အပိုင်း ၁၀၈
Viewers 15k

Chapter 108

ချင်ကုမ္ပဏီအုပ်စု၏ ဂုဏ်ပြုထမင်းစားပွဲကို ကုမ္ပဏီပိုင် ကြယ်ငါးပွင့်ဟိုတယ်တွင်ကျင်းပပြုလုပ်သည်။ 

ချင်ကုမ္ပဏီ၏လက်အောက်ခံ အခွဲတစ်ခုဖြစ်သော ချင်ဖျော်ဖြေရေးအင်ဂျင်စီကလည်း သူ့ကုမ္ပဏီရှိအနုပညာရှင်အတော်များများကို ဤပွဲသို့ဖိတ်ထားသည်။ အေဂျင်စီ၏ဥက္ကဋ္ဌကိုယ်တိုင်ပွဲတက်ရောက်မည်ဖြစ်သောကြောင့် ဒိတ်ဒိတ်ကြဲသရုပ်ဆောင်များ ၊ အဆိုတော်များလည်း မအားလပ်သည့်အချိန်ဇယားများကြားက အသည်းအသန်ပြင်ဆင်ရတော့သည်။

ကုဆွေ့ဆွေ့ကမူ ဤဂုဏ်ပြုစားပွဲသို့ စားသောက်ရန်သာလာခြင်းဖြစ်သည်။ လက်ထောက်မမ၏လက်ကိုဆွဲကိုင်ကာစူးစမ်းစိတ်ဖြင့်တစ်လှမ်းချင်းလှမ်းလာသော်လည်း စိတ်လွတ်ကိုယ်လွတ်လိုက်ကြည့်နေခြင်းမျိုးတော့မဟုတ်ပေ။

ဂုဏ်ပြုစားပွဲသို့ရောက်လျှင် ဦးဦးလုနှင့်လက်ထောက်မမ၏စကားကိုနားထောင်ရမည်ဟု မေမေကပြောထားသည်။ တစ်ယောက်ယောက်ကအနိုင်ကျင့်လျှင်လည်း လာတိုင်ရန်ပါပါးခဲ့ကပြောထားသေးသည်။

"ဆွေ့ဆွေ့...သမီးစားဖို့အတွက် မမတစ်ခုခုယူလာပေးမယ်...ဒီမှာခဏနေပြီး မမကိုစောင့်နေနော်...ဟုတ်ပြီလား"။ အစပိုင်းတွင် ရှန်ယွမ်က ကိုယ်စားလှယ်လုယွင်ကျီနှင့်ခဲ့ကျင်းယန်ကို
စောင့်ပြီးမှ ဆွေ့ဆွေ့နှင့်အတူစားသောက်သည့်စားပွဲဝိုင်းသို့သွားရန် ဆုံးဖြတ်ထားသော်လည်းအစားအသောက်များကိုသာ မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသော ကလေးငယ်ကြောင့် သူ(မ)လည်းမနေနိုင်တော့ပဲ အရင်စားခိုင်းလိုက်သည်။

ယနေ့ဂုဏ်ပြုစားပွဲတွင် ချင်ဥက္ကဋ္ဌကိုယ်တိုင်တက်ရောက်လာမည်ဖြစ်သောကြောင့် လုံခြုံရေးကိုအလွန်တင်းကြပ်ထားသည်။ ဖိတ်စာမပါလျှင် အထဲသို့ဝင်ခွင့်မပြုချေ။ ထို့ကြောင့် ရှမ်ယွမ်လည်း စိတ်ချစွာဖြင့် ဆွေ့ဆွေ့ကို
တစ်ယောက်တည်းထားပြီး အစားအသောက်ယူရန်ထွက်လာခဲ့သည်။

"မမစိတ်မပူပါနဲ့...သမီးဒီမှာငြိမ်ငြိမ်လေးထိုင်စောင့်နေမယ်နော်"။

......

တစ်ဖက်တွင်...

