Ch 4
Viewers 764

🏔️ Chapter 4



ညစာစားပြီးသည့်နောက် ပါပါးကျန်းက ဤတစ်ကြိမ် အစ်ကိုကြီးကို လာရောက်ရှာဖွေရသည့် အကြောင်းရင်းကို သတိရလာခဲ့သည်။ သူက အနည်းငယ် ရှက်ရွံ့နေခဲ့ရာ ကျန်းစန်းလျန်ကလည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် အကြောင်းရင်းကို သိလိုက်သည်။

“မင်းက နွားတစ်ကောင်လို ဒေါသအိုးနဲ့ လူပါ… ဖြေရှင်းလို့ မရတဲ့ ကိစ္စမဟုတ်ရင် ဒီကို လာမှာ မဟုတ်ဘူး… ဘာဖြစ်လာတာလဲ…”


“ကောင်စုတ်လေး ဒီကို လာခဲ့ဦး… မင်းဦးလေးက မင်းကို တစ်ချက်ကြည့်ပါရစေဦး…”


ကျန်းချိုးက သူ့ဦးလေးထံသို့ လျင်မြန်စွာ သွားခဲ့သည်။ ကျန်းစန်းလျန်က ထွက်လာပြီးနောက် အာရုံစိုက်မှုက သူ့ညီငယ်ထံသို့သာ ရောက်နေခဲ့ရာ တူဖြစ်သူကို ဂရုမစိုက်ခဲ့မိပေ။ ယခုအခါတွင်မူ အနီးကပ် ကြည့်ရှုပြီးနောက် ပြဿနာက အတော်လေးကြီးနေပြီ ဆိုသည်ကို သူ သိလိုက်သည်။


ပါပါးကျန်းက သူ့ဘေးမှနေ၍ ထပ်ပြောလိုက်သည်။

"အဲဒီနေ့က သူ့ကို သွားကြိုတော့ သူ့မှာ ယန်ဓာတ် အားနည်းလွန်းနေတာကို ကျွန်တော် သတိထားမိတယ်… ပြီးတော့ ယင်ဓာတ် အုပ်စုတစ်ခုက သူ့ဗိုက်ကို ဖုံးထားတာ တွေ့ရတယ်…"


ချင်းလင်တောင်တန်းက ကုမုတိုင်းပြည် အကြောင်း အဖြစ်အပျက်များကို သူက တစ်ဖန် ပြန်လည်ပြောပြလိုက်သည်။


ဘေးမှ မောင်ကောနှင့် ကျန်းယွီရွှေတို့၏ မျက်လုံးများမှာ ပြူးကျယ်နေခဲ့ကြသည်။  သူတို့က မကောင်းဆိုးဝါးဝိညာဉ်၏ဆန္ဒမှာ မသေးငယ်လှသည်ကို မြင်ဖူးသော်လည်း ဤမျှ ထူးဆန်းသော အရာမျိုးကိုမူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။


မထင်မှတ်ထားဘဲ ၎င်းက ကျန်းရှီတစ်ကောင် ဖြစ်နေခဲ့သည်။


" နှစ်၃ထောင်ကျော် သက်တမ်းရှိတဲ့ ကျန်းရှီပဲ… ရှောင်ချိုးသာ မိန်းကလေးဆိုရင် သူ မကြာခင်သေသွားမှာကို ငါစိုးရိမ်မိတယ်…"

ကျန်းစန်းလျန်က မျက်ခုံးများ တွန့်ချိုးလိုက်သည်။

" ကျန်းရှီရဲ့သန္ဓေသားက တဖြည်းဖြည်းကြီးလာတာနဲ့အမျှ အဲဒါကို အချိန်မီ မဖယ်ထုတ်ပစ်ဘူးဆိုရင် ရှောင်ချိုးက အသက်အန္တရာယ်ရှိ‌လာတော့မှာ…"


ပါပါးကျန်းသည်လည်း အလွန် စိတ်မကောင်းဖြစ်နေခဲ့ပြီး တီးတိုးရေရွတ်လိုက်သည်။

“အဲဒီနှစ်က သင်္ချိုင်းဂူဖောက်ထွင်းမှုမှာ ကျွန်တော် အရမ်း အလွန်အကျွံလုပ်ခဲ့လို့ ဖြစ်ရမယ်… ဒါမှမဟုတ်ရင် ရှောင်ချိုးမှာ ဒီလိုဖြစ်လာမှာ မဟုတ်ဘူး…” 


