အပိုင်း ၁၅၁
Viewers 18k

Chapter 151


ယခုလေးပင် လွတ်မြောက်သွားသည့်အကျဥ်းသားက တစ်ဖက်အဖွဲ့မှမစ်ရှင်၏ ခေါင်းဆောင် ဖြစ်လာသည်လား။ 


  ကျွင်းချင်ယွီက ယင်းနှင့်ပတ်သက်၍ တစ်ခုခုမှားသည်ဟူ၍ မတွေးမိပေ။ တစ်ဖက်လူကိုဖမ်းဖိခြင်းက သူ၏မစ်ရှင်ကြောင့်ဖြစ်စေ မတော်တဆကြောင့်ဖြစ်စေ ကိစ္စမရှိပါချေ။ စွမ်းအင်ကျောက်များက သူ့လက်ထဲမှာဖြစ်၏။ 


  ထိုအရာများကို တွက်ချက်ဖို့ မလိုပေ။


  ထို့အပြင် တစ်ဖက်လူနေရာယူပုံမှာ ထူးဆန်းသည်။ သူ့ပတ်ဝန်းကျင်တွင် (သူမှလွဲ၍)အခြားလူတစ်ဦးမှ မရှိချေ။


  သူက ကွန်မန်ဒါဝတ်စုံကိုပင် ဝတ်ဆင်ထားဆဲရှိနေပြီး လက်ကမ်းစာစောင်ထက်က တောက်ပသည့်စာလုံးများပမာ ထင်ရှားလှသည်။ သူ၏အထောက်အထားကိုလူတွေမသိမှာကို သူ့ကိုလူတွေမမြင်မှာကို စိုးရိမ်နေသည့်အလားပင်။ 


  အကယ်၍ ကျွင်းချင်ယွီသာ တစ်ဖက်လူကို သူမသိသည်မှာသေချာမနေပါက ထိုလူအား သူပျိုးထောင်ထားသည့်လျှို့ဝှက်အေးဂျင့်ဟုပင် ထင်မြင်မိပေလိမ့်မည်။(သူလျှိုအဖြစ်ရန်သူ့အဖွဲ့ထဲထည့်ထားသူ) 


  သူ့ဘေးမှ လက်အောက်ငယ်သားသည်လည်း ထိတ်လန့်သွား၏။ ယင်းက စီစဥ်ထားသည်နှင့် ကွဲပြားနေသည်လေ။ "ဘော့စ်၊ မင်း မူလအစီအစဥ်အတိုင်း လုပ်နေတုန်းပဲလား" 


  ဒါမှမဟုတ် ကျွင်းချင်ယွီ၌ တခြားအစီအစဉ်များ ရှိနေသည်လား။


  "ထွက်သွား..."


   "ဟုတ်ကဲ့..."


  ကျွင်းချင်ယွီက ကားပြင်ကိုထွက်ပြီး သိပ်မဝေးသည့်နေရာမှ အမျိုးသားထံ လျှောက်သွားလိုက်သည်။  


   ရှောင်ယွီရှေ့မှလာနေသည်ကို ဖုယွမ်ချွမ်းမြင်လိုက်ရလျှင် သူ့မျက်နှာထက်၌ အံ့အားသင့်သွားသည့်အရိပ်အယောင်လေး ဖြတ်ပြေးသွား၏။ သူကသူ့ဘေးမှ မစ်တီးခွက်လေးကို လက်ထိပ်များဖြင့်ထိနေရင်း သူ့အားမသိစိတ်ဖြင့် ကြည့်နေမိသည်။ 


  ကျွင်းချင်ယွီ တိုးတိုးလေးပြောလိုက်သည်။ "ငါတို့တစ်နေရာရာမှာ တွေ့ဖူးလား"


  နီးကပ်လာသောအခါမှ ဖုယွမ်ချွမ်းမှာ ရှောင်ယွီ၏မျက်လုံးအရောင်ကို သိလိုက်ရသည်။


  အ​ရောင်​က အရင်​က​ထက်​ ပိုသိသာလာပြီး ​ပိုဖျော့လာကာ ရွှေရောင်ဖျော့ဖျော့ကိုဦးတည်၍နေသည်။ 


   သို့ပေသိ စကားပြောပြီးပြီးချင်း ဖုယွမ်ချွမ်း၏အဖြေကိုမစောင့်ဘဲ ကျွင်းချင်ယွီက မျက်မှောင်ကြုတ်ကာဖြင့် "ဒါပေမယ့် မင်းကိုဘယ်မှာတွေ့ဖူးလဲဆိုတာ မမှတ်မိဘူး..."


