အပိုင်း ၁၁၁
Viewers 15k

Chapter 111

အခြားလူများ ပျော်သည်မပျော်သည်ကို ကုဆွေ့ဆွေ့မသိသလို ဂရုလည်းမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ ဂုဏ်ပြုစားပွဲတွင်ဝါးတီးဆွဲရသော
ကြောင့် ဆွေ့ဆွေ့တစ်ယောက် အပျော်ကြီးပျော်နေမိသည်။

ဂုဏ်ပြုစားပွဲကြီးတွင် လူကြီးများစွာတက်ရောက်လာကြသောကြောင့် သေးသေးကွေးကွေးလေးဖြစ်နေသော ကုဆွေ့ဆွေ့တစ်ယောက် 
အခန်းထောင့်နားလေးတွင် ခပ်ကျုံ့ကျုံ့လေးထိုင်နေမိသည်။ မည်သူကမှ သူ(မ)လို ကလေးသရုပ်ဆောင်တစ်ယောက်ကို အာရုံမစိုက်ကြချေ။ 

လက်ထောက်မမယူလာပေးသော ကိတ်မုန့်ကိုသာစားနေရင်း ကုဆွေ့ဆွေ့ကျေနပ်နေမိသည်။ 
ကိတ်မုန့်စားကာအအေးသောက်နေရင်း ရုတ်တရက်ဆိုသလို သူ(မ)ရင်းနှီးနေသောမျက်နှာပိုင်ရှင်ကို လူအုပ်ထဲတွင်လှမ်းတွေ့လိုက်ရသည်။ သေသေချာချာကြည့်လိုက်မှ "ပါးကိုက်နားကိုက်" ရုပ်ရှင်ရိုက်ကွင်းတွင်ဆွေ့ဆွေ့တွေ့ဖူးနေကျ သရုပ်ဆောင်မမကျီမင်းဖြစ်သည်။

ထိုမမကျီမင်းကို စတွေ့သည့်အချိန်တည်းက ဆွေ့ဆွေ့သဘောမကျပေ။ မကောင်းသောအငွေ့အသက်များနှင့်မလိုမုန်းထားသည့်အရိပ်အယောင်များကို ခံစားနေမိသည်။ ဘာကြောင့်ရယ်မှန်းတော့မသိ။ ထိုမမကိုမြင်လိုက်တိုင်း ဆွေ့ဆွေ့၏မျက်ခုံးတို့အလိုလိုတွန့်ချိုးသွားသည်။ 

ဆွေ့ဆွေ့ကြည့်နေတုန်းမှာပင် မမကျီမင်းက စားပွဲဝိုင်းတစ်ခုဆီသို့လျှောက်သွားပြီး စားပွဲပေါ်တွင်တင်ထားသောခွက်ထဲသို့ တစ်ခုခုထည့်လိုက်သည်ကို တွေ့လိုက်ရသည်။ ဆွေ့ဆွေ့၏စိတ်ထဲတွင် သိချင်စိတ်တို့ပြင်းပြလာသည်။

"မမရှမ်ယွမ်...သမီးကို...အဲ့စားပွဲဝိုင်းကခွက်လေးယူပေးလို့ရမလား"။ ဆွေ့ဆွေ့ကိုယ်တိုင်ယူကြည့်ချင်သော်လည်း အရပ်မမှီသောကြောင့် မမရှမ်ယွမ်ကို အကူအညီတောင်းလိုက်သည်။

ရှမ်ယွမ်လည်း ဆွေ့ဆွေ့ပြောသည့်အတိုင်းစားပွဲပေါ်ရှိခွက်ကိုလှမ်းယူမည်အပြုတွင် ခွက်ထဲရှိသောက်စရာအမျိုးအမည်ကိုမြင်လိုက်ရသောအခါ ချက်ချင်းပြန်ချလိုက်သည်။ ဝိုင်ခွက်ကို ဆွေ့ဆွေ့က ဖျော်ရည်ထင်နေပုံရသည်။ "ဆွေ့ဆွေ့လေး...အဲ့တာက...သမီးသောက်လို့မရဘူး
လူကြီးတွေသောက်တဲ့ဟာလေ"။

"ဒါပေမဲ့...သမီးကြည့်ရုံလေးကြည့်မယ်လေ
ဘယ်လိုလည်းဆိုတာသိချင်လို့"။ 

"ဆွေ့ဆွေ့ရယ်...မမတို့....ဟိုဖက်ဝိုင်းကိုသွားကြရအောင်...အဲဒီမှာအရသာရှိတဲ့အစားအသောက်တွေအများကြီးရှိတယ်...လာပါ...သွားရအောင်"။

သုံးနှစ်ကျော်ကျော်အရွယ်သာရှိသေးသောကလေးတစ်ယောက်ကို ရှမ်ပိန်ခွက်မပေးလိုက်ချင်ပေ။ သို့သော် ရှမ်ယွမ်ကိုယ်တိုင်တစ်ငုံလောက်မြည်းကြည့်ချင်မိသည်။ ရှမ်ပိန်အကြောင်းစဥ်းစားရင်း ခံတွင်းပါချဥ်လာသောကြောင့် ခွက်ဆီသို့ ခဏခဏအကြည့်ရောက်မိသည်။ မသောက်မိခင်တွင် ခွက်ကိုအမြန်ချထားလိုက်ရသည်။