ထိုအချိန်တွင် သူက လူလတ်ပိုင်းအရွယ်သာ ရှိသေးပြီး၊ ပုံမှန်အချိန်များတွင် လျစ်လျူရှုထားသော သားဖြစ်သူကို ဂရုမစိုက်နိုင်ခဲ့ပေ။ ဤအကြောင်းကြောင့်ပင် သူက ရွှေအင်တုံထဲ၌ လက်ဆေးကာ ဂိုဏ်းဂဏအဖွဲ့အစည်း များမှ လုံးဝထွက်ခွာခဲ့သည်။


[ Washed his hand in a gold basin (金盆洗手 - Jinpen xishou): ဤအသုံးအနှုန်းက တရုတ်စာပေနှင့် ရုပ်ရှင်များတွင် နာမည်ကြီးပြီး၊ မိမိလုပ်နေသော မကောင်းမှု၊ ဆိုးသွမ်းမှု၊ သို့မဟုတ် တရားမဝင်သော အလုပ်အကိုင်များကို အပြီးတိုင် စွန့်လွှတ်လိုက်ခြင်းကို ရည်ညွှန်းသည်။ ]


ကျန်းချိုး: တော်တော်လေး အရေးကြီးတဲ့ကိစ္စတစ်ခုကို ရုတ်တရက် ရှာတွေ့သွားသလို ခံစားရတယ်…


"ခုချိန်က အတိတ်က အကြောင်းတွေ ပြောနေရမယ့်အချိန် မဟုတ်ဘူး… ရှောင်ချိုး ကို ကယ်တင်ဖို့က ပိုအရေးကြီးတယ်… ကျန်းရှီသန္ဓေသားက တည်ငြိမ်သွားပြီဆိုပေမယ့် ဒါဟာ နှစ်ထောင်ချီသက်တမ်းရှိတဲ့ ကျန်းရှီ ဖြစ်နေတယ်… ပေါ့ပေါ့ဆဆ လုပ်မိရင် ရှောင်ချိုးရဲ့ အသက်ကို ထိခိုက်သွားမှာ စိုးရိမ်ရတယ်…"


ကျန်းစန်းလျန်က တီးတိုးရေရွတ်နေလျက်မှ ရုတ်တရက် သူ့သားအကြီးဆုံးကို မေးလိုက်သည်။

"ခုဏလေးတင် အကူအညီလာတောင်းသွားတဲ့ ဧည့်သည်တွေက ပီရှန်းခရိုင်ထဲက သင်္ချိုင်းဂူအကြောင်း ပြောသွားတယ်မဟုတ်လား…"


[ T/N - ပီရှန်းခရိုင်က ကျန်းစုစီရင်စုထဲမှဖြစ်သည်။ ]


တံခါးဝ၌ ဆဲဆိုကြိမ်းမောင်းသွားသော ထိုလူငါးယောက်၏အသံကို ကျန်းစန်းလျန်က လုံးဝ မကြားဘဲ မနေခဲ့ပေ။ မောင်ကောက ထိုလူငါးယောက်ကို မနှစ်သက်သော်လည်း၊ သူ့အဖေ စကားစလာသောအခါ ထိုကိစ္စသည် သူ့ညီဝမ်းကွဲ (ရှောင်ချိုး)၏ ကျန်းရှီသန္ဓေသားကို ဖယ်ရှားရေးနှင့် ဆက်စပ်နေသည်ကို သဘာဝအတိုင်း ခန့်မှန်းလိုက်မိသည်။ သူက ချက်ချင်းပင် ခေါင်းညိတ်၍ ထပ်ဖြည့်ပြောလိုက်သည်။

"သူတို့ထဲက ခေါင်းဆောင်ဖြစ်သူ ပြောသွားပုံအရဆိုရင် ပီရှန်းခရိုင်ထဲက ဟွေ့ဝမ်ရဲ့ သင်္ချိုင်းဂူ ဖြစ်နိုင်တယ်တဲ့… သူတို့က အဖေ့ရဲ့ တာအိုအဆောင်တချို့ကို တောင်းဆိုချင်တဲ့အပြင် ညီလေးကိုလည်း (သင်္ချိုင်းဂူရဲ့) နေရာကို ဆုံးဖြတ်ပေးဖို့ အကူအညီ တောင်းချင်ကြတာ ဖြစ်နိုင်တယ်…”


ကျန်းစန်းလျန်က သူ့ဘေးနားမှ ညီဖြစ်သူကိုကြည့်ကာ စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီးနောက် စိတ်ပိုင်းဖြတ်လိုက်သည်။

" ငါက ပူးပေါင်းဖို့ သဘောတူတယ်လို့ သူတို့ကို မင်း သွားပြောလိုက်…"


"အစ်ကိုကြီး…"