  သူ့အပေါ် ကျွင်းချင်ယွီ၏ကိုယ်ပိုင်မှတ်ဥာဏ်မှာ အလွန်ရှင်းလင်းပေသည်။ အကယ်၍ အရင်ကသာမြင်ဖူးပါမူ သူ့စိတ်ထဲမှာ မည်သည့်ထင်မြင်ချက်မှမရှိသည်မှာ မဖြစ်နိုင်ပေ။


  သို့ပေမယ့် သူနှင့်ပတ်သက်၍ ရင်းနှီးသည့်ခံစားချက်တစ်ခုရှိနေလေသည်။ 


  ဖုယွမ်ချွမ်းက ထိုအကြောင်းကို စဉ်းစားပြီးနောက် ရှောင်ယွီအား မည်သို့ပြောပြရမည်ကို ရုန်းကန်နေသည်။ "အရင်က တွေ့ဖူးပေမယ့် မတွေ့ဖူးပါဘူး"


   "ဘာအဓိပ္ပါယ်လဲ"


   "ဖြစ်နိုင်တာက ကိုယ်တို့အနာဂတ်မှာ ဆုံခဲ့ကြပုံပဲ..."


  ကျွင်းချင်ယွီ သူ့ကိုစိုက်ကြည့်လိုက်သည်။ အဲဒီ့ကလေးတွေကို လိမ်ရင်သုံးတတ်ကြတဲ့လေသံက ဘာတုန်း။


  ဖုယွမ်ချွမ်း အကူအညီမဲ့စွာ ပြုံးလိုက်ရင်း ဘာမှထပ်ရှင်းပြမနေတော့ပေ။ သူ့လက်ကိုမြှောက်ကာ နို့လက်ဖက်ရည်ခွက်ကိုပေးလိုက်ပြီး "မစ်တီးထဲမှာ ဘာထူးဆန်းတာမှထည့်မထားဘူး၊ တကယ်လို့ မင်းစိုးရိမ်နေရင်လည်း ကိုယ့်လက်နဲ့ကိုယ်ယူလိုက်..."


  ညအချိန်တွင် အနည်းငယ် အေးနေဆဲပင်။ အမှန်တကယ်မှာမူ တောင်ပေါ်၌ စွမ်းအင်နှင့်ဆက်သပ်နေသည့်ဘသစ်ပင်ကြီးများအနည်းငယ်သာရှိသည်။ ထို့ကြောင့် အချို့သစ်ပင်နှင့်အပင်များမှာ ရှင်သန်ရန်ခက်ခဲ၏။ 


   ကျွင်းချင်ယွီက နို့လက်ဖက်ရည်တစ်ငုံသောက်လိုက်ရင်း "ဒီမှာ မင်းတို့လူတွေဘယ်လောက်များများရှိလဲ" 


  "သေချာမကြည့်မိဘူး" ဖုယွမ်ချွမ်းက လေထီးခုန်ခဲ့ပြီး လုပ်ဆောင်ရမည့်အကြောင်းအရာတို့အား စီစဥ်ခဲ့လေသည်။ "သူတို့ရဲ့ပန်းတိုင်က ရှားပါးစွမ်းအင်မဟုတ်ဘူး... မင်းပဲ..."


  ထို့ကြောင့် မစိုးရိမ်ပါချေ။ ဤနေရာရှိစွမ်းအင်မှာ ငါးလေးသာဖြစ်ရမည်။


  ကျွင်းချင်ယွီက နို့လက်ဖက်ရည်ကိုကိုင်လျက် ဘေးတွင်ထိုင်နေရင်း "မင်းကရော ၊ မင်းရဲ့ပန်းတိုင်ကဘာလဲ"


  ဖုယွမ်ချွမ်း၏မျက်နှာထက်တွင် အပြုံးဖျော့ဖျော့ပေါ်လာသည်။ ကျွင်းချင်ယွီအနေဖြင့် သူ့ပန်းတိုင်ကိုသိသင့်သည်ဟု တွေးလိုက်မိသည်။ သူကယင်းကို ဘယ်တုန်းကမှ ဖုံးကွယ်မထားခဲ့ချေ။  


  ခဏမျှစဉ်းစားပြီး စကားပြောရန်အပြုတွင် မနီးမဝေးမှ ရုတ်တရက် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။


