Chapter 104
"ကြယ်ပွင့်များကိုအင်တာဗျူးခြင်း" အစီအစဥ်က တိုက်ရိုက်ထုတ်လွှင့်ပြသသည့် အစီအစဥ်တစ်ခုဖြစ်ပြီး အချိန်နှင့်တစ်ပြေးညီလိုက်မီနေသော အင်တာဗျူးဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်သည့်အင်တာဗျူးစသည်နှင့်
အွန်လိုင်းပေါ်ရှိကြည့်ရှုသူအရေအတွက်မှာ ခုနစ်သိန်းအထိ တဖြေးဖြေးတိုးလာသည်။ နည်းပညာအဖွဲ့၏အပြင်အဆင်ကောင်းမွန်မှုကြောင့် လူပေါင်းများစွာတစ်ချိန်တည်းဝင်လာသော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုက ချောချောမွေ့မွေ့နှင့်ပင်ဖြစ်သည်။
ဆိုဖာပေါ်တွင်ထိုင်ကာ အင်တာဗျူးရန်အသင့်ဖြစ်နေသည့် ကုဆွေ့ဆွေ့ကမူ တိုက်ရိုက်ထုတ်
လွှင့်နေသည်ကိုသတိမထားမိပဲ မျက်လုံးလေးကလယ်ကလယ်နှင့် ငြိမ်ငြိမ်လေးနေနေသည်။
ဘေးတစ်ဖက်တွင်ထိုင်နေသောအစီအစဥ်တင်ဆက်သူက ပြုံးရင်းပြောလာသည်။ "ဆွေ့ဆွေ့...သမီးလေးက ရိုက်ကူးရေးအဖွဲ့ထဲမှာပါရတာကို...တကယ်သဘောကျပုံပဲနော်"။
"ရိုက်ကူးရေးအဖွဲ့ထဲမှာဆိုရင်...ကိုကိုမမချောချောလေးတွေကို...နေ့တိုင်းတွေ့နေရမှာပဲ...အဲဒီကိုကိုမမတွေထဲကမှ...ဘယ်သူကအချောဆုံးလို့..သမီးထင်လဲ"။
ထိုမေးခွန်းကို ကုဆွေ့ဆွေ့တကယ်မဖြေတတ်ပါ။
သူ(မ)၏အမြင်တွင် ကိုကိုမမအားလုံးက ညီတူမျှတူချောမောကြသည်။ မည်သူက အချောဆုံးမှန်း သူ(မ)မရွေးတတ်ပေ။
ထို့ကြောင့် သူ(မ)တစ်ခဏမျှစဥ်းစားပြီး စိတ်ရင်းအမှန်အတိုင်းပြောလိုက်သည်။ "ကိုကိုတွေ...မမတွေအကုန်လုံးက...အရမ်းချောကြတယ်လို့သမီးထင်တယ်"။
အစီအစဥ်တင်ဆက်သူက ကလေးငယ်ကိုမေးခွန်းများထပ်မေးပြန်သည်။ "ဆွေ့ဆွေ့လေးက....အရမ်းလှတာဆိုတော့...ငယ်ငယ်တည်းက
လူတွေအများကြီးကချီးကျူးကြမှာပဲနော်"။
ကုဆွေ့ဆွေ့၏မျက်နှာအမူအရာမှာ ကန်ရေပြင်ကဲ့သို့ငြိမ်သက်ကြည်လင်နေသည်။ "အဲ့တာတော့
သမီးလည်းသေချာမသိဘူးရှင့်...ဒါပေမဲ့ အန်တီလည်း...သမီးကိုချီးကျူးတယ်လေ"။
အစီအစဥ်တင်ဆက်သူမှာ ကုဆွေ့ဆွေ့၏စကားကြောင့် နောက်တစ်ဖန်ဆွံ့အသွားပြန်သည်။ စကားသိပ်တတ်သောကလေးငယ်ပါပင်။ "ဒါပေါ့
ဆွေ့ဆွေ့လေးက...အရမ်းလှတော့အန်တီလည်းမချီးကျူးပဲမနေနိုင်လို့ပါ"။
ဤအစီအစဥ်တွင်အင်တာဗျူးချိန်ကို ကန့်သတ်ထားသည်။ ထို့ကြောင့် တင်ဆက်သူက တုံ့ဆိုင်းမနေပဲ မေးခွန်းများကိုတစ်ခုပြီးတစ်ခုအမြန်မေးသည်။
"ဆိုရှယ်မီဒီယာတွေပေါ်မှာ...ဆွေ့ဆွေ့ကို...ပြည်သူ့အချစ်တော်လေးလို့ခေါ်နေကြတာ...ဆွေ့ဆွေ့သိလားဟင်"။