ဘေးနားမှ ပါပါးကျန်းက ပထမဆုံး အံ့အားသင့်သွားခဲ့သည်။ ထိုနှစ်များအတွင်း သူက ကောင်းသော စံနမူနာများမှ သင်ယူခြင်းမရှိဘဲ၊ အဓမ္မသမားတစ်စုနှင့် ပေါင်းပြီး ဩဇာအာဏာနှင့် ဂုဏ်ကို ပြသချင်၍ သင်္ချိုင်းဂူများ ဖောက်ထွင်းခဲ့သည်။ သူ့အစ်ကိုကြီးက ထိုအပြုအမူကို သည်းမခံနိုင်ဘဲ ဆူပူဆုံးမခဲ့သည်။ နောက်ဆုံးတွင် သူ ဒေါသထွက်တကြီးဖြင့် ပြောဆိုရင်း နစ်နာသည်ဟု ခံစားခဲ့ရသောကြောင့် ခံပြင်းစိတ်ဖြင့် ခေတ္တခဏ စိတ်လောသွားကာ အိမ်မှ ထွက်ခွာတော့မည်ဟု ပြောလိုက်သည်။ သူက "ပိုက်ဆံအထပ်လိုက်" ကို အစ်ကိုကြီးအား ပြသနိုင်ရန် အလုပ်လုပ်မည်ဟု ဆိုခဲ့သည်။ ထိုအချိန်မှစ၍ သူက အိမ်သို့ ပြန်လာရန် ရှက်ရွံ့ခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ အစ်ကိုကြီးက ရှောင်ချိုးအတွက် အခြေခံစည်းမျဉ်းကိုပင် ဖောက်ဖျက်လိမ့်မည် ဟု လုံးဝ မထင်ထားခဲ့ပေ။


ကျန်းစန်းလျန်က သူ့ညီ၏စကားကို ဖြတ်ပြောလိုက်သည်။

" လူ့အသက်က ပိုအရေးကြီးတယ်… ပီရှန်းရဲ့ ဟွေ့ဝမ်သင်္ချိုင်းဂူမှာ *ကိရိယာတစ်ခုရှိတယ် တဲ့… မင်း ယုံယုံ မယုံယုံ အရင်ဆုံး ကြိုးစားကြည့်သင့်တယ်…"


[ 法器 (faqi) ဆိုသည်မှာ ဘာသာရေး အခမ်းအနားများတွင် အသုံးပြုသော ပူဇော်ပသရာ ပစ္စည်းကိရိယာများ သို့မဟုတ် ဓလေ့ထုံးတမ်းသုံး ကိရိယာများ ကို ဆိုလိုသည်။ အထူးသဖြင့် ဗုဒ္ဓဘာသာ သို့မဟုတ် တာအိုဘာသာ စသည့် ဘာသာရေးပွဲများ၌ ကိုးကွယ်ပူဇော်ရာတွင် အသုံးပြုလေ့ရှိသည့် (တေးဂီတဆိုင်ရာ တူရိယာများအပါအဝင်) ဘာသာရေး အသုံးအဆောင် ပစ္စည်းများကို ရည်ညွှန်းပါသည်။ ]


ကျန်းချိုးက ရင်ထဲ၌ မချင့်မရဲဖြစ်ကာ ထိုနေရာတွင် ရပ်နေခဲ့သည်။ သူ့အဖေ၏ မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့်လည်းကောင်း၊ အစ်ကိုကြီး (ဝမ်းကွဲ) က ခုလေးတင်မှ ဓားပြအဖွဲ့ကို တံခါးအပြင်ဘက်သို့ ထွက်ခွာစေခဲ့သည်ကို သိထားခြင်းအားဖြင့်လည်းကောင်း၊ သူ့ဦးလေးက လူကောင်းတစ်ဦးဖြစ်ကြောင်း သူတို့ သိနိုင်သည်။ သို့သော် သူ့ကြောင့် ဤသို့ဖြစ်လာလိမ့်မည်ဟုတော့ မထင်မှတ်ထားခဲ့ချေ...