  ကျယ်လောင်သော 'ဘုံး'ဟူသောအသံက ဖုယွမ်ချွမ်း၏ အတွေးများကို အနှောင့်အယှက်ပေးလိုက်သည်။


  ဘာကိုသုံးခဲ့သလဲမသိပါချေ၊၊ တောင်ကြီးတစ်ခုလုံးပင် တုန်လှုပ်သွားခဲ့၏။


  ဖုယွမ်ချွမ်းက မသိစိတ်ဖြင့် လက်ကိုမြှောက်ကာ ရှောင်ယွီ၏ခါးလေးကိုထိန်းပေးရန်ပြင်လိုက်သော်လည်း ကျွင်းချင်ယွီ၏လှုပ်ရှားမှုများက သူ့ထက်ပိုမြန်နေ၏။ သူကချက်ချင်းထရပ်လိုက်ပြီး အသံထွက်လာရာထံ ပြေးသွားသည်။ 


  ယေဘုယျကျကျဆိုရပါလျှင် ပစ်မှတ်ပေါ်မလာလျှင် သူတို့ကအလျင်စလိုလုပ်လိမ့်မည်မဟုတ်ပေ။ 


  သူတို့က ကျွင်းချင်ယွီ၏ လက်အောက်ငယ်သားများ စွမ်းအင်တွေ သယ်ဆောင်နေသည်ကို တွေ့လျှင်ပင် တိတ်တဆိတ်ဖြင့် ကျွင်းချင်ယွီပေါ်လာမည်ကို စောင့်နေပေလိမ့်မည်။ ယခုမူ ယင်းအသံက မည်သည့်အရာဖြစ်ရသည်လဲ။ 


  ယခုလေးတင် သူတို့ရှိနေခဲ့သည့်အပြင်ဘက်နေရာက ရှင်းလင်းသွားပြီး သူတို့အထဲသို့ဝင်သွားသည့်အချိန်တွင် လူများကပစ္စည်းများရွေ့နေရင်း အလုပ်များနေကြ၏။ 


  ကျွင်းချင်ယွီက မျက်မှောင်မသိမသာကြုတ်လိုက်ပြီး "ဘာဖြစ်နေတာလဲ"


  သူဝင်လာသည်ကို လက်အောက်ငယ်သားများမြင်လျှင် ခေါင်းညိတ်လိုက်ပြီး "ဘော့စ်၊ ဘာလို့ဝင်လာတာလဲ"


  “ခုလေးတင်ကြားလိုက်ရတဲ့အသံကဘာလဲ?”


  ငယ်သားကထိတ်လန့်သွားသည်။ “အသံလား ၊ဘာအသံလဲ……”


  သူ့မျက်နှာပေါ်ရှိ အမူအယာမှာ ဟန်ဆောင်နေတာမဟုတ်ကြောင်း တွေ့လိုက်ရပြီး ကျွင်းချင်ယွီ အံ့အားသင့်သွားသည်။ ဒါပေမယ့် အခုလေးတင် ကြားလိုက်ရတဲ့ အသံက...?


  ယင်းကိုတွေးရင်း သူက ဖုယွမ်ချွမ်းအား ပြီးမော့ကြည့်လိုက်သည်။ ဖုယွမ်ချွမ်းသည်လည်း သူနှင့်အတူရှိနေသည်မို့ တစ်ခုခုတော့ ကြားလိုက်နိုင်၏။


  ဖုယွမ်ချွမ်းက အခုလေးတင် အသံကြားလိုက်ကြောင်း အတည်ပြုသလို ခေါင်းညိတ်ပြလိုက်သည်။ 


  သို့ပေမယ့် အခြားလူများက မသိသလို တုံ့ပင်မတုံ့ပြန်ချေ။


  ကျွင်းချင်ယွီက နှုတ်ခမ်းကိုဖိကိုက်ရင်း တိုးတိုးလေး ပြောလိုက်သည်။ "ဘာမှမဟုတ်ဘူး ၊ ဆက်လုပ် "


  "ဟုတ်ကဲ့" လက်အောက်ငယ်သားဖြစ်သူက ကြောင်တက်တက်ဖြင့် ပြန်ဖြေပြီး အလုပ်များဆက်လုပ်နေသည်။


  ကျွင်းချင်ယွီက မေးလိုက်သည်။ "ဒါကို မင်းဒီဇိုင်းဆွဲထားတာလား"


