Chapter 107
"ဦးဦးလု...ပါပါးခဲ့က...သမီးကိုသူနဲ့အတူခေါ်သွားမယ်လို့...ကတိပေးထားတယ်"။
ပါပါးခဲ့ထံမှ သဘောတူထောက်ခံသည့်စကားကိုကြားလိုက်ပြီးနောက် ကုဆွေ့ဆွေ့က နံဘေးတွင်ရှိနေသော လုယွင်ကျီကိုသူ(မ)၏မျက်လုံးရွဲကြီးများဖြင့် လှည့်ကြည့်လာသည်။
လုယွင်ကျီလည်း သူ့ကိုအားကိုးတကြီးကြည့်နေသည့် ကလေးမလေးကိုမျက်နှာလွှဲခဲပစ်မလုပ်နိုင်သောကြောင့် အပြုံးလေးဖြင့်ပြန်ဖြေလိုက်ရသည်။ "ဟုတ်ပါပြီ...ဦးကသမီးကို နောက်ထပ်ဖိတ်စာတစ်စောင်ယူလာပေးပါ့မယ်...စိတ်မပူပါနဲ့...အင်္ကျီလှလှလေးလည်းဝတ်ပေးဦးမှာ..ဦးရဲ့မင်းသမီးလေးကို ပရိသတ်ရှေ့ထုတ်ကြွားရမှာပေါ့"။
ဆွေ့ဆွေ့က အလှအပကြိုက်သောကလေးမလေးတစ်ယောက်ဖြစ်သည်ကို လုယွင်ကျီကောင်းကောင်းသိသည်။ ခဲ့ကျင်းယန်က ကလေးငယ်ကိုဂုဏ်ပြုစားပွဲသို့ခေါ်သွားမည်ဟု ကတိပေးထားပုံရသည်။ ထို့ကြောင့် လုယွင်ကျီလည်း ဆွေ့ဆွေ့၏ပွဲတက်ဝတ်စုံအတွက်ကြိုတင်စဥ်းစားထားပြီးသားဖြစ်သည်။
ဆွေ့ဆွေ့က navf ဘရန်း၏သံတမန်အဖြစ်ခန့်အပ်ထားခံရသူဖြစ်သည့်အတွက် သူ(မ)တက်
သည့်ပွဲတိုင်းတွင် ထိုဘရန်းအမှတ်တံဆိပ်ကိုမလွဲမသွေဝတ်ဆင်ရမည်ဖြစ်သည်။
"တိမ်မြှုပ်နေသော" ရုပ်ရှင်ကား၏အောင်မြင်မှု
နှင့်အတူ ကုဆွေ့ဆွေ့၏ နာမည်ဂုဏ်သတင်းကလည်း တစ်ရှိန်ထိုးနာမည်ကြီးလာသည်။ ထို့ကြောင့် ဖက်ရှင်ဘရန်းအတော်များများက ဆွေ့ဆွေ့နှင့်အတူအလုပ်တွဲလုပ်ရန် အပြိုင်အဆိုင်ဖြစ်နေကြသည်။
Navf အမှတ်တံဆိပ်နှင့်ဆွေ့ဆွေ့က သုံးနှစ်သက်တမ်းစာချုပ်ချုပ်ထားကြသည်။ နာမည်ကြီးအမှတ်တံဆိပ်တစ်ခုအနေနှင့် ဆွေ့ဆွေ့ကဲ့သို့
တက်သစ်စကလေးသရုပ်ဆောင်တစ်ယောက်ကို
အမှတ်တံဆိပ်အတွက်တရားဝင်ကြော်ငြာသူတစ်ယောက်အဖြစ် ပထမဆုံးအကြိမ်ခန့်အပ်လိုက်ခြင်းဖြစ်သည်။ ဆွေ့ဆွေ့၏အနုပညာလမ်းကြောင်းအတွက် အကောင်းမွန်ဆုံးသောခြေလှမ်းသစ်တစ်ရပ်ကိုစတင်လိုက်ခြင်းဖြစ်သည်။
ဤရက်ပိုင်းအတွင်း "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးအပိုင်းသစ်ရိုက်ကူးရန်မရှိသောကြောင့် ကုဆွေ့ဆွေ့မှာ ပုံမှန်အတိုင်းအိမ်တွင်သာ
အချိန်ကုန်ဖြစ်သည်။
တစ်ပတ်လေးရက်လောက်က ပါပါးခဲ့အိမ်တွင်အချိန်ကုန်ဖြစ်သည်။ ယနေ့လည်းထိုနည်းတူပင်။ ညကိုးနာရီထိုးနေပြီဖြစ်သော်လည်း ဆွေ့ဆွေ့က ရှီရှီနှင့်ဆော့ကစားနေတုန်း။ ရှီရှီအတွက်