ကျန်းစန်းလျန်က ကျန်းချိုးကို တစ်ချက်ကြည့်လိုက်ရာ သူ့မျက်လုံးများ နူးညံ့ပျော့ပျောင်းသွားခဲ့သည်။

“ကလေး… မင်း စိတ်ပူစရာ မလိုဘူး… ငါတို့အားလုံးက မိသားစုဝင်တွေပဲ… ငါလည်း အသက်ကြီးပြီဆိုတော့ မနှစ်မြို့စရာ အဖြစ်မှန်တွေကို လက်ခံလာနိုင်ခဲ့ပြီ… တချို့ အခြေခံစည်းမျဉ်းတွေက ဘယ်သူ့အတွက် လိုက်လျောပေးရမလဲဆိုတာပေါ် မူတည်တယ်…”


ပါပါးကျန်း၏ မျက်လုံးများက နီရဲလာကာ အသက် ၅၀ အရွယ်ရှိ ထိုအမျိုးသားကြီးက အသံထွက်အောင် ငိုကြွေးမိတော့သည်။ ကျန်းစန်းလျန်က ၎င်းကို မြင်သောအခါ ပြုံးပြီးပြောလိုက်သည်။

“မင်းက တကယ်ကို အရင်အတိုင်းပါပဲလား… ငိုနေတာ မြန်မြန် ရပ်လိုက်စမ်းပါ… ရှောင်ပေ့တွေ မင်းအပေါ် နောက်ပြောင်ခွင့် မပေးလိုက်နဲ့…” 


ညဘက်တွင် ကျန်းချိုးနှင့် သူ့အဖေက သူ့အဖေ၏ ယခင်အခန်း၌ နေခဲ့ကြသည်။ သူ့အဖေက အခန်းတွင်းရှိ မြင်ကွင်းများကို ကြည့်ရင်း တအံ့တသြပြောဆိုလိုက်သည်။ 

“ငါ ထွက်သွားကတည်းကအတိုင်း ဒီအခန်းက ဘာမှ မပြောင်းလဲသေးပါလား…” 

 

သူ့အဖေက ယနေ့တွင် အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။ သူ့ကို ပုံပြင်ဇာတ်လမ်း(ယခင်အကြောင်း)များ အဆက်မပြတ်ပြောပြနေသော သူ့အဖေကို သူ မတားနိုင်ခဲ့ပေ။ ကျန်းချိုးက သူ့ဖခင်မှာ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်က အတိုက်အခံပြုသည့်အနေဖြင့် အိမ်မှ ထွက်ပြေးကာ ဂူဖောက်သမားတစ်ယောက်အဖြစ် သူ့ကိုယ်သူ သက်သေပြရန် ဆုံးဖြတ်ခဲ့ကြောင်း သိလိုက်ရသည်။ သူ့အဖေက အန္တရာယ်ကြီးလှသော ရှေးဟောင်းသင်္ချိုင်းဂူများ၊ ထောင်ချောက်များ၊ အဆိပ်ငွေ့များ၊ ကျန်းရှီများ အကြောင်းကို ပြောပြခဲ့သည်။


ကျန်းချိုးက ဤကဲ့သို့သော တတွတ်တွတ်ပြောဆိုသံများကြား၌ တဖြည်းဖြည်း အိပ်ပျော်သွားခဲ့ရာ အိပ်မောကျခါနီးတွင် သကြားရည်စိမ် တရုတ်ဆီးသီးချောင်း ကို သတိရမိလိုက်သည်။


ကောင်းပြီလေ မနက်ဖြန်ကျမှ အရသာမြည်းကြည့်ဖို့ တစ်ချောင်း ဝယ်ရမယ်…


×××××


သူတို့၏ ကျန်းမိသားစုက ကျန်းတောက်လင်၊ ကျန်းထျန်းရှစ်တို့နှင့် ဘာမှမသက်ဆိုင်ပေ။


[T/N -  ကျန်းတောက်လင်က တရုတ်တာအိုဘာသာ၏ အရေးပါသော ပုဂ္ဂိုလ်ဖြစ်ပြီး၊ ကျန်းထျန်းရှစ်ဆိုသည်မှာ တာအိုဘာသာဝင်များက မြင့်မြတ်သည်ဟု ယုံကြည်သည့် ခေါင်းဆောင်ဘွဲ့တစ်ခု ဖြစ်သည်။ တာအိုပညာရှင်မျိုးရိုး မဟုတ်ဘူးလို့ ပြောချင်တာထင်ပါတယ်]


သူတို့၏ ကျန်းမိသားစုက တောင်သူလယ်သမား အစစ်များ ဖြစ်ကြသည်။ ကံကြမ္မာအလျောက် တိုက်ဆိုင်မှုဖြင့်သာ ပြည့်စုံခြင်းမရှိသော ကျမ်းနှစ်အုပ်ကို ရရှိခဲ့ကြသည်။ ၎င်းတို့မှာ မှော်အက္ခရာများ “အပြည့်အစုံရေးဆွဲနည်း ဥပဒေသကျမ်း”နှင့် “တာအိုကျမ်းစာ၏ လက်တွေ့ကျင့်သုံးမှု” တို့ဖြစ်သည်။ ပထမကျမ်းစာက အဆောင်အင်းကွက်များ ရေးဆွဲခြင်းနှင့် ပတ်သက်ပြီး ဒုတိယကျမ်းစာကမူ ဖုန်းရွှေပညာကို အသုံးပြု၍ နေရာတိုင်းတာခြင်းနှင့် ပတ်သက်ပေသည်။