  "မဟုတ်ဘူး..." ဖုယွမ်ချွမ်းသည်လည်း ဘာကြောင့်သူနှင့်ကျွင်းချင်ယွီသာ အသံကြားရသလဲမသိချေ။ သူဖန်တီးထားတာမဟုတ်သည်မှာလည်း အမှန်ပင်။


  သူဒီကိုရောက်တာ ဘယ်လောက်ကြာပြီလဲ။ ဘယ်လိုလုပ် ဒါကိုဒီဇိုင်းဆွဲဖို့ အချိန်ရှိပါ့မလဲ။ နိုင်ငံတကာအဖွဲ့အစည်း၏ လုပ်ငန်းစီမံချက်တွင်လည်း တောင်ကြီးအားဖျက်ဆီးရန် မပါဝင်ချေ။ ထို့ကြောင့် ယခုအသံမှာ နားမလည်နိုင်လောက်အောင်ပင်။


  ဖုယွမ်ချွမ်းကပြောလိုက်သည်။ "အရင်ထွက်ရအောင်"


  သို့သော်လည်း သူမလှုပ်ရှားနိုင်မှီမှာပင် သူ့လက်ကတဖြည်းဖြည်း ဖောက်ထွင်းမြင်နိုင်လာသည်ကို မမျှော်လင့်ထားဘဲ တွေ့လိုက်ရ၏။  


  တစ်ချိန်တည်းမှာပင် သူ့ခြေထောက်အောက်က လမ်းသည်လည်း လျင်မြန်စွာ ပြိုကျသွားသည်။


  "သတိထား!" ကျွင်းချင်ယွီက လက်ဆန့်ပြီး ဖုယွမ်ချွမ်းကို ပြန်ဆွဲထုတ်လိုက်ပေမယ့် ပြိုကျနေသည့် မြေပြင်က သူ့ပတ်ပတ်လည်တွင် အမြန်ပြန့်သွား၏။


  အချို့လူများက ထိုပြောင်းလဲသွားသည့်တစ်ခုခုအား သတိပြုမိကြသော်လည်း ရှားပါးစွမ်းအင် တူးဖော်ရေး လုပ်ငန်းစဉ်တွင် ကြုံတွေ့ရသည့် သာမာန် ဖြစ်စဉ်တစ်ခုအဖြစ်သာ မှတ်ယူကြပြီး ထိုအရာမှရှောင်ရန် ဆန့်ကျင်ဘက်အရပ်ကို ပြေးကြလေသည်။ .


  သူ့တို့ကိုယ်များကို ပုန်းအောင်းရင်း ဖမ်းဆီးရန် စောင့်ဆိုင်းနေကြသည့် နိုင်ငံတကာအဖွဲ့အစည်းတွေမှ လူတွေကလည်း တယောက်ပြီးတယောက် ပုန်းနေရာမှ မတ်တပ်ရပ်လိုက်ကြသော်ငြား အတွင်းထဲတွင် အလွယ်တကူ ဖိနှိပ်ခံလိုက်ရသည်။


  စွမ်းအင်ပြိုလဲမှုမှ ထုတ်လွှတ်သည့် ဝိညာဉ်စွမ်းအားမှာ လူတစ်ဦးကို သေသည်အထိအောင် နှိပ်စက်နိုင်သည်။ ရူးနေမှသာလျှင် မပြေးပဲ ဆက်ပုန်းနေလိမ့်မည်၊၊ 


  ဤမတော်တဆမှုကြောင့် အစီအစဥ်အားလုံး ပျက်သွားခဲ့သည်။


  ကျောက်စရစ်ခဲများနှင့် လေထုထဲရှိ ဖုန်မှုန့်များက သူ၏ အမြင်အာရုံအများစုကို ဖုံးလွှမ်းသွားခဲ့ပြီး ရှေ့ကိုချက်ချင်းပြေးခြင်းက ရည်ရွယ်ချက်မဲ့နေရုံသာ။ 


  ဖုယွမ်ချွမ်းက မျက်မှောင်ကြုတ်လိုက်သည်။ ပြိုကျသည့်လမ်းကြောင်းမှာ ထောင့်အားလုံးကို ရှောင်ရှားပြီး သူတို့ထံ တည့်တည့်လာနေပုံရသည်။


