အပိုင်း ၁၀၅
Viewers 15k

Chapter 105

"တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီးက ဆက်လက်နာမည်ကြီးနေပြီး ရုံဝင်ငွေစုစုပေါင်း နှစ်ကုဋေကျော်သွားပြီဖြစ်သည်။ ၎င်းနှင့်ပတ်သတ်သည့် သတင်းဆောင်းပါးအစအနများပင်လျှင် ပြည်သူလူထု၏အာရုံစိုက်မှုကိုအပြည့်အဝရရှိထားသည်။

"ကြယ်ပွင့်များကိုအင်တာဗျူးခြင်း" အစီအစဥ်တွင် ပါဝင်ထားသောကုဆွေ့ဆွေ့၏ရုပ်သံကို အင်တာနက်ပေါ်တွင်တင်လိုက်ရာ မိနစ်ပိုင်းအတွင်း ကြည့်ရှုသူတစ်သန်းကျော်သွားကာ ရေပန်းအစားဆုံးထိပ်တန်းရှာဖွေမှုတွင်ဝင်ရောက်သွားခဲ့သည်။

"ငါတို့ရဲ့ပေါက်စလေးက...အနာဂတ်မှာ သေချာပေါက်အောင်မြင်ကျော်ကြားလာမှာပဲ"။

"ကလေးငယ်နှင့်ခရီးသွားခြင်းရသစုံရှိုးက...ငါ့အကြိုက်ဆုံးရသစုံရှိုးပဲ...ဒါပေမဲ့ ဒီတစ်ပတ်မှာနောက်ဆုံးအပိုင်းကိုလွှင့်မှာတဲ့...ပေါက်စလေးတို့သားအဖကိုနှုတ်ဆက်ရတော့မှာပေါ့"။

"ဟုတ်ပါ့...အပတ်တိုင်းစောင့်ကြည့်ခဲ့ရတော့..အခုတောင်လွမ်းလာပြီ"။

"အစ်မကြီးတို့ရယ်...ပေါက်စလေးတို့သားအဖနှစ်ယောက်ကို...ပါးကိုက်နားကိုက်ရုပ်ရှင်မှာ ထပ်တွေ့ရဦးမှာလေ...ရိုက်ကူးရေးပြီးသွားပေမဲ့...ခေါင်းဆောက်မင်းသမီးနေရာမှာ သရုပ်ဆောင်ထားတဲ့...ကျီမင်းရဲ့ကိစ္စကြောင့်
ထုတ်လွှင့်မဲ့ရက်ကို...ခဏရွှေ့ဆိုင်းထားတယ်လို့ သတင်းကြားတယ်"။

ကျီမင်း၏ဂုဏ်သတင်းနှင့်နာမည်ကျော်ကြားမှုမှာ ယခင်ကလောက်မကောင်းမွန်တော့ချေ။

ယခင်က သူ(မ)၏စေတနာကောင်းမွန်မှုနှင့်နူးညံ့ချိုသာမှုတို့ကြောင့် ပရိသတ်များ၏ချစ်ခင်အားပေးမှုကို တစ်ခဲနက်ရရှိခဲ့သော်လည်း လွန်ခဲ့သောနှစ်လကဖြစ်ပျက်သွားခဲ့သောကိစ္စကြောင့် သူ(မ)၏သရုပ်မှန်များဘူးပေါ်သလိုပေါ်သွားကာ ဟန်ဆောင်မျက်နှာဖုံးကွာကျသွားခဲ့သည်။

 နာမည်ဂုဏ်သတင်းနှင့်ကျော်ကြားမှုလည်းမရှိတော့သလို ပရိသတ်ပြည်သူများ၏တံတွေးခွက်တွေပက်လက်မျောခဲ့ရတော့သည်။ အင်တာနက်ပေါ်တွင်လည်း သူ(မ)ကို အနုပညာရပ်ဝန်းမှအပြီးတိုင်ထွက်သွားရန် ယနေ့တိုင်ဆန္ဒပြနေကြသည်။