နောက်ပိုင်းတွင် ထိုကျမ်းစာများက ကျန်းစန်းလျန်၏လက်ထဲ ရောက်လာသည်။


ကျန်းစန်းလျန်က အလွန်ပင် ထူးချွန်သော ပါရမီရှင်တစ်ယောက် ဖြစ်သည်။ မပြည့်စုံသည့် ကျမ်းစာများကိုသာ ရရှိခဲ့သော်လည်း သူက အချို့အရာများကို နားလည်သဘောပေါက်နိုင်ခဲ့ပြီး သူ၏ဂုဏ်သတင်းက ဖြည်းဖြည်းချင်း ပျံ့နှံ့လာခဲ့သည်။ ထိုသို့ မဟုတ်ခဲ့ပါက ထိုကာလများတွင် မည်သူကမှ စိတ်ပိုင်းဆိုင်ရာ နည်းလမ်းများကို အသုံးပြု၍ ကျန်းလျှိုသွမ့်ကို ရည်ရွယ်ချက်ရှိရှိ လှည့်ဖြားကာ ဂူဖောက်ခြင်းများကို လုပ်ဆောင်စေမည် မဟုတ်ပေ။


သူတို့က ကျန်းစန်းလျန်ကို လိုချင်ခဲ့(ထိုသို့လုပ်စေချင်ခဲ့)ကြသော်လည်း ကျန်းစန်းလျန်က ရိုးသားဖြောင့်မတ်သူတစ်ဦးဖြစ်၍ ထိုကဲ့သို့သော 'ခွေး ယောင်ဆောင်၍ ကြက်ခိုးသည့်'* အပြုအမူမျိုးကို လုံးဝ လုပ်ဆောင်မည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် ကျန်းလျှိုသွမ့်မှာမူ ကွဲပြားခြားနားခဲ့သည်။ ကျန်းလျှိုသွမ့်က လူငယ်ဖြစ်ပြီး အစ်ကိုကြီး ကျန်းစန်းလျန်၏ ဂုဏ်သတင်းအောက်တွင် နေထိုင်ခဲ့ရသည်။ ထို့ကြောင့် သူက အစ်ကိုကြီး၏အရိပ်အာဝါသမှ လွတ်မြောက်အောင် ကြိုးစားခဲ့ပြီး မိမိကိုယ်တိုင်က အလွန်စွမ်းဆောင်နိုင်သူဖြစ်ကြောင်း သက်သေပြရန် ကြိုးပမ်းခဲ့သည်။


[ ခွေးယောင်ဆောင်၍ ကြက်ခိုးခြင်း - မကောင်းမှုလုပ်တာ၊ ခိုးဝှက်တာ၊ မိန်းမပွေတာမျိုးကို ပြောချင်တာပါ ]


ကျန်းလျှိုသွမ့်၏ ဖုန်းရွှေဖြင့် နေရာတိုင်းတာမှုက အမှန်တကယ်ပင် ကောင်းမွန်ထူးချွန်ခဲ့သော်လည်း သူက ထင်ရှားကျော်ကြားလိုစိတ်ဖြင့် စိုးရိမ်ပူပန်နေခဲ့သည်။ အကြိမ်အနည်းငယ် လုပ်ဆောင်ပြီးနောက်တွင် သူက နာမည်ကောင်းအချို့ကို အမှန်တကယ်ပင် ရရှိခဲ့သည်။ သို့သော်လည်း ၎င်းလုပ်ဆောင်ချက်အားလုံးမှာ သင်္ချိုင်းဂူတူးဖော်ခြင်းလမ်းကြောင်းများသာ ဖြစ်သည်။ လူအများက သူ့ကို လျှိုယဲ့ဟု သိကြသည်။ နောက်ပိုင်းတွင် လူအများက သူ့ကို ချီးမွမ်းပြောဆိုကြရာမှ သူက မာနထောင်လွှားပြီး စိတ်ကြီးဝင်လာခဲ့သည်။ ကျန်းစန်းလျန်ရှေ့တွင် သူ့စွမ်းရည်ကို သက်သေပြရန် အိမ်ပြန်သွားခဲ့သည်။ ရလဒ်အနေဖြင့် သူက ကျန်းစန်းလျန်၏ ကြိမ်ဖြင့်ရိုက်နှက်ခြင်းဒဏ်ကို ခံခဲ့ရသည်။ ဆုံးမခံရပြီးနောက်တွင် သူ့ကို သင်္ချိုင်းဂူဖောက်ခြင်း လုံးဝ မပြုလုပ်ရန် တားမြစ်ခဲ့သည်။ ပြဿနာများ၏ အဆုံးတွင် ထိုအစ်ကိုနှစ်ဦးတို့၏ ဆက်ဆံရေးမှာ ပြတ်တောက်သွားခဲ့သည်။