ခဲ့ကျင်းယန်တစ်ယောက် ဆွေ့ဆွေ့ကြောင့်သာ ဂုဏ်ပြုစားပွဲသို့ရောက်လာခဲ့သော်လည်း မိဘနှစ်ပါးကိုတွေ့လိုက်ရသောကြောင့် အတော်လေးစိတ်ညစ်သွားသည်။ တွေ့တွေ့ချင်း ဟိုပြောဒီပြောနှင့် အဆင်ပြေနေသေးသည်။ သို့သော် သာကြောင်းမာကြောင်းမေးသည့်စကားဝိုင်းမှဘောင်ကျော်ကာ စကားလမ်းကြောင်းပြောင်းသွားသည်။

"ဘာဗျ...ပါပါးနဲ့မာမားတို့က...ကျွန်တော့်ကိုအိမ်ထောင်ပြုပေးဖို့စီစဥ်နေတာပေါ့လေ"။

မိဘနှစ်ပါးမှာ စီးပွားရေးနယ်ပယ်တွင်အောင်မြင်နေသောလုပ်ငန်းရှင်ကြီးများဖြစ်သော
ကြောင့် ခဲ့ကျင်းယန်ကိုလည်းစီးပွားရေးလောကတွင်သာကျင်လည်ပြီး သူတို့၏လုပ်ငန်းများကိုအမွေဆက်ဆံစေချင်သည်။ သို့သော် ခဲ့ကျင်းယန်ကိုယ်တိုင်က စီးပွားရေးဆိုလားလားမျှစိတ်မဝင်စားပေ။ အနုပညာလမ်းကြောင်းထဲခြေစုံပစ်ဝင်ခဲ့ရာ ပါပါးနှင့်မာမားက အခုအချိန်အထိမကျေနပ်ကြသေးပေ။ ထို့ကြောင့် အမွေဆက်ဆံသူမွေးထုတ်နိုင်ရန်အတွက် သူ့ကိုအိမ်ထောင်ချပေးဖို့အထိပါ စီစဥ်နေကြသည်။

"ကျင်းယန်...မာမားသားအတွက်ရှာထားတဲ့မိန်းကလေးက...အရမ်းကိုအရည်အချင်းရှိပြီးသိတတ်လိမ္မာတယ်...ပုံစံလေးကလည်း...နူးညံ့
ညင်သာပြီးမိန်းကလေးဆန်တယ်...သားအကြိုက်ပုံစံလေးပါကွယ်"။ 

"မာမားကလဲဗျာ...သားအိမ်ထောင်မပြုချင်သေးပါဘူးဆိုနေ...အခုမှအသက်က ၂၃ ပဲရှိသေးတယ်...ဒီခေတ်ကြီးမှာ...ဘယ်သူက
ဒီလောက်စောစောစီးစီးအိမ်ထောင်ပြုကြလို့လဲ"။

"ဟဲ့...မာမားပြောတာသေချာနားထောင်စမ်းပါဦး
ကလေးငယ်နှင့်ခရီးသွားခြင်းရသစုံရှိုးကို...မာမားအပတ်တိုင်းကြည့်ဖြစ်တယ်...အဲဒီမှာ
ဟိုကလေးမလေးကို...မင်းအရမ်းသည်းသည်းလှုပ်ချစ်ပြနေတာလေ...မာမားသားလေးက
ကလေးချစ်တတ်မှန်း...အခုမှသိတော့တယ်
သူများကလေးတွေကိုတောင်...အဲ့လောက်ချစ်ရင်...ကိုယ့်သားသမီးကိုဆိုပိုချစ်မှာပေါ့..မာမားတို့လည်း...မြေးချီချင်လှပြီ...ယူလိုက်ပါတော့နော်"။

ဖခင်ဖြစ်သူ ခဲ့ဆုန်းယန်ကလည်း ဝင်ပြောလာသည်။ "ကျင်းယန်...မင်းမာမားပြောတာမှန်တယ်
မင်းကုမ္ပဏီအလုပ်တွေကိုမဆက်ခံချင်ဘူးမလား...အဲဒါဆိုငါတို့အတွက်ဆက်ခံသူ...တစ်ယောက်လောက်တော့မွေးပေး...ပြီးမှမင်းကြိုက်တဲ့အနုပညာအလုပ်ကို...ကြိုက်သလိုလုပ်...ပါပါးတို့မင်းကိုတွန်းအားမပေးပါဘူး...မင်းကိုယ်တိုင်ရွေးချယ်ပေါ့"။

