အပိုင်း (၂၇၆)
Viewers 31k

Chapter 276 


ဖေဖေယွမ်နှင့် ဖေမေယွမ်တို့က ဝမ်လေးကို လွမ်းဆွတ်နေကြသည်။ သူတို့ သူတို့၏မြေးလေးဖြင့် မတွေ့ရသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ သူတို့က သူတို့သမီး၏အိမ်ကို သွားလည်သည်မှာ ရှားလှပေသည်။ အခြေခံအကြောင်းပြချက်မှာ သူတို့သမီး၏ ပုံမှန်ဘဝလေးကို မနှောင့်ယှက်ချင်၍ဖြစ်သည်။


ဝမ်လေးတွင် အဖေ့ဘက်က တော်စပ်သော အဘိုးအဘွားများမရှိပေ ။ သို့သော် သူ့မိခင်ဘက်မှ တော်စပ်သော ဘိုးဘွားများမှာ သူ့ကိုအလွန်အမင်းချစ်ကြပေသည်။ စုန့်ထင်ရှန်းက ယွမ်ရှနှင့်ဆက်ဆံရေးမကောင်းစဉ်ကတည်းက ဝမ်လေးကို သူ့မိခင်ဘက်မှ တော်စပ်သော အဘိုးအဘွားတို့ဖြင့် နီးကပ်သည်ကိုမတားမြစ်ပေ။ သူက ဝမ်လေးကို သူ့အဘိုးအဘွားတို့အိမ်တွင် တစ်ရက်မျှသွားကစားရန် လက်ဦးမှုယူ၍ ပို့ပေးလေ့ရှိသေးသည်။


ယနေ့ စနေနေ့ဖြစ်သည်။ စုန့်ထင်ရှန်းနှင့် ယွမ်ရှတို့က ဝမ်လေးကို ဖေဖေယွမ်နှင့် မေမေယွမ်တို့အိမ်သို့ပို့ပေးခဲ့ပြီး သူတို့နှစ်ယောက်တည်း ဒိတ်လုပ်ရန် အချိန်ယူလိုက်သည်။ သူတို့နှစ်ယောက်အတွက် နှစ်ယောက်တည်း အတူရှိရသည့်အချိန်မှာ ရှားပါးလှပေသည်။ ကလေးရှိနေသ၍ ထိုသို့ရှိရန်အတွက် အခွင့်အရေး နည်းပါးလှသည်။ သူတို့က ကြင်စဦးအခြေအနေတွင်ရောက်နေ၍ ဘယ်သွားသွား ကလေးကိုခေါ်မသွားချင်ပေ။ အကယ်၍ ကလေးကိုခေါ်သွားပါလျှင် သူတို့၏ဒိတ်မှာ မိဘနှင့်ကလေး ပျော်ပွဲစားထွက်ခြင်းဖြစ်သွားမည်ဖြစ်သည်။ ထိုသို့ဖြစ်လာလျှင် နည်းနည်းမှ ရိုမန်တစ်ဆန်၍မရတော့ပေ။ 


ဝမ်လေးကလည်း ငြင်းဆန်ခဲ့ခြင်းမရှိပေ။ သူကလည်း သူ့အဘိုးအဘွားများကို လွမ်းနေခဲ့သည်။ သူ၏ကျောပိုးလွယ်အိတ်လေးထဲကို ဂျယ်လီများ၊ ချိုချဉ်များနှင့် ကွတ်ကီးများထည့်နေလေသည်။ သူ၏လွယ်အိတ်လေးမှာ သရေစာတို့ဖြင့် ဖောင်းနေ၍ ဇစ်ပိတ်မရလုနီးနီးဖြစ်သွားခဲ့သည်။


ယွမ်ရှက ဝမ်လေးကို တားလိုက်ချင်ပါသော်လည်း သူ့ကိုတစ်လလျှင် တစ်ရက် စားချင်သလိုစားပြီး ဇိမ်ယူ၍ရမည်ဟု သဘောတူထားသည်ကိုသတိရမိသွားသည်။ ယနေ့က ထိုကဲ့သို့စားချင်တာစား၍ရသော နေ့ဖြစ်သည်။


---


ဝမ်လေးက ကားထဲတွင် ထိုင်ပြီး သူ၏ Rubik's  Cubeကို လေးလေးနက်နက်အာရုံစိုက်ပြီး ကစားနေသည်။ ၎င်းက သူသဘောမကျဆုံးသော ကစားစရာဖြစ်သည်။ ထို့အပြင် သူ၏ဉာဏ်ရည်ကို ဖော်ထုတ်ပြရန် အကောင်းဆုံးနည်းမှာ ထို Rubik's Cubeကို အမြန်ဆုံးဖြေရှင်းခြင်းဖြစ်သည်။