နောက်ပိုင်းတွင် ကျန်းလျှိုသွမ့်က ကိစ္စတစ်ခုခုကြောင့် ထိုလမ်းကြောင်းမှ အနားယူသွားခဲ့ပြီး သင်္ချိုင်းဂူဖောက်ခြင်းကို ထပ်မံ မလုပ်တော့ပေ။ ဆန့်ကျင်ဘက်အားဖြင့်၊ ကျန်းစန်းလျန်မှာ ဘိုးဘွားနေအိမ်အတွက် ဖုန်းရွှေကြည့်ပေးခြင်းနှင့် မှော်အင်းကွက်အဆောင်များ ရေးဆွဲခြင်းတို့ကြောင့် သူ၏ ဂုဏ်သတင်းက ပို၍ပို၍ ကျယ်ပြန့်လာခဲ့သည်။ နောက်ဆုံးတွင် သူ့ကို ကျန်းတောက်လင်နှင့် ကျန်းထျန်းရှစ်တို့၏ မျိုးဆက်အဖြစ် တိုက်ရိုက်ရည်ညွှန်းပြောဆိုခြင်း ခံခဲ့ရသည်။


" ဒါဆို အဲဒီအဘိုးကြီးက ကျန်းလျှိုသွမ့်လား…"

အခန်းထဲရှိ ပိန်ပါးသော သက်လတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းဆောင်ဖြစ်သူ အစ်ကိုကြီးကို မေးမြန်းလိုက်သည်။


ထိုခေါင်းဆောင်က လမ်းပေါ်တွင် အချိန်ကြာမြင့်စွာ နေခဲ့ရသူဖြစ်သည်။ သူက ကျန်းလျှိုသွမ့်ကို တစ်ခါမှ မမြင်ဖူးသော်ငြားလည်း ကျန်းညီအစ်ကိုတို့၏ ယခင်က အကြောင်းများကို ကြားဖူးထားသည်။ နေ့လယ်ပိုင်းတွင် သူ့ကို မောင်းထုတ်ခဲ့ချိန်၌ ကျန်းစန်းလျန်၏ သားအကြီးဆုံးက ထိုလူအိုကြီးကို ဦးလေးငယ်ဟု ခေါ်ဝေါ်ခဲ့သည်ဖြစ်ရာ၊ မှားနိုင်စရာမရှိနိုင်ပေ။


သူ ခေါင်းညိတ်ပြ၍ ပြောလိုက်သည်။

" ကျန်းစန်းလျန်ရဲ့အကျင့်စရိုက်က စိတ်ပျက်စရာကောင်းတဲ့အပြင် သူက ငါတို့အမှောင်ထဲမှာ စမ်းတဝါးဝါးလုပ်နေတာ(မကောင်းမှုတွေ လုပ်နေတာ)ကို မကြိုက်ဘူး…"


" အစ်ကိုကြီး ဘာကို ဆိုလိုချင်တာလဲ…"


လောင်စန်းက ထိုအခြေအနေကို သည်းမခံနိုင်တော့သဖြင့် လက်ထဲရှိ တုတ်ကောက်ကိုခေါက်ပြီး ပြောလိုက်သည်။

" ပြန်ပေးဆွဲလိုက်မယ်လေ… စကားနားမထောင်ဘဲ နေနိုင်ဦးမလား ကြည့်ကြသေးတာပေါ့…"


ခေါင်းဆောင်ဖြစ်သူ အစ်ကိုကြီးကလည်း ထိုအကြံကိုလက်ခံပြီး ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

" ဒီနေ့ပဲ ချက်ချင်းစကြမယ်… ကျန်းစန်းလျန် သတိမထားမိအောင် ဂရုစိုက်ကြဦး…"


လောင်စန်းက ရုတ်တရက် ဝမ်းသာသွားသည်။ ထိုလူအိုကြီး၏ မနာခံမှုကို သူက အမြဲတမ်း မကျေမနပ် ဖြစ်နေခဲ့ခြင်းဖြစ်သည်။ အကယ်၍ ထိုလူအိုကြီးက ယခုတစ်ကြိမ် စကားနားမထောင်ပါက သူက လက်သီးနှစ်ချက် ထိုးပစ်ရန် အခွင့်အရေး ရယူလိုက်တော့ပေမည်။