ကုဆွေ့ဆွေ့က မျက်လုံးဝိုင်းကြီးများဖြင့် ပေကလတ် ပေကလတ်လုပ်ကာ ဇဝေဇဝါမေးလာသည်။ "ပြည်သူ့အချစ်တော်ဆိုတာ...ဘာအဓိပ္ပါယ်လဲဟင်"။
အစီအစဥ်တင်ဆက်သူလည်း တစ်ခဏမျှစဥ်းစားကာ ထိုစကားလုံးကို ကလေးနားလည်လောက်မည့်ဥပမာဖြင့်ရှင်းပြလိုက်သည်။ "ပြည်သူ့အချစ်တော်ဆိုတာ...လူတိုင်းကဆွေ့ဆွေ့ကိုအရမ်းချစ်လွန်းလို့...ချစ်စနိုးနဲ့ခေါ်ကြတာ...အားလုံးက...ဆွေ့ဆွေ့လေးကိုသူတို့ရဲ့သမီးဖြစ်စေချင်နေကြတာလေ"။
ကုဆွေ့ဆွေ့တစ်ယောက် တင်ဆက်သူမမ၏စကားကိုသေချာနားထောင်ပြီးနောက် ခေါင်းကိုအတွင်တွင်ခါရင်းပြောလိုက်သည်။
"သမီးကိုအဲ့လိုမခေါ်သင့်ဘူးလို့ထင်တယ်"။
သုန်မှုန်သွားသောကုဆွေ့ဆွေ့၏မျက်နှာအမူအရာကြောင့် အစီအစဥ်တင်ဆက်သူမှာပြာပြာသလဲဖြစ်သွားရသည်။ "ဘာလို့လဲဆွေ့ဆွေ့ရဲ့
ပြည်သူ့အချစ်တော်ဆိုတဲ့နာမည်ကိုမကြိုက်လို့လားဟင်"။
"ပြည်သူ့အချစ်တော်" ဟူသောဂုဏ်ပုဒ်ကို အနုပညာအသိုင်းအဝိုင်းရှိ ကလေးသရုပ်ဆောင်တိုင်းက လိုချင်ကြသည် မဟုတ်လား။ ကုဆွေ့ဆွေ့ကမူ ထိုဂုဏ်ပုဒ်ကိုသဘောကျပုံမရပေ။
သူ(မ)၏အမေးကို ကုဆွေ့ဆွေ့ကခေါင်းယမ်းပြသည်။ "သမီးမကြိုက်လို့မဟုတ်ပါဘူး...လူတိုင်းက...သမီးရဲ့မိဘဖြစ်ချင်နေကြတာ...မေမေသိသွားရင်ဝမ်းနည်းနေမှာပေါ့"။
ကလေးငယ်၏အဖြေကြောင့် အွန်လိုင်းပေါ်တွင်တိုက်ရိုက်ကြည့်ရှုနေသူများမှာ အုတ်အော်သောင်းနင်းဖြစ်ကုန်ကြသည်။ စင်အောက်တွင်ရပ်ကြည့်နေသော လုယွင်ကျီနှင့်ခဲ့ကျင်းမှာလည်း ရယ်ရမလိုငိုရမလိုဖြစ်သွားသည်။
သို့သော် ဆွေ့ဆွေ့၏ယနေ့အင်တာဗျူးကို လု
ယွင်ကျီ အလွန်ကျေနပ်အားရမိသည်။ ဆွေ့ဆွေ့ကငယ်ရွယ်လွန်းပြီး စကားလုံးအသုံးအနှုန်းကိုများများစားစားမသိသောကြောင့် ဤသို့သောကလေးဆန်ဆန်စကားမျိုးပြောခြင်းဖြစ်သည်။ သုံးနှစ်အရွယ်ကလေးတစ်ယောက်၏ စကားကိုအထအနကောက်ပြီးဗွေယူနေ၍မရပေ။ သူ(မ)၏ပွင့်လင်းရိုးသားမှုက ပရိသတ်များ၏အမြင်တွင် ပို၍ပင်ချစ်စရာကောင်းသွားသေးသည်။
အစီအစဥ်တင်ဆက်သူက ဇာတ်ညွှန်းစာရွက်ထဲမှ မေးခွန်းများကိုမေးပြီးနောက် ပရိသတ်များ၏မေးခွန်းများကိုလည်းအလှည့်ကျမေးပေးသည်။ ကလေးတစ်ယောက်အတွက် အင်တာဗျူးအစီအစဥ်ကလူကြီးများထက်ပင် ပို၍လွယ်ကူသည်။ ဘာမှမသိနားမလည်သေးသောကလေးဖြစ်ရာ ပရိသတ်များ၏မေးခွန်းများမှာလည်း "အကြိုက်ဆုံးအစားအစာကဘာလဲ" "ဘာလုပ်ရတာဝါသနာပါလဲ" အစရှိသည့်ရိုးရိုးရှင်းရှင်းမေးခွန်းများသာဖြစ်သည်။
