Chapter 113
ကုဆွေ့ဆွေ့၏ ဝေပေါ့်အကောင့်တွင် သူငယ်ချင်းများများစားစားမရှိပေ။ သူငယ်ချင်းအများစုမှာ "တိမ်မြှုပ်နေသော" ရုပ်ရှင်ရိုက်ကူး
စဥ်က ရိုက်ကူးရေးအဖွဲ့သားများပင်ဖြစ်သည်။
ကုဆွေ့ဆွေ့က သူ့အားသူ(မ)၏အိမ်သို့လာပြီး ထမင်းလာစားရန် အသံဖိုင်ပို့ပြီးဖိတ်သော
ကြောင့် ကြိတ်ပျော်နေသောခဲ့ကျင်းယန်တစ်ယောက် မသိလိုက်သည်က ကုဆွေ့ဆွေ့မှာ သူ့တစ်ယောက်တည်းတင်မဟုတ်ပဲ လူတိုင်းကိုဖိတ်ခေါ်ထားခြင်းပင်။
ဖူရင်းယွီလည်း ကုဆွေ့ဆွေ့ထံမှ အသံဖိုင်တစ်ခု ကျိန်းသေပေါက်ရလိုက်ပါသည်။ ဆွေ့ဆွေ့က လွန်ခဲ့သောနာရီဝက်လောက်တည်းက သူ(မ)အပါအဝင် အခြားသူများကိုအသံဖိုင်ပို့နေခြင်းဖြစ်သည်။
သူ(မ)ကိုပို့လာသောပုံတွင်ဆွေ့ဆွေ့က မျက်လုံးလေးများမှိတ်သည်အထိပြုံးပျော်နေသေးသည်။ အပြုံးချိုချိုလေးကြောင့် ဖူရင်းယွီပင်အပျော်ဓာတ်တို့ကူးစက်ကာလိုက်ပြုံးမိသွားသည်။
ဖူရင်းယွီမှာ ထျန်းဟောင်ဖျော်ဖြေရေးနှင့်စာချုပ်ရပ်စဲပြီးမကြာသေးခင်မှ ချင်ဖျော်ဖြေရေးအေဂျင်စီဘက်သို့ရွှေ့ပြောင်းလာခြင်းဖြစ်သည်။
ဤရက်ပိုင်းများအတွင်း "တိမ်မြှုပ်နေသော" ရုပ်ရှင်၏ပရိုမိုးရှင်းကိုသာအာရုံစိုက်ထားသောကြောင့် လုပ်စရာများများစားစားမရှိပေ။ ထို့ကြောင့် နောက်လာမည့်ရုပ်ရှင်ကားအတွက်ဇာတ်ညွှန်းများကြိုဖတ်နေလိုက်သည်။
တစ်ဖက်တွင် လုချီတစ်ယောက် ရုပ်ရှင်အသစ်ရိုက်ကူးရေးများကြောင့် တစ်မနက်လုံးအလုပ်ရှုပ်နေသဖြင့်ဆွေ့ဆွေ့ပို့ထားသောအသံဖိုင်ကို တော်တော်ကြာမှသတိထားမိသည်။ လွန်ခဲ့သောနှစ်ပတ်လုံးလုံးမအားလပ်သောရိုက်ကူးရေးအချိန်ဇယားများကြောင့် ဟိုဟိုဒီဒီပြေးလွှားရင်း သူ့မှာတစ်နေ့လေးငါးနာရီခန့်သာအိပ်ချိန်ရသည်။
ဆွေ့ဆွေ့က သူ(မ)၏အိမ်သို့ထမင်းစားဖိတ်ထားခြင်းဖြစ်သည်။ ကလေးငယ်၏မျက်နှာလေးကိုမြင်ချင်သောကြောင့် လုချီအမှန်တကယ်သွားလိုသော်လည်း ကံကြမ္မာကသူ့ကိုမျက်နှာသာမပေး။
ရိုက်ကူးရေးအပြီးတွင် အဘိုးဖြစ်သူထံသို့ခဏတစ်ဖြုတ်ဝင်လည်ရဦးမည်ဖြစ်ရာ ဆွေ့ဆွေ့ဆီသို့သွားရန် ဘယ်လိုမှအချိန်မရတော့။
ဆွေ့ဆွေ့ navf အမှတ်တံဆိပ်အတွက်ကြော်ငြာရိုက်မည့်နေ့တွင် "တိမ်မြှုပ်နေသော" ရုပ်ရှင်၏ရုံဝင်ငွေက ယွမ်နှစ်ကုဋေအထိတိုးသွားခဲ့သည်။
နေရာတိုင်းတွင် ရုပ်ရှင်၏ဇာတ်လိုက်မင်းသားဖြစ်သောလုချီ၏တစ်ကိုယ်တော်ပိုစတာများကို ချိတ်ဆွဲထားသည်။ ပိုစတာပေါ်တွင် လုချီကအနက်ရောင်ရိုးရာဝတ်စုံကိုဝတ်ဆင်ထားပြီး လက်တစ်ဖက်တွင်ဓားကိုင်ထားကာ သူ့အကြည့်များက သားရဲတစ်ကောင်ကဲ့သို့စူးရဲတောက်နေသည်။
"ပါပါးခဲ့...ကြည့်လိုက်ပါဦး...ဒီပုံထဲကကိုကိုချောချောက...ကိုကိုလုချီလေ"။ ကုဆွေ့ဆွေ့က ပိုစတာကိုလက်ညှိုးထိုးပြရင်း စိတ်လှုပ်ရှားစွာ
ဖြင့်ပြောလာသည်။