  ကမ္ဘာ့လမ်းကြောင်းက မှားယွင်းသောလမ်းကြောင်းကို မူလဦးတည်ရာသို့ အလိုအလျောက် ပြောင်းလဲပေးလိမ့်မည်။ ကျွင်းချင်ယွီ၏ မှတ်ဉာဏ်သည် ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးပေ။သူက ဤလောကရှိ မူလလူသာဖြစ်ချေသည်။


  ဒါကြောင့်……


  ဖုယွမ်ချွမ်းက သူ့ကိုရပ်တန့်စေရန်ဆွဲထုတ်နေသည့် ကျွင်းချင်ယွီ၏ လက်ကောက်ဝတ်ကို နောက်ပြန်ဆွဲကိုင်ထားလိုက်သည်။ “မင်းသူတို့နဲ့လိုက်သွားလိုက်..”


  ကျွင်းချင်ယွီက မျက်မှောင်ကြုတ်ပြီး "မင်းဘာပြောလိုက်တာလဲ"


  “မင်းရဲ့နောက်လိုက်တွေနဲ့ ဒီနေရာကနေ ထွက်သွားလိုက်ပါ”


  “မင်း ……” ကျွင်းချင်ယွီ စကားပြော၍မပြီးသေးမီတွင် ပြိုကျမှုက ရှေ့သို့ လျင်မြန်စွာ ရောက်လာပြီး သူတို့နှစ်ဦးကြားတွင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။


  ‘ka ka’


  မှုန်မှိုင်းသောအသံမှာ ပြန့်ကျဲနေသော ကျောက်စရစ်သံများနှင့် ရောယှက်နေသည်။


  ကျွင်းချင်ယွီက ခေါင်းကို မော့ပြီး ဆန့်ကျင်ဘက်သို့ ကြည့်လိုက်သည် ။သို့သော် တစ်ဖက်သားက တဖြည်းဖြည်း ဖောက်ထွင်းမြင်လာရသည်ကို သူမြင်လိုက်ရသည်။


  ထိုအကြည့်ကြောင့် ကျွင်းချင်ယွီ ရုတ်တရက် အေးခဲသွားသည်။ ယင်းက တစ်ဖက်လူမှာ ပျောက်ကွယ်သွားပြီး ထွက်သွားတော့မည်ဆိုသော ခံစားချက်ကို ပေးနေသည်။


  သူ မရိပ်မိသေးသည် အရာတွေ အများကြီး ရှိနေသေး၏။ ဤလူနှင့်ပတ်သက်ပြီး ရှင်းပြလို့မရသည် လျှို့ဝှက်ဆန်းကြယ်မှုတွေ အများကြီးရှိနေသည်။


  ကျွင်းချင်ယွီက သူ့နှုတ်ခမ်းကို အနည်းငယ်လှုပ်လိုက်ပြီး တိုးတိုးလေးမေးလိုက်သည်။“မင်းဘယ်သူလဲ?”


  ဖုယွမ်ချွမ်းက စကားပြောရန် ကြိုးစားသော်လည်း သူ့အကြောင်း ဘာမှ မပြောနိုင်ချေ။ လောကနိယာမကြောင့်ဖြစ်နိုင်၏။ သူက ဤလောကအပြင်ဘက်ရှိ အရာများကို ထုတ်မပြောနိုင်ပေ။


  ရှောင်ယွီ၏ စူးစမ်းသလို အကြည့်ကို ရင်ဆိုင်ရင်း ဖုယွမ်ချွမ်းက ရွေးချယ်စရာ မရှိပဲ ပြောလိုက်သည်။ 


“ကိုယ်ဘယ်သူဆိုတာ မင်းနောက်ကျ သိပါလိမ့်မယ် ”


  “စိတ်မပူပါနဲ့ ကိုယ်တို့ပြန်ဆုံမှာပါ”


  ဆုံရုံသာမက ရင်းနှီးကြပြီး ချစ်မိကြလိမ့်မယ်။


  ဖုယွမ်ချွမ်းက နူးညံ့သိမ်မွေ့စွာဖြင့် တိုးတိုးလေးပြောလိုက်သည်။ “အနာဂတ်မှာ ကိုယ်မင်းကို စောင့်နေမယ်”


  အချိန်တွေကုန်တာမြန်လွန်းပြီး ဒီအချိန်မှာ ရှောင်ယွီအနေနှင့် တစ်ခုခုပြန်ပြောဖို့ရာ နောက်ကျသွားပြီဖြစ်၏။


Xxxxxxx