အင်တာဗျူးပြီးဆုံးတော့မည်ဖြစ်သောကြောင့်
လုယွင်ကျီလည်း အနည်းငယ်စိတ်အေးလက်အေးဖြစ်သွားသည်။ ပရိသတ်တစ်ဦး၏မေးခွန်းတစ်ခုမှလွဲ၍ ကျန်အစီအစဥ်မှာချောချောမွေ့မွေ့နှင့်ပြီးဆုံးသွားသည်။ ထိုပရိသတ်က ဆွေ့ဆွေ့ကို
"အဖေနဲ့အမေ...ဘယ်သူ့ကိုပိုချစ်လဲ" ဟုမေးရာ
လုယွင်ကျီမှာ အတော်လေးပြာယာခတ်သွားသည်။
ဆွေ့ဆွေ့၏ဖခင်အကြောင်းကိုသူသိထားပြီးဖြစ်ရာ ဤသို့သောမေးခွန်းမျိုးက ကလေးငယ်ကိုစိတ်အနှောင့်အယှက်ပေးနိုင်သည်။ မလိုအပ်ပဲ စိတ်ဒဏ်ရာရသွားနိုင်သည်။ ထို့ကြောင့် ထိုမေးခွန်းကိုကျော်ပစ်ရန် လုယွင်ကျီတစ်ယောက် စင်အောက်ကနေပြီးနည်းလမ်းမျိုးစုံစဥ်းစားတော့သည်။
သို့သော် ကလေးငယ်က ထိုမေးခွန်းကို တည်တည်ငြိမ်ငြိမ်နှင့်ပြန်ဖြေသွားသည်။ "မေ့မေ့ကိုပိုချစ်ပါတယ်" ဟူ၍သာ။ အနည်းငယ်မှိုင်ကျသွားသည်မှလွဲ၍ သူ(မ)၏မျက်နှာအမူအရာက ထူးထူးခြားခြားပြောင်းလဲသွားခြင်းမျိုးမရှိပေ။ လူတိုင်းကလည်း ဆွေ့ဆွေ့ကအဖေ့ထက်အမေ့ကိုပိုခင်တွယ်သည်ဟုသာ ရိုးရိုးလေးဖြည့်တွေးလိုက်ကြသည်။
ထို့နောက် အင်တာဗျူးတစ်ခုလုံး ချောချောမွေ့မွေ့နှင့်ပြီးဆုံးသွားခဲ့သည်။ ဆွေ့ဆွေ့၏အင်တာဗျူးက "ကြယ်ပွင့်များ၏အင်တာဗျူး" အစီအစဥ်တွင် ထုတ်လွှင့်လာခဲ့ငမျှအင်တာဗျူးအားလုံးထက်ကျော်လွန်ပြီး တိုက်ရိုက်ကြည့်ရှုသူအများဆုံးဖြစ်လာခဲ့သည်။ အင်တာဗျူးပြီးသည်နှင့်ဆွေ့ဆွေ့ကစင်ပေါ်မှဆင်းကာ ခဲ့ကျင်းယန်နှင့်လုယွင်ကျီရှိရာသို့
အပြေးလာသည်။
"ဆွေ့ဆွေ့...အခြေအနေဘယ်လိုလဲ...အဆင်ပြေရဲ့လား...စိတ်လှုပ်ရှားနေသေးလား"။
ကုဆွေ့ဆွေ့က ရင့်ကျက်တည်ငြိမ်သောလူကြီးမျက်နှာဘေးလေးနှင့်ပြန်ပြောလာသည်။ "အစပိုင်းမှာပဲ...နည်းနည်းစိတ်လှုပ်ရှားမိတယ်...ဒါပေမဲ့...ပါပါးနဲ့ဦးဦးကိုတွေ့လိုက်တော့
မကြောက်တော့ဘူး"။
အဆင်ပြေပုံရသောကလေးငယ်ကိုကြည့်ရင်း လုယွင်ကျီ၏မျက်နှာထက်တွင် အပြုံးဖျော့ဖျော့လေးတစ်ခုဖြစ်တည်လာသည်။ ရွှေရောင်မျက်မှန်ကိုင်းကိုတွန်းတင်ရင်း တစ်စုံတစ်ခုပြောရန် ပြင်လိုက်ချိန်တွင်ခဲ့ကျင်းယန်ကဖြတ်ပြောသွားသည်။
"ပါပါးရဲ့သမီးလေးပင်ပန်းသွားပြီဆိုတော့...ဘာစားချင်လဲပြော...အကုန်ဝယ်ကျွေးမယ်...အရသာရှိတာလေးတစ်ခုခုသွားစားပြီးမှ
အိမ်ပြန်ပြီးရှီရှီနဲ့ဆော့ကြမယ်နော်"။
နှစ်ယောက်သား လုယွင်ကျီကိုပင် မစောင့်ပဲ
ရှေ့မှကော့တော့ ကော့တော့နှင့်ထွက်သွားကြသည်။ ။