ထျန်းဟောင်ဖျော်ဖြေရေးအေဂျင်စီ၏ကောင်းမှုကြောင့်သာ ယနေ့ထိကျီမင်းတစ်ယောက် ယဲ့ယဲ့ကလေးရပ်တည်နိုင်ခြင်းဖြစ်သည်။ သို့သော် 
ဖူရင်းယွီနှင့်ထျန်းဟောင်ဖျော်ဖြေရေးတို့စာချုပ်ရပ်စဲလိုက်သည့်သတင်းများနှင့်အကျိုးသက်ရောက်မှုများက တစ်ရက်နှစ်ရက်အတွင်း ပျောက်ကွယ်မသွားချေ။ ထို့အပြင်ချင်ဖျော်ဖြေရေးအေဂျင်စီနှင့်ပါစာချုပ်ချုပ်လိုက်သော
ကြောင့် ထျန်းဟောင်အတွက်အကြီးစားဆုံးရှုံးမှုတစ်ခုဖြစ်သွားသည်။ ထျန်းဟောင်ကုမ္ပဏီအထက်ပိုင်းလူကြီးများမှာ ဖူရင်းယွီထွက်သွားရခြင်းအကြောင်းရင်းက ကျီမင်းကြောင့်ဟုယုံကြည်ထားကြကာ သူ(မ)အားမကျေမနပ်ဖြစ်နေကြသည်။ ယခင်က ကျီမင်းကိုဖူးဖူးမှုတ်ဆက်ဆံကြသော်လည်း ဤကိစ္စများဖြစ်ပြီးနောက် သူ(မ)ကိုမရှိသလိုသဘောထားကြသည်။

ထို့ကြောင့် ဤရက်ပိုင်းများတွင် ကျီမင်းတစ်ယောက် ပါးလျလျရေခဲပြင်ပေါ်တွင်လမ်းလျှောက်နေရသကဲ့သို့ခံစားရသည်။ နည်းနည်းလေးအမှားလုပ်မိသည်နှင့် လူတစ်ကိုယ်လုံးစုန်းစုန်းမြှုပ်သွားနိုင်သည်။

ထျန်းဟောင်ဖျော်ဖြေရေးအေဂျင်စီပိုင်ရှင်၏အငယ်ဆုံးသားဖြစ်သူနှင့်တွဲခုတ်ပြီး လအနည်းငယ်အကြာတွင် ထိုလူ့အကျင့်စရိုက်ကိုကျီမင်းသိလာရသည်။ ကျီမင်းသျှမ်းသျှမ်းတောက်အောင်မြင်နေချိန်တွင် သူ(မ)ကို ဘုရင်မသဖွယ်ဆက်ဆံသော်လည်း ယခုလိုကူကယ်ရာမဲ့အချိန်တွင်မူ ကစားစရာအရုပ်သဖွယ်ဆက်ဆံသည်။ သို့သော် ဤအခြေအနေတွင်ကောက်ရိုးတစ်ပင်ဖြစ်ဖြစ် အမိအရဆွဲထားရမည်ဖြစ်သောကြောင့် ကျီမင်းသည်းခံပြီးနေနေရသည်။

သူ(မ) ဤကဲ့သို့အရှက်တကွဲအကျိုးနည်းပြီးရုပ်ပျက်ဆင်းပျက်ဖြစ်အောင်ဖန်တီးခဲ့သည့်တရားခံမှာ ဖူရင်းယွီပင်။ သူ(မ) ဖူရင်းယွီကို ရင်ထဲ အသည်းထဲထိအော်ဂလီဆန်စွာမုန်းတီးသည်။