ဆွေ့ဆွေ့၏စကားကိုကြားကြားချင်း ခဲ့ကျင်းယန်၏မျက်နှာထက်တွင် မနာလိုဝန်တိုသည့်အရိပ်အယောင်တို့ဖြတ်ပြေးသွားသည်။ "ဆွေ့ဆွေ့...နောက်ခါကျရင်...သူ့ကို...ကိုကိုလို့မခေါ်နဲ့
ဦးလေးလုချီလို့ခေါ်"။
"ဒါပေမဲ့...မမထောင်ယောင်ကပြောတယ်...ရုပ်ချောတဲ့သူတိုင်းကို...ကိုကိုမမလို့ခေါ်ရမယ်တဲ့"။ ဆွေ့ဆွေ့က ဇဝေဇဝါဖြင့်ပြန်ပြောသည်။
လုယွင်ကျီ: "...." (ပြောစရာမဲ့)
တစ်ချိန်လုံးတိတ်နေသောလုယွင်ကျီထံသို့ခဲ့ကျင်းယန်အကြည့်ရောက်သွားမိသည်။ ဆွေ့ဆွေ့၏စကားကြောင့် မျက်နှာသုန်မှုန်သွားသောလုယွင်ကျီကိုကြည့်ရင်း ခဲ့ကျင်းယန်တစ်ယောက်မထိန်းနိုင်ပဲအော်ရယ်မိသည်။ "မစ္စတာလု...ဆွေ့ဆွေ့က...ရုပ်ချောတဲ့လူတွေကို...ကိုကိုလို့ခေါ်ပြီး...ခင်ဗျားကိုဦးဦးလို့ခေါ်တယ်ဆိုတော့
ရုပ်ရည်နဲ့ဆိုင်တာဖြစ်မယ်...ဟားဟား"။
"ပါပါးခဲ့...သမီးကဦးဦးလုကို...ရုပ်ဆိုးလို့
ဦးဦးလို့ခေါ်တာမဟုတ်ရပါဘူး"။
ထိုအခါမှ လုယွင်ကျီက ရွှေရောင်မျက်မှန်ကိုင်းကို အပေါ်သို့ပင့်တင်ရင်းလေသံအေးအေးနှင့်ဆွေ့ဆွေ့အားမေးလာသည်။ "အဲဒါဆို...ဘာလို့
ဦးဦးလို့ခေါ်တာလဲ"။
"ဘာလို့လည်းဆိုတော့...ဦးက...အမြဲတမ်းမျက်မှန်တပ်ထားလို့လေ...မမထောင်ယောင်ကပြောတယ်...တည်တည်ငြိမ်ငြိမ်နဲ့မျက်မှန်တပ်ထားတဲ့သူတွေကိုဆိုရင်...ဦးဦးလို့တလေးတစားခေါ်ရမယ်တဲ့"။
"အင်း...သမီးမမပြောတာမှန်တယ်...ဦးက...တစ်ချို့တစ်ချို့တွေထက်...ပိုပြီးတည်ငြိမ်တာမလို့
ဦးလို့ခေါ်သင့်တယ်"။ လုယွင်ကျီက ခဲ့ကျင်းယန်ကို မျက်လွှာပင့်ကြည့်ကာပြောသည်။
ခဲ့ကျင်းယန်က လုချီ၏ပိုစတာကိုကြည့်ရင်းအာရုံလွှင့်နေပုံရသည်။ ထို့နောက် ဖြေးလေးစွာဖြင့်ပြောလာသည်။ "မစ္စတာလု...ကျွန်တော်နဲ့ဆွေ့ဆွေ့ကို...နောက်ရသစုံရှိုးမှာပဲဖြစ်ဖြစ်
ရုပ်ရှင်တွေဇာတ်လမ်းတွဲတွေမှာပဲဖြစ်ဖြစ်
အတူတူရိုက်ရအောင်...စီစဥ်ပေးပါလား"။
"ကျင်းယန်...မင်းနဲ့ဆွေ့ဆွေ့က...အမြဲတမ်းအတူတူတွဲရိုက်နေလို့မှမရတာ...ပြီးတော့ဒီနှစ်ထဲမှာ...အခွေအသစ်ထုတ်မယ်လို့ပရိသတ်တွေကိုကတိပေးထားတာ...မေ့သွားပြီလား...ဆွေ့ဆွေ့နဲ့အတူ...တစ်ခြားရိုက်ကူးရေးတွေလုပ်ဖို့အချိန်မရှိဘူး...အခုလောလောဆယ်...သီချင်းလုပ်ဖို့ကိုပဲအာရုံစိုက်"။
ဤကလေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အလွန်ခင်တွယ်ကြမှန်းလုယွင်ကျီသိသည်။ သို့သော်တစ်ချိန်လုံးအတူရှိနေ၍မဖြစ်ပေ။ နှစ်ဖက်ပရိသတ်များအမြင်တွင်လည်းမျက်စိစပါးမွှေးစူးစရာဖြစ်လာလိမ့်မည်။ ဆွေ့ဆွေ့က ခဲ့ကျင်းယန်၏အောင်မြင်မှုအရှိန်ကိုမှီ၍တက်လာသည့်ပုံစံမျိုးမဖြစ်စေရ။ သူ(မ)၏ကိုယ်ပိုင်အရည်အချင်းနှင့်အောင်မြင်လာသူတစ်ယောက်ဖြစ်အောင် လုယွင်ကျီက အသေအချာစီမံခန့်ခွဲရခြင်းဖြစ်သည်။