အမှန်အတိုင်းပြောရလျှင် မိသားစုပိုင်လုပ်ငန်းများလျှင် အနှီကောင်လေးထံဘွှဲပေးလိုက်လျှင်လည်း ခဲ့ဆုန်းယန်တစ်ယောက်စိတ်ချနိုင်မည်မဟုတ်ပေ။ သားဖြစ်သူထံလွှဲလိုက်မှ အနှစ်နှစ်အလလကြိုးစားရှာလာခဲ့သမျှအားလုံး
အချည်းနှီးဖြစ်သွားနိုင်သည်။ မြေးလေးမွေးလာမှ စီးပွားရေး အုပ်ချုပ်ရေးနှင့်ပတ်သတ်သမျှကို
သူကိုယ်တိုင်သင်ပေးပြီး အမွေဆက်ခံသူဖြစ်စေမည်။

"ဘယ်လိုပဲဖြစ်ဖြစ်...ကျွန်တော်အိမ်ထောင်မပြုချင်သေးဘူး...အမွေဆက်ခံသူအဲ့လောက်လိုချင်နေရင်...မာမားတို့ဘာသာပဲမွေးလိုက်လေ...
မာမားလည်းလေးဆယ်စွန်းစွန်းပဲရှိသေးတယ်
ပါပါးလည်းကျန်းမာသန်စွမ်းနေတုန်းပဲဆိုတော့
တစ်ယောက်လောက်ထပ်မွေးလိုက်ပါလား...
ကျွန်တော်လည်း...ညီလေးတစ်ယောက်လောက်လိုချင်နေတာနဲ့အတော်ပဲ...သူ့ကိုအမွေအားလုံးပေးလိုက်လည်းကိစ္စမရှိဘူး"။

ခဲ့ကျင်းယန်လည်း ထိုသို့ပြောရင်းထွက်လာခဲ့သည်။ ပါပါးနှင့်မာမားကတော့ သူ့စကားကြောင့်
ဆွေ့ဆွေ့ခုန်ရင်းကျန်နေခဲ့သည်။

.....

ကုဆွေ့ဆွေ့က ဆိုဖာပေါ်တွင် ငြိမ်ငြိမ်လေးထိုင်ကာ လက်ထောက်မမကိုစောင့်နေသည်။ ဟိုဟိုဒီဒီကြည့်နေစဥ် ကောင်လေးတစ်ယောက်က ဒုန်းစိုင်းပြေးလာပြီး သူ(မ)ထိုင်နေသော ဆိုဖာနောက်တွင် ဝင်ပုန်းသည်။

ဘာတွေဖြစ်နေမှန်း ကုဆွေ့ဆွေ့တစ်ယောက် နားမလည်မီတွင် အပေါ်အောက်အနက်ရောင်ဝတ်စုံများဝတ်ထားသောလူတစ်စုက ဟောခန်းတစ်ခုလုံးအနှံ့ပြေးလွှားနေကြသည်။ သူတို့ပြောနေပုံအရ သူ(မ)ဆိုဖာနောက်တွင်ပုန်းနေသော ကောင်လေးကိုလိုက်ရှာနေပုံရသည်။ သူတို့အားလုံး စိန်ပြေးတမ်းကစားနေတာများလား။

အနက်ရောင်ဝတ်စုံနှင့်လူကြီးများပြန်ထွက်သွားမှ ဆွေ့ဆွေ့လည်းသိချင်စိတ်ဖြင့်ဆိုဖာနောက်တွင်ပုန်းနေသူကိုမဝံ့မရဲမေးလိုက်သည်။ 
"ကိုကိုရေ...အစောနကထွက်သွားတဲ့ဦးလေးကြီးတွေနဲ့...စိန်ပြေးတမ်းကစားနေကြတာလားဟင်
သမီးလည်းကစားချင်တယ်"။

"ဒီမှာ...ကလေးမလေး...စိန်ပြေးတမ်းကစားနေတာမဟုတ်ဘူး...ပုန်းနေတာဟ"။ ချင်ဇီချန်းက သက်ပြင်းချရင်း တိုးတိတ်ညင်သာစွာဖြင့်ပြန်ဖြေလိုက်သည်။