သူ(မ)ကိုယ်တိုင်ဝယ်လာပေးသော အစာခြောက်လေးများကျွေးရင်း တဖြေးဖြေးညနက်လာသောအခါ မျက်လုံးလေးများစင်းလာသည်။ ထို့ကြောင့် ခဲ့ကျင်းယန်လည်းကလေးကိုပွေ့ချီကာ ကားပေါ်တင်ပေးလိုက်ပြီး လက်ထောက်ရှမ်ယွမ်နှင့်အတူ အိမ်ပြန်ခိုင်းလိုက်သည်။
ဆွေ့ဆွေ့တို့ပြန်သွားမှ ရှုပ်ပွနေသောသူ့အိမ်ကိုပြန်ရှင်းရသည်။ ကလေးနှင့်ခွေးတို့ပေါင်းဖွထားကြသည်မှာ အမှိုက်ပုံကြီးလိုပင်။ အခန်းရှင်းရင်း ဟောဟဲမောလာသောကြောင့် တစ်အောင့်လောက်ထိုင်ကာနားရသေးသည်။ ထိုစဥ် လက်ထောက်အစ်ကိုကျွေးသမျှကိုတမြုံ့မြုံ့ထိုင်စားနေသော ဖက်တီးကောင်ကိုကြည့်ရင်း
ဆွေ့ဆွေ့နှင့်ရင်းနှီးမှုကိုတွေးမိသွားသောအခါ မနာလိုဖြစ်လာရသည်။ "ဆွေ့ဆွေ့က...ရှီရှီကိုကျတော့...အရမ်းဂရုစိုက်ပြီး...ကျွန်တော့်အနားဆို
သိပ်ပြီးတော့တောင်မကပ်တော့ဘူး"။
ထိုအခါ ရှီရှီ့ကိုအစာကျွေးနေသောလက်ထောက်က တီးတိုးပြောလာသည်။ "ကျင်းယန်ရယ်...မင်းပဲဆွေ့ဆွေ့အတွက်ဆိုပြီးရှီရှီကိုမွေးထားတာလေ...အခုကျငြိုငြင်နေပြီပေါ့
ခွေးနဲ့တောင်ပြိုင်ပြီးသဝန်တိုရတယ်လို့...ကလေးက...မင်းသူ့ကိုဝယ်ပေးထားတဲ့ခွေးလေးမလို့...သေသေချာချာဂရုစိုက်တာလေ
အဲ့တာဘာဖြစ်တာလဲ...ရှီရှီသာမရှိရင်...သူဒီအိမ်ကိုတောင်...နေ့တိုင်းလာမှာမဟုတ်ဘူး"။
လက်ထောက်အစ်ကို၏စကားကြောင့် ခဲ့ကျင်းယန် အနည်းငယ်တွေဝေသွားသည်။ ရှီရှီကြောင့်
ဆွေ့ဆွေ့ကိုသူနေ့တိုင်းတွေ့နေရခြင်းဖြစ်သည်။
ကလေးငယ်ကသူ့ကိုဒီ့ထက်သံယောဇဥ်ရှိလာအောင် ရှီရှီကိုအသုံးချသင့်သည် မဟုတ်လား။
ထိုသို့တွေးပြီးခဲ့ကျင်းယန်တစ်ယောက်ပြုံးယောင်သမ်းသွားသည်။
"အာ...ဒါနဲ့...အစ်ကိုရေ...ရေခဲသေတ္တာထဲမှာ...ဟိုတစ်နေ့ကဝယ်ထားတဲ့...မုန်လာဥနီတွေရှိသေးတယ်မလား...အမဲသားမုန်လာစွပ်ပြုတ်လေးလုပ်စားကြတာပေါ့...ရှီရှီ့ကိုလည်းကျွေးရအောင်လေ"။
"ဟေ...မင်းပဲ...ရှီရှီ့ကိုဝိတ်ချပေးမလို့ဆို...အခုတော့...အစားထပ်ကျွေးဖို့စဥ်းစားနေတာလား"။
"အင်း...ကျွန်တော်စိတ်ပြောင်းသွားပြီ...ရှီရှီဒီိထက်ပိုဝလာရင်လည်း...ကိစ္စမရှိပါဘူး...လုံးလုံးလေးနဲ့ပိုချစ်ဖို့ကောင်းသွားတာပေါ့"။ ဆွေ့ဆွေ့က သူ့ကိုအမြင်ကြည်နေအောင် ရှီရှီ့ကိုကောင်းကောင်းဆက်ဆံပေးရမည် မဟုတ်လား။
လက်ထောက်: "......"