စုန့်ထင်ရှန်းက ကားမောင်းနေပြီး ယွမ်ရှက ဝမ်လေးကို ထားခဲ့ရမည်ဖြစ်၍ စိတ်မလုံဖြစ်နေမှုကို ဖယ်ထုတ်ရန် စကားပြောပေးနေသည်။ သူမနှင့်စုန့်ထင်ရှန်းတို့ သူတို့၏ဆက်ဆံရေးတိုးမြင့်သွားကတည်းက တမင်တကာလုပ်ယူခြင်းမဖြစ် တမင်တကာလုပ်ယူခြင်းမဟုတ်သည်ဖြစ်စေ ဝမ်လေးကို သူတို့၏ သွားလာမှုတွင် ခေါ်သွားလေ့မရှိတော့ပေ။ သူမက ဝမ်လေးကို အတော်လေး သနားစရာကောင်းသည်ဟု ခံစားနေရသည်။


"မာမားနဲ့ ပါပါးက သားကို ညကြရင်ပြန်လာခေါ်မယ်နော်... သား ဘိုးဘိုးနဲ့ဘွားဘွားရဲ့စကားကို နားထောင်ရမယ်နော်...."


ဝမ်လေးက ပြန်မကြည့်ပဲ ဖြေလိုက်သည်။


"သွားပြီးသာချိန်းတွေ့ကြပါ... သားကိုစိတ်ထဲမထားပါနဲ့.. သားလည်းဒီည အိမ်မပြန်စရာမလိုပါဘူး.."


ယွမ်ရှ : "ကလေးငယ်ငယ်လေးတွေက ညဘက်ကို အပြင်မှာနေလို့မရဘူး..."


ဝမ်လေး၏ တုန့်ပြန်နိုင်စွမ်းမှာ အလွန်မြန်ဆန်လှသည်။ ယွမ်ရှပင် သူ့အတွေးများကို လိုက်မမီသည့် အချိန်မျိုးရှိတတ်သည်။ သူမက သူ၏စကားများကြောင့် မကြာခဏစိတ်ရှုပ်ထွေးလေ့ရှိသည်။ အကယ်၍ သူသာ သူ့ပါပါး၏ ကုမ္ပဏီကိုအမွေမဆက်ခံချင်ပါက ရှေ့နေလုပ်နိုင်သည်ဟု တွေးမိသည်။


ယခုလေးတင် ဖြစ်ပျက်သွားသည်မှာ အကောင်းဆုံး ဥပမာဖြစ်သည်။ ဝမ်လေးက တည်ငြိမ်စွာပြောလာသည်။


"အိုး... ကလေးတွေကတော့ လုပ်လို့မရဘူးပေါ့... လူကြီးတွေကတော့ လုပ်လို့ရတယ်လေ... မာမားနဲ့ပါပါးတို့ လုပ်ခဲ့သလိုပေါ့...."


ယွမ်ရှက ဒေါသထွက်ချင်ယောင်ဆောင်လိုက်သည်။


"စုန့်ထင်ရှန်း.... ရှင့်သားရှင်ထိန်းဦး...တစ်နေ့တစ်နေ့ လျှာစောင်းထက်လာတာများ အခုဆို ကျွန်မဖြင့် သူနဲ့စကားတောင် မပြောနိုင်တော့ဘူး...."


စုန့်ထင်ရှန်းမှာ တည်တည်ငြိမ်ငြိမ်ပြန်ဖြေလိုက်သည်။

"ကိုယ်လည်း သူ့ကိုမထိန်းနိုင်ဘူး...."


သူက သူ့သား၏ အတွေးအခေါ်နှင့် ဖွံ့ဖြိုးမှုကို ထိန်းချုပ်သည်မှာ ရှားပါးလှသည်။ အပြုအမူကောင်းမွန်သောသားနှင့် တင်းကြပ်သောအဖေထက် သူက သူ့သားနှင့်အရာရာတိုင်းဆွေးနွေးပေးနိုင်သော သူငယ်ချင်းလိုအဖေသာ ဖြစ်ချင်သည်။


ယွမ်ရှက နောက်ဆုံးတွင် ပြောမနိုင်တော့ပေ။ ဤသားအဖမှာ တစ်ပုံစံတည်းတူညီကြကာ တည်ငြိမ်သူများဖြစ်ကြသည်။ သူမကသာ မတည်ငြိမ်နိုင်သည့် တစ်ဦးတည်းသောလူဖြစ်သည်။


ဝမ်လေးကို သူ့အဘိုးအဘွားအိမ်တွင် ထားပြီးသည်နှင့် ယွမ်ရှနှင့် စုန့်ထင်ရှန်းတို့က ကြာကြာမနေခဲ့ပေ။ သူတို့က ခဏသာထိုင်ပြီးထွက်သွားကြသည်။ သူတို့နှစ်ယောက်တည်း ချိန်းတွေ့ရသည်မှာ ရှားပါးလွန်းလှ၍ စက္ကန့်တိုင်း မိနစ်တိုင်းကို ရွှေလိုတန်ဖိုးထားနေကြသည်။


xxxxxx