လူတိုင်း၏တံတွေးခွက်ထဲ သူ(မ)ပက်လက်မျောနေချိန် ဖူရင်းယွီက ထျန်းဟောင်၏ပြိုင်ဘက်ဖြစ်သော ချင်ဖျော်ဖြေရေးအေဂျင်စီသို့ ချောချောမွေ့မွေ့ရွှေ့ပြောင်းခွင့်ရသည်။ ဖူရင်းယွီခေါင်းဆောင်ပါဝင်ထားသည့် "တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီးကလည်း ရုံဝင်ငွေအကောင်းဆုံးရုပ်ရှင်တစ်ကားဖြစ်လာသည်။ သူ(မ)က ရှင်သန်ဖို့ရုန်းကန်ကြိုးစားနေရချိန်တွင် ဖူရင်းယွီက အခက်အခဲမရှိအောင်မြင်နေသတဲ့။

"ငါနင့်ကိုစုံစမ်းခိုင်းထားတဲ့ဟာ...အခြေအနေဘယ်လိုနေလဲ"။ ကျီမင်းက စိတ်ပျက်နေသည့်လေသံဖြင့်မေးလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းဖြစ်ပျက်သွားသောကိစ္စများကြောင့် သူ(မ)ကိုလူအတော်များများကရှောင်ဖယ်ကုန်ကြသည်။ ကံကောင်းထောက်မစွာဖြင့် သူ(မ)၏လက်ထောက်က သူ(မ)ကိုပစ်မသွားပေ။

"အစ်မကျီမင်း....ကျွန်မစုံစမ်းကြည့်ရသလောက်တော့...ချင်ဖျော်ဖြေရေးဘက်က...နောက်တစ်ပတ်ထဲမှာ...ဂုဏ်ပြုစားပွဲကျင်းပမှာပါ...ဥက္ကဋ္ဌချင်ကိုယ်တိုင်ပွဲတက်မယ်လို့သိရပါတယ်"။

ကျီမင်းကမျက်လွှာချလိုက်သည်။ သူ(မ)၏မျက်ဝန်းထဲတွင် ရက်စက်ကြမ်းကြုတ်မှုအရိပ်အယောင်တို့ဖြတ်ပြေးသွားသည်။

အဖြစ်အပျက်တစ်ခုကို လူအများက နှစ်လသုံးလအကြာတွင် မေ့သွားတတ်ကြသည်။ ထို့အပြင် သူ(မ)ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ထားသော "ပါးကိုက်နားကိုက်" ရုပ်ရှင်ကားကြီးကလည်း မကြာမီတွင်ရုံတင်ပြသမည်ဖြစ်သည်။ အနုပညာလောကထဲတွင် သူ(မ)ပြန်ပြီးထွန်းတောက်လာနိုင်သည်။ စိတ်ရှည်ရှည်စောင့်ဆိုင်းရန်သာလိုအပ်သည်။ အရာအားလုံးကို အချိန်ကကုစားသွားပါလိမ့်မည်။ 

ဖူရင်းယွီတောင် ချင်ဖျော်ဖြေရေးဘက်သို့ ပေါင်းကူးလုပ်နိုင်သေးတာပဲ။ သူ(မ)က ဘာလို့မလုပ်နိုင်ရမှာလဲ။

.....

တစ်ချိန်တည်းတွင်...

ခဲ့ကျင်းယန်တစ်ယောက် စျေးဝယ်စင်တာအပေါ်ထပ်ရှိစားသောက်ဆိုင်တစ်ခုတွင် ဆွေ့ဆွေ့နှင့်အတူစားသောက်ပြီးနောက် ပြန်ထွက်လာခဲ့သည်။ ကလေးငယ်နှင့်အေးအေးဆေးဆေးလျှောက်လည်ချင်သေးသော်လည်း လုယွင်ကျီပါလာသောကြောင့် ခဲ့ကျင်းယန်တစ်ခွန်းမှမဟပဲငြိမ်နေရသည်။

