစ်သူအား မထိခိုက်စေရဟု တွေးလိုက်သည်။

 

ပါပါးကျန်းက ပါးစပ်လှုပ်လိုက်သော်လည်း အသံတစ်သံမှ မထွက်ခဲ့ပေ။


သူ့ဦးလေးဖြစ်သူ ကျန်းစန်းလျန်က စကားစပြောလာသည်။

" ဘယ်လိုပြန်လာရမယ်ဆိုတာ သိသေးတယ်ပေါ့…"


သူ့လေသံက မချိုသာသည်ကို ခံစားမိသော်လည်း မျက်လုံးများက အနည်းငယ် နူးညံ့သွားခဲ့သည်။ သို့သော် ၎င်းက နှစ်ပေါင်းများစွာကြာနေသည့် သူ၏စိတ်နေစိတ်ထား ဖြစ်ခဲ့ပေသည်။ သူပြောလိုက်သော စကားများသည်လည်း ကဲ့ရဲ့ပြစ်တင် ရှုတ်ချလိုက်သည့်နှယ် ဖြစ်နေခဲ့သည်။

"  ဒီအိမ်ထဲကို ခြေမချတော့ဘူးလို့ အတိတ်တုန်းက ပြောခဲ့တာ ဘယ်သူလဲ…"


“အစ်ကိုကြီး…”

ပါပါးကျန်းက သူ့အစ်ကိုကြီး၏ ဆူပူသကဲ့သို့သော စကားလုံးများကို ကြားလိုက်ရသည့်အခါ ရုတ်တရက် မျက်လုံးအိမ်များ နီရဲလာခဲ့ပြီး ထိုနှစ်ပေါင်းများစွာအတွင်း သူ ထားရှိခဲ့သော မာနများမှာ အပြစ်ကင်းစင်သော ကလေးဆန်မှုအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။


ကျန်းစန်းလျန်က ထိုစကားကို ကြားလိုက်ရသည့်အခါ သူ့မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ဤလူမှာ ဤလောက၌ သူ့တွင်ရှိသည့် တစ်ဦးတည်းသော ညီငယ် ဖြစ်သည်။ ထိုသူက ကျန်းစန်းလျန်ထက် အသက်နှစ်ဆယ်နီးပါးငယ်ပြီး သူ့အတွက်မူ သားတစ်ဦးပမာ ကြီးပြင်းလာခဲ့သော ညီငယ်လည်း ဖြစ်သည်။


"အစ်ကိုကြီး" ဟူသည့် တစ်ခွန်းတည်းသော ခေါ်သံဖြင့် နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့မှုများက ရှင်းလင်းသွားခဲ့သည်။ ညီအစ်ကိုနှစ်ယောက်က အတူတကွ ထိုင်လိုက်ကြပြီး ဤနှစ်များတစ်လျှောက် တစ်ဦးနှင့်တစ်ဦး၏ အခြေအနေများကို စတင်ပြောဆိုဆွေးနွေးကြတော့သည်။


လုံးဝ လျစ်လျူရှုခံထားရသော ကျန်းချိုးမှာမူ ဤအတိုင်း ထိုင်နေရပြီး သူ့ဗိုက်ထဲမှ "ဂွီဂွီ" ဟူသော အသံများ ထွက်ပေါ်လာခဲ့သည်။ သူက ယခုအချိန်ထိ ဘာမှ မစားရသေးချေ။


ထိုအသံကို ကျန်းယွီရွှေ ကြားလိုက်ရသည့်အခါ သူက ဆော့စ်ဖြင့်နယ်ထားသော အသီးအရွက်အေးနှင့် ခေါက်ဆွဲကို ယူဆောင်လာပေးခဲ့သည်။ ထိုဟင်းပွဲ ရောက်ရှိလာသောအခါ သူ့အစ်ကိုကြီးနှင့် စကားပြောကောင်းနေသော ပါပါးကျန်းက စိတ်ပျံ့လွင့်လာခဲ့သည်။ ကျန်းစန်းလျန်က ထိုသို့ မြင်လိုက်ရသောအခါ မရယ်မောခြင်းဘဲ မနေနိုင်ဖြစ်သွားသည်။

“အသက်ကဖြင့် ဘယ်လောက်ရှိပြီလဲ အရင်အတိုင်းပဲ ကိစ္စတွေကို ပေါ့ပေါ့ဆဆ လုပ်တယ်… အရင်ဆုံး စားလိုက်ဦး…” 


ကျန်းချိုးက သူ့အဖေ ကလေးတစ်ဦးကဲ့သို့ ဆုံးမခံနေရသည်ကို ကြည့်နေခဲ့ပြီး သူ့အဖေ၏ စိတ်အခြေအနေတင်းမာမှုက ထက်ဝက်ပင် လျော့ပါးသွားပုံရသည်ဟု တွေးလိုက်သည်။ ဤဦးလေးအပေါ်တွင်မူ သူက လေးစားစိတ်ရှိနေခဲ့သည်။



🏔️🏔️🏔️