သို့သော်စိတ်လှုပ်ရှားနေသောကြောင့် ရှမ်ပိန်ခွက်ကိုနေရာတကျပြန်မထားမိပဲ စားပွဲအစွန်းတွင်အခြားသောက်စရာများနှင့်အတူရောထားလိုက်မိသည်။

ဆွေ့ဆွေ့နှင့်ရှမ်ယွမ်တို့ထွက်သွားပြီးနောက် စားပွဲထိုးဝတ်စုံဝတ်ထားသောလူတစ်ယောက်ရောက်လာကာ စားပွဲပေါ်မှခွက်တစ်ခွက်ကိုကောက်ယူသွားသည်။

.....

ကျီမင်းတစ်ယောက် ဥက္ကဋ္ဌချင်ရှိရာသို့ တဖြေးဖြေးချဥ်းကပ်သွားကာအနားသို့ရောက်သောအခါ ခြေခေါက်ပြီးလဲကျသွားဟန်ဆောင်လိုက်သည်။ ဥက္ကဋ္ဌကြီးတည့်တည့်ပစ်လဲသော်လည်း ဘေးတွင်ရှိသောသက်တော်စောင့်က သူ(မ)ကိုအမြန်လှမ်းဖမ်းလိုက်သည်။

ကျီမင်း၏အကြံအစည်မှာ ချင်ဥက္ကဋ္ဌကို ယနေ့ညတွင် အပိုင်ကြံရန်ဖြစ်သည်။ ထို့ကြောင့် ဥက္ကဋ္ဌကြီးသောက်မည့်ခွက်ထဲတွင်ကာမအားတိုးဆေးများထည့်ထားပြီး အကျိုးသက်ရောက်မှုပိုကောင်းစေရန် သူ(မ)၏ကိုယ်ပေါ်တွင်လည်း ထိုကာမအားတိုးဆေး၏အာနိသင်ကိုတုံ့ပြန်သည့် ရေမွှေးများဆွတ်ဖြန်းထားသည်။

သို့သော် ချင်ဥက္ကဋ္ဌအနားသို့ရောက်သွားသော်လည်း ဆေးအာနိသင်ပြသည့်ပုံမပေါ်။ ဥက္ကဋ္ဌကြီးက သူ(မ)ဆီသို့အာရုံပင်ရောက်မလာ။ ကျီမင်းလည်းရှက်ရမ်းရမ်းကာ ဟိုတယ်ဓာတ်လှေကားနားသို့အပြေးသွားလိုက်သည်။ ထိုနေရာတွင် စောင့်နေလျှင် ဥက္ကဋ္ဌကြီးနှင့်ထိပ်တိုက်ပြန်တွေ့နိုင်သည်။

သို့သော်ဓာတ်လှေကားရှိရာသို့အသွားတွင် တစ်စုံတစ်ယောက်နှင့်ဝင်တိုက်မိသည်။ 
"ကျွန်မတောင်းပန်ပါတယ်...အရှေ့ကိုသေချာမကြည့်လိုက်မိလို့ပါ"။

"မဟုတ်တာ...ကျွန်တော်ကတောင်းပန်ရမှာပါ...ခိုက်မိသွားသေးလား"။ အမျိုးသားတစ်ဦး၏အသံကြောင့် မော့ကြည့်လိုက်ရာ ကျီမင်း၏မျက်နှာအမူအရာမှာ ရွှေထုပ်ကောက်ရသကဲ့သို့ ချက်ချင်းဝင်းလက်သွားသည်။

သူ(မ)ဝင်တိုက်မိသည့်သူမှာအခြားမဟုတ်။ ချင်ဥက္ကဋ္ဌကြီး၏ဝမ်းကွဲညီဖြစ်သူချင်ရူဟွာဖြစ်သည်။ ထိုလူကအတော်လေးမူးနေပုံရသည်။ ချင်ဥက္ကဋ္ဌကြီးကဲ့သို့ရုပ်ရည်မချောမော်သော်လည်း စည်းစိမ်ဥစ္စာပိုင်ဆိုင်မှုက ဥက္ကဋ္ဌကြီးနှင့်တန်းတူပင်ဖြစ်သည်။

ချင်ဖျော်ဖြေရေးအေဂျင်စီဘက်ကို မရရသည့်နည်းဖြင့်ဝင်ချင်နေသော ကျီမင်းမှာ သူ(မ)ရှေ့မှအခွင့်အရေးကြီးကိုလက်လွှတ်မခံနိုင်ပေ။ အမိအရဖမ်းဆုပ်ရန်တွေးလိုက်သည်။ ဤအချိန်တွင် ကောက်ရိုးတစ်မျှင်ဖြစ်ဖြစ်အမိအရဆွဲကိုင်တတ်ဖို့လိုသည်။ သူ(မ)၏အကြည့်တို့က ဆုံးဖြတ်ချက်ပြတ်သားနေသည့်ဟန်။