နောက်တစ်နေ့မနက်အစောတွင်...
ဖုန်းယောက်ချင်းက နေ့တိုင်း မနက်ခြောက်နာရီခန့်တွင်အိပ်ရာထလေ့ရှိပြီး ဆွေ့ဆွေ့အတွက်မနက်စာပြင်ဆင်ကာ အိမ်သန့်ရှင်းရေးလုပ်သည်။ အားလုံးပြီးစီးမှ ဆွေ့ဆွေ့ကိုသွားနှိုးသည်။
"မေမေ...သမီးအိပ်ရေးမဝသေးဘူး...ငါးမိနစ်လောက်...ထပ်ပြီးအိပ်ပါရစေ...ငါးမိနစ်ပဲလေနော်"။ ပါပါးခဲ့အိမ်တွင်ညနက်အထိနေလိုက်မိသောကြောင့် ကုဆွေ့ဆွေ့မှာအိပ်ရေးမဝတော့ပေ။
ဖုန်းယောက်ချင်းက ဆွေ့ဆွေ့၏နဖူးကိုငုံ့နမ်းရင်းပြောလိုက်သည်။ "အင်း...ဟုတ်ပြီ...နောက်နာရီဝက်နေမှ...မေမေပြန်လာနှိုးမယ်...မနက်စာအတွက်...သမီးအကြိုက်ဆုံးစတော်ဘယ်ရီယိုပေါင်မုန့်နဲ့နွားနို့တစ်ခွက်ပြင်ထားပေးတယ်နော်"။
ယနေ့တစ်မနက်လုံး ဖုန်းယောက်ချင်းတစ်ယောက် အတော်လေးစိတ်ကောင်းဝင်နေသည်။
အဘယ်ကြောင့်ဆိုသော် မနေ့နေ့လည်ပိုင်းလောက်တွင် မြို့တော်၏အကောင်းဆုံးနှင့်ဂုဏ်သတင်းအကျော်ကြားဆုံးမူလတန်းကျောင်းမှ ကျောင်းဝင်ခွင့်အသိပေးစာရလာသောကြောင့်ဖြစ်သည်။
အစပိုင်းတွင် လုယွင်ကျီ၏ကတိပေးစကားကို ဖုန်းယောက်ချင်း အယုံအကြည်မရှိခဲ့ပေ။ အိမ်ဝယ်ပေးပြီးနောက်ပိုင်းတွင် ယုံကြည်မှုမြင့်တက်လာခဲ့သော်လည်း အကောင်းဆုံးမူလတန်းကျောင်းအထိပါစီစဥ်ပေးလိမ့်မည်ဟု ဖုန်းယောက်ချင်းမမျှော်လင့်ထားခဲ့ပေ။ လုယွင်ကျီက သတင်းများအတိုင်း တာဝန်အကျေပွန်ဆုံး
အတော်ဆုံးကိုယ်စားလှယ်တစ်ယောက်ဖြစ်သည်ကို သူ(မ)လက်ခံလိုက်ရသည်။
တိတုနိုင်ငံတကာမူလတန်းကျောင်းက ဝင်ခွင့်အလွန်ခက်ခဲသောကျောင်းတစ်ကျောင်းဖြစ်သည်။ ဝင်ခွင့်အတွက် ကလေးများကိုယ်တိုင် လူတွေ့စစ်ဆေးခြင်းများ စာမေးပွဲများအကြိမ်ကြိမ်ဖြေဆိုရပြီး မိဘများလည်းအင်တာဗျူးဖြေရသေးသည်။ ထို့အပြင် ထိုကျောင်းရှိ ဆရာဆရာမများမှာ အင်ပါယာမြို့တော်တစ်ခုလုံးတွင် အထူးချွန်ဆုံးတရာများကိုသာခန့်ထားသည်။ ကျောင်းသားအများစုမှာလည်း အထက်တန်းလွှာလူကုံထံအသိုင်းအဝိုင်းမှ ဆင်းသက်လာသောရွှေဇွန်းကိုက်ကလေးများချည်းပင်။