"ပြီးတော့...ဘယ်သူက...နင့်ရဲ့ကိုကိုလဲ...ငါ့ကိုအဲ့လိုလာမခေါ်နဲ့"။

"အဲဒါဆို...ဘယ်လိုခေါ်ရမှာလဲဟင်"။ သူ့စကားကြောင့် ကလေးမလေးက ဇဝေဇဝါဖြစ်သွားပုံရသည်။

"သူဌေးလေး...ငါ့ကိုသူဌေးလေးလို့ခေါ်"။

"ဒါဆို...ကိုကို...အဲလေ...သူဌေးလေး...အစောနက...အနက်ရောင်ဝတ်စုံနဲ့ဦးလေးကြီးတွေက
လူဆိုးတွေလားဟင်...သူဌေးလေးကဘာလို့
သူတို့မမြင်အောင်ပုန်းနေတာလဲ"။

"ဒါပေါ့...သူတို့ကလူဆိုးတွေ"။ အမှန်မှာ ထိုလူများက ချင်ဇီချန်း၏သက်တော်စောင့်များပင်။
ဒယ်ဒီက သူ့ကိုစောင့်ကြည့်ရန် သူ့ဘေးနားတွင်သက်တော်စောင့်များထားထားလေ့ရှိသည်။ ယခုလည်း အိမ်မှခိုးထွက်လာသောသူ့ကိုလိုက်ဖမ်းနေကြခြင်းပင်။

"အဲ့လိုကိုး"။ ကလေးမလေးက နားလည်သဘောပေါက်သည့်ဟန်ဖြင့်ပြောလာသည်။

"နင်ရော...နင်ဒီကိုဘယ်လိုလုပ်ပြီးရောက်နေတာလဲ"။

"ဆွေ့ဆွေ့က...လက်ထောက်မမနဲ့လာတာလေ"။

"ဟုတ်ပြီ...နင်ငါ့ကိုကူညီခဲ့တာဆိုတော့..ငါလည်းနင့်ကိုပြန်ကူညီမယ်...လက်ထောက်မမဆီသွားမှာမလား...လိုက်ပို့ပေးမယ်...သွားရအောင်"။

"ဟင့်အင်း...မမရှမ်ယွမ်က...ဒီနေရာမှာစောင့်ခိုင်းထားတာ...မမကိုမပြောပဲလျှောက်သွားလို့မဖြစ်ဘူး"။

"ဒီမှာကလေးမ...လူကြီးတွေမပါပဲ...ကိုယ့်ဘာသာကိုယ်...လွတ်လွတ်လပ်လပ်လျှောက်သွားရတဲ့အရသာက...ဘာနဲ့မှမလဲနိုင်ဘူး...လူကြီးတွေကိုခဏလောက်မေ့ထားလိုက်စမ်းပါ"။

"ဆွေ့ဆွေ့က...ကလေးအရွယ်ပဲရှိသေးတာလေ
တစ်ယောက်တည်းလျှောက်သွားရင်...အန္တရာယ်များတယ်...လူဆိုးတွေက...ဆွေ့ဆွေ့ကိုဖမ်းသွားရင်ဘယ်လိုလုပ်မလဲ"။

"ဒီဟိုတယ်တစ်ခုလုံးကို...ငါ့အိမ်ကပိုင်တာ...အဲ့တော့...ငါဒီနေရာကိုကောင်းကောင်းသိတယ်
ငါနဲ့လိုက်ခဲ့...ဘယ်လူဆိုးမှမဖမ်းစေရဘူး"။

"ဒါပေမဲ့...သူဌေးလေးပြောတော့...လူဆိုးဦးလေးကြီးတွေက...သူဌေးလေးကိုလိုက်ဖမ်းနေတာဆို"။

ဆွေ့ဆွေ့ကတစ်ခဏမျှစဥ်းစားပြီးချင်ဇီချန်း
၏လက်မောင်းကိုဆွဲထားလိုက်သည်။ "သူဌေးကိုကို...လူဆိုးတွေကလည်း...သူဌေးလေးကိုလိုက်ဖမ်းနေတာဆိုတော့...ဘယ်မှမသွားနဲ့တော့
ဆွေ့ဆွေ့ရဲ့ပါပါးခဲ့ကိုစောင့်ကြရအောင်...ပါပါးက...သူဌေးလေးကိုပြန်ပို့ပေးလိမ့်မယ်"။