ခေါင်းဆောင်က လောင်စန်း၏ စိတ်နေသဘောထားကို သိထားသောကြောင့် လောင်စစ်နှင့် လောင်ဝူတို့ကို သူ့အား လိုက်ပါစောင့်ရှောက်ရန် တာဝန်ပေးလိုက်သည်။ ထို့နောက် လောင်နိထံသို့ လှည့်ကာ ပြောလိုက်သည်။

“ပစ္စည်းတွေ သိမ်း…ငါတို့ ချက်ချင်း ကားနဲ့ထွက်ကြမယ်…”

 

“အစ်ကိုကြီး…ဘေးခန်းက လူကရော—”


လောင်တာ့က  လောင်အာ့ စိုးရိမ်နေသည်ကို သိသည်။ သူက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြောသည်။

“ငါတို့ အထဲရောက်တာနဲ့ အရာရာတိုင်းက ငါတို့ ငါးယောက်ရဲ့ ပိုင်ဆိုင်မှုပဲ…”


သူက ဘေးခန်းကို လက်ညှိုးထိုးပြ၍ ပြောခဲ့သည်။

“သူက နောက်ခံအခြေအနေ မသိရတဲ့သူပဲ… သူ အရမ်းတော်နေရင်တောင် ဘာဖြစ်လဲ… ကျည်ဆန်တွေကိုရော ရှောင်နိုင်မယ်တဲလား… ငါတို့ အောက်ကို ဆင်းတဲ့အခါ လမ်းအခြေအနေ စမ်းသပ်ဖို့အတွက် ငါးစာ လိုတယ်… လောင်စန်းတို့ကို အောက်ဆင်းတဲ့အခါကျ သတိထားကြဖို့ ပြောလိုက်…” 


လောင်အာ့က သွားဝါဝါများဖြင့်ပြုံးလိုက်ပြီး သူ့မျက်လုံးထဲတွင် လောဘအရိပ်အယောင်များ ထပ်ဟပ်လာသည်။


ဤသည်မှာ ဟန်မင်းဆက်ခေတ်မှ ကြီးမားသော သင်္ချိုင်းဂူတစ်ခုဖြစ်သည်။ သူက အပြင်လူတစ်ယောက်နှင့် ဝေခွဲယူရမည်ကို သဘာဝအတိုင်း တွန့်ဆုတ်နေခဲ့သည်။ မူလတွင် အစ်ကိုကြီးက ဤအကြံကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။


လောင်တာ့က ကိုယ်တိုင် ဘေးအခန်းကို တံခါးသွားခေါက်ကာ မျက်နှာတွင် ကြင်နာသော အပြုံးဖြင့် ပြောလိုက်သည်။

“အစီအစဉ်က ယာယီအပြောင်းအလဲတွေ ဖြစ်သွားလို့ ငါတို့ သွားရတော့မယ်…” 


လီရှုက လောင်တာ့၏မျက်လုံးများကို တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်ဝန်းများတွင် အေးစက်မှုများ လက်ခနဲ ဖြစ်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။


*


ကျန်းချိုးက သူ့အိပ်မက်ထဲတွင် အလွန်ချဉ်သော သကြားရည်စိမ်တရုတ်ဆီးသီးချောင်းကို လျက်နေသည်။ သူ ကိုက်လိုက်သည့်အခါ သွားများအောင့်သွားပြီး ချဉ်စူးသောအရသာကို ခံစားလိုက်ရသည်။ သူ့ မျက်နှာကို ချက်ချင်းဆိုသလို အုပ်လိုက်မိပြီး "အု" ခနဲ ရေရွတ်လိုက်သည်။


အေးစက်သော အရာတစ်ခုခုက သူ့ပါးကို ထိလိုက်ရာ ကျန်းချိုးက မှီနေရာမှ တုန်ယင်သွားသည်။ ထိုအတွေ့အထိကို သူအလွန်ရင်းနှီးနေ၍ ချက်ချင်းပင် နိုးထလာခဲ့သည်။ သူ နိုးလာသောအခါ ပြီးပြည့်စုံသောမျက်နှာတစ်ခုကို မြင်လိုက်ရသည်။ ကျန်းချိုးက သတိမထားဘဲ ထခုန်လိုက်မိရာ ဒုန်းခနဲ အသံနှင့်အတူ သူ့ခေါင်းက ကားအမိုးကို သွားထိလေသည်။