ကိုယ်စားလှယ်လုယွင်ကျီကြောင့်သာမဟုတ်လျှင် ထိုသို့သောကျောင်းမျိုးကို ဖုန်းယောက်ချင်း စိတ်ကူးပင်မယဥ်ရဲ။
"မူလတန်းကျောင်း...သမီးက...မူလတန်းကျောင်းကိုတက်ရမှာလားဟင်"။ အိပ်မှုန်စုံမွှား
နှင့်ထလာသော ဆွေ့ဆွေ့ကမျက်လုံးကိုလက်ခုံ
ဖြင့်ပွတ်ရင်း သမ်းဝေကာ ဇဝေဇဝါဖြင့်မေးလာသည်။
"အင်း...အဲဒီမှာ..သမီးလိုအရွယ်တူကလေးလေးတွေအများကြီးပဲ...စာလည်းသင်ရမယ်...သူငယ်ချင်းတွေအများကြီးနဲ့လည်းတွေ့ရမယ်...ဘယ်လောက်ကောင်းလိုက်သလဲ"။
ဆွေ့ဆွေ့မှာ မိခင်ဖြစ်သူစကားကြောင့်စိတ်လှုပ်ရှားသွားသော်လည်း သူ(မ)၏သူငယ်ချင်းများဖြစ်သော လင်းတုံတုံ ၊ ဟုန်းလင်းအာ ၊ ချန်ချင်းယန်နှင့်ချွီရွှဲ့ယွမ်တို့ကို လွမ်းမိသွားသည်။ ဒီအချိန်ဆို သူတို့ဘာလုပ်နေလောက်မလဲ။ ထိုသူငယ်ချင်းများကို ဆွေ့ဆွေ့အလွန်ခင်တွယ်ပါသည်။ "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးရိုက်ကူးနေသည့်တစ်လျှောက်လုံး အေးအတူပူအမျှ အတူဖြတ်သန်းလာသောကြောင့် ကလေးငါးယောက်မှာ တစ်ယောက်နှင့်တစ်ယောက် အတော်လေးသံယောဇဥ်တွယ်နေကြပြီဖြစ်သည်။
"ဒါပေမဲ့...မေမေရယ်...ကျောင်းကလူတွေက
ကိုကိုတုံတုံတို့လောက်ခင်ဖို့ကောင်းပါ့မလား"။
"အိုး...ခင်ဖို့ကောင်းကြမှာပါကွယ်...ပြီးတော့
မေမေ့သမီးလေးကိုဒီလောက်ချစ်ဖို့ကောင်းတာ
ခင်ကြမှာပေါ့"။
သမီးလေးကိုထိုသို့နှစ်သိမ့်ပေးနေသော်လည်း ဖုန်းယောက်ချင်းမှာစိတ်မချဖြစ်နေမိသည်။ ထိုကျောင်းတွင်တက်နေသောကလေးအားလုံးက မိဘအသိုင်းအဝိုင်းကျောထောက်နောက်ခံအားလုံး ပြီးပြည့်စုံကြသူများဖြစ်သည်။ ဆွေ့ဆွေ့တစ်ယောက်တည်းအားငယ်နေမည်ကို သူ(မ)စိုးရိမ်နေမိသည်။