မြေအောက်ကားပါကင်သို့သုံးယောက်သား ပြန်လာကြချိန်တွင် မုန်တိုင်းမလာခင်လေပြည်နှင်သကဲ့သို့ အေးဆေးငြိမ်သက်နေသေးသည်။ သူတို့ကားဆီသို့မရောက်မီ လင်းယုန်ကဲ့သို့စူးရှသောမျက်လုံးပိုင်ရှင်လုယွင်ကျီက ကားနောက်တွင် ပုန်းခိုကာ ခဲ့ကျင်းယန်နှင့်ဆွေ့ဆွေ့တို့ကို ဓာတ်ပုံခိုးရိုက်နေသော ပါပါရာဇီကိုတွေ့သွားသည်။

"ဆောရီးပါဗျာ...ဒါကကျွန်တော်တို့ရဲ့ပုဂ္ဂိုလ်ရေးရာမလို့...အပြင်ကိုမပေါက်ကြားစေချင်ဘူး
အဲဒါကြောင့်...ခင်ဗျားရိုက်ထားတဲ့ဓာတ်ပုံတွေကို...ပြန်ဖျက်ပေးပါ...မဟုတ်ရင်အရေးယူရလိမ့်မယ်"။

"ကျွန်...ကျွန်တော်...ဓာတ်ပုံမရိုက်ပါဘူး"။

"ဟုတ်ပြီ...ခင်ဗျားမရိုက်ထားဘူးဆိုရင်...ကင်မရာတစ်ချက်ကြည့်ပါရစေ...ကျွန်တော်တို့လုံခြုံရေးအတွက်ပါ...တကယ်မရိုက်ထားဘူးဆိုရင်...ဒီတိုင်းလွတ်ပေးပါ့မယ်"။

လုယွင်ကျီက အေးအေးဆေးဆေးဖျောင်းဖျရန်ပြင်လိုက်သော်လည်း အနှီကောင်လေးခဲ့ကျင်းယန်မှာ စကားတစ်ခွန်းမှဝင်မပြောပဲ ပါပါရာဇီထံမှ ကင်မရာကိုဆွဲလုလိုက်သည်။

"ဟေး...အဲဒါ...ငါ့ကင်မရာလေ...ပြန်ပေးစမ်း"။

ထို့နောက် ကင်မရာမှ မမ်မိုရီကတ်ကိုထုတ်လိုက်သည်။ ကင်မရာကိုရိုက်ခွဲမည်ကြံလိုက်ရာ ဆွေ့ဆွေ့၏ မျက်ရည်ဝိုင်းနေသောမျက်ဝန်းများကြောင့် သူ့လှုပ်ရှားမှုတို့ရပ်တန့်သွားကာ အသက်ကိုပြင်းပြင်းရှူလိုက်ရင်း ကင်မရာကိုတဖြေးဖြေးပြန်ချလိုက်သည်။ 

ကလေးငယ်ကြောင့်သာမဟုတ်လျှင် ထိုကင်မရာတစ်စစီဖြစ်နေလောက်ပြီ။ ရိုက်ခွဲပစ်ချင်သည့်စိတ်ကို သူမနည်းထိန်းထားရသည်။

"ဒီမှာရော့...မင်းကင်မရာကိုယူပြီးထွက်သွား
ငါ့မျက်စိရှေ့မှာထပ်ပြီးမပေါ်လာမိစေနဲ့...အဲဒီအခါကျရင်...ဘာလုပ်မိမလည်းမသိတာမလို့"။

လုယွင်ကျီမှာ ခဲ့ကျင်းယန်ကိုကြည့်ရင်းမှင်တက်နေမိသည်။ ယခင်က တစ်စက်ကလေးမှ စိတ်မထိန်းပဲ စိတ်ရှိလက်ရှိသောင်းကျန်းတတ်သော ကောင်ငယ်လေးက ကလေးမျက်နှာထောက်ပြီး စိတ်လျှော့သတဲ့လား။
လုယွင်ကျီလည်း ခဲ့ကျင်းယန်၏မျက်နှာကိုသာ စေ့စေ့ငေးကြည့်ပြီး ပြောစရာစကားဆွံ့အနေသည်။