ထိုအခါမှသာ သူက ကားထဲတွင် ထိုင်နေကြောင်း သိလိုက်ရပြီး ကားသည်လည်း တောင်တက်လမ်းပေါ်၌ သွားနေသကဲ့သို့ ယိမ်းထိုးနေကြောင်း သဘောပေါက်လိုက်သည်။


မဟုတ်သေးပါဘူး… ငါက ပါပါးနဲ့အတူ ဦးလေးအိမ်မှာ အိပ်နေတာ အသိသာကြီးကို… ငါ အိပ်မပျော်ခင်အထိ ပါပါးရဲ့စကားတွေကို နားထောင်နေခဲ့တာလေ… ဘယ်လိုလုပ် ကားထဲရောက်နေရတာလဲ…


ကျန်းချိုးက မကြာသေးမီကမှ နိုးလာခဲ့ခြင်းဖြစ်ရာ သူ့ခေါင်းထဲတွင် ထုံထိုင်းနေသကဲ့သို့  ခံစားနေရပြီး အခြေအနေကို နားမလည်နိုင်ဖြစ်နေသည်။ သို့သော်လည်း သူက ပြဿနာတစ်ခုကို တွေ့ရှိခဲ့သည်။ သူက ပတ်ပတ်လည်ကို တိတ်ဆိတ်စွာ လှည့်ကြည့်လိုက်သည့်အခါ သူ့မျက်လုံးများက ဆံပင်ရှည်ရှည်အမျိုးသားကို မြင်လိုက်ရသည်။ အထင်မှားခြင်းလား မသိသော်လည်း ထိုသူ၏ မျက်လုံးထဲတွင် အပြုံးတစ်ပွင့်ကို သူ အမှန်တကယ် မြင်လိုက်ရသည်။


" မင်းဦးနှောက်ထဲ ချီးတွေပဲရှိတာလား… ဒီလိုကိစ္စသေးသေးလေးတောင် သေချာမလုပ်နိုင်ဘူး… ငါမင်းကို ကျန်းလျှိုသွမ့်ကို ပြန်ပေးဆွဲခိုင်းတာလေ… မင်း ဘာလုပ်ခဲ့လဲ ကြည့်စမ်း…"


ရှေ့ခန်း ယာဉ်မောင်းဘေးခုံတွင် စိတ်မရှည်ခြင်းဒဏ် ခံစားနေရသူတစ်‌ယောက် ရှိနေသည်။ ထိုသူက ယမန်နေ့က နေ့လယ်ပိုင်းမှသာ မြင်ဖူးခဲ့သော လူငါးဦးထဲမှ လောင်တာ့ဖြစ်ကြောင်းကို ကျန်းချိုးက တစ်ချက်ကြည့်လိုက်သည်နှင့် မှတ်မိလိုက်သည်။


လောင်စန်းက နှဖူးများ သွေးကြောများထောင်ထလာသည်အထိ အမောတကော အသက်ရှုနေစဉ် လောင်စစ်က ကိစ္စများအဆင်ပြေအောင် ကြားထဲက ဖြန်ဖြေပေးနေသည်။

" အစ်ကိုကြီး ကျွန်တော်တို့ကို အပြစ်မတင်ပါနဲ့… အဲ့အဘိုးကြီးက အရမ်းသတိထားနေမယ်လို့ ဘယ်သူထင်မိမှာလဲ… အခြေအနေတွေက ဖရိုဖရဲဖြစ်လာတော့ သူက ကျွန်တော်တို့ကို ထိုးမယ်ကြိတ်မယ်တွေလုပ်ရော... ကျွန်တော်တို့လည်း ကျန်းစန်းလျန်နဲ့ သူ့သားကို သတိပေးလိုက်သလိုဖြစ်မှာစိုးလို့ ရွေးစရာမရှိတော့ဘဲ ဒီကောင်လေးကို အစားခေါ်လာခဲ့တာ… သူက ဝက်တစ်ကောင်လို အိပ်နေတာလေ… ဒါပေမဲ့ စိတ်မပူပါနဲ့ ကျွန်တော်တို့ စာချန်ထားခဲ့ပါတယ်… ဒီကောင်လေး ကျွန်တော်တို့လက်ထဲ ရှိနေတာ‌ဆိုတော့ ကျန်းစန်းလျန်က သေချာပေါက်လာမှာ…"


" ထားလိုက်ပါတော့… ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က သူတို့နဲ့ ရန်သူဖြစ်အောင် လုပ်မိပြီ…"

လောင်အာ့က ပြုံးလိုက်ပြီး ဝင်ဖြန်ဖြေပေးလိုက်သည်။



🏔️🏔️🏔️