အပိုင်း ၁၁၄
Viewers 15k

Chapter 114

"ဒီနေ့တော့...မင်းတစ်ယောက်တည်း...ကုမ္ပဏီကိုသွားလိုက်...ငါကဆွေ့ဆွေ့ကြော်ငြာရိုက်ကွင်းအတွက် အဖော်လိုက်ပေးရမှာ"။

"ဟုတ်ပြီလေ...ခင်ဗျားကျွန်တော့်အတွက်...စိတ်ပူစရာမလိုပါဘူး...ကျွန်တော်က ကိုယ့်ဘာသာကိုယ်ဂရုစိုက်နိုင်တဲ့အသက်အရွယ်ရောက်နေပြီဆိုတာ...ခင်ဗျားလေးမေ့နေရော့သလား"။

ယနေ့မှာ ကုဆွေ့ဆွေ့အနေဖြင့်ပထမဆုံးကြော်ငြာရိုက်ကူးမည့်နေ့ဖြစ်သည်။ ထို့ကြောင့် ကိုယ်စားလှယ်ဖြစ်သည့် လုယွင်ကျီက သူ(မ)ကို အားပေးရန် အတူလိုက်ပါလာခြင်းဖြစ်သည်။ အနုပညာအတွေ့အကြုံနုနယ်သေးသည့် ကလေးကို ဂရုတစိုက်ညွှန်ကြားသင်ပြပေးရန် အလွန်အရေးကြီးသည်။ သို့သော် သူက ပြဿနာရှာနိုင်လွန်းသည့် အနှီကောင်စုတ်လေးကိုသာ ဆွေ့ဆွေ့ထက်ပို၍ စိတ်ပူပေးနေမိသည်။

ယနေ့ကြော်ငြာရိုက်ကွင်းကိုဘတ်ဂျက်အများအပြားသုံးထားသည့်အပြင် နာမည်ကျော်ပြင်သစ်ဒါရိုက်တာချားစ်ဂျော့်ချ်ကိုယ်တိုင် ရိုက်ကူးပေးမည်ဖြစ်သည်။ 

"ဦးဦးလု...ကြော်ငြာရိုက်ရတာက...ပျော်စရာကောင်းလားဟင်"။ ကုဆွေ့ဆွေ့က သိချင်စိတ်အပြည့်ဖြင့်မေးလာသည်။

"တကယ်တော့...ကြော်ငြာရိုက်တာက...ရုပ်ရှင်ရိုက်တာနဲ့အတူတူပဲလေသမီးရဲ့...ဒါပေမဲ့
ကြော်ငြာရိုက်တဲ့အချိန်ကရုပ်ရှင်ရိုက်တဲ့အချိန်ထက်ပိုတိုတာမလို့...အဆင်ပြေပြေရိုက်နိုင်ရင်
တစ်ရက်နှစ်ရက်ထဲနဲ့ရိုက်ကူးရေးပြီးငွားနိုင်တယ်"။ လုယွင်ကျီလည်း ကလေးငယ်နားလည်အောင် စိတ်ရှည်လက်ရှည်ရှင်းပြလိုက်သည်။

"အဲဒါအပြင်...ဝတ်စုံလှလှလေးတွေကိုလည်းအလှည့်ကျဝတ်ရမှာ...ဆွေ့ဆွေ့လေးတော့ကြော်ငြာရိုက်ရင်အရမ်းလှနေတော့မှာပဲ"။

လုယွင်ကျီကချီးကျူးလိုက်သောကြောင့် ဆွေ့ဆွေ့လေးမှာရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ "အဲဒါဆိုရင်...ကြော်ငြာရိုက်ရတာပျော်စရာကြီး်ဲနေမယ်"။

"ဒါပေါ့...အခုဦးပြောတာကိုသေချာနားထောင်နော်...ခဏနေရိုက်ကူးရေးစရင်...အရမ်းစိတ်မလှုပ်ရှားနဲ့နော်...ဒါရိုက်တာဦးလေးကြီးပြောတဲ့အတိုင်းသေချာလိုက်လုပ်ရုံပဲ...ရိုက်နေရင်းနဲ့အမှားလုပ်မိသွားရင်လည်းစိတ်မပူနဲ့...ထပ်ပြီးကြိုးစားလို့ရတယ်...ကြားလား"။

"ဟုတ်ကဲ့...သမီးမှတ်ထားပါ့မယ်"။

ရိုက်ကွင်းနေရာသို့ဆွေ့ဆွေ့ရောက်သွားသည်နှင့် ရိုက်ကူးရေးဝန်ထမ်းများက မိတ်ကပ်ပြင်ဆင်ခြင်း အဝတ်အစားဆင်ယင်ခြင်းနှင့်ဒီဇိုင်းဆင်ခြင်းတို့ကို အလျင်အမြန်ပြင်ဆင်ကြသည်။ ကုဆွေ့ဆွေ့က သဘာဝအလှတရားကိုပိုင်ဆိုင်ထားသည့်အပြင် သူ(မ)၏မျက်နှာပုံပန်းသဏ္ဍာန်မှာ ပန်းပုရုပ်ကဲ့သို့အချိုးအဆစ်ကျလှသည်။

သူ(မ)ထွက်လာသည်နှင့် လူတိုင်းကအကြည့်မခွာနိုင်အောင်ဖြစ်နေကြသည်။ "ဆွေ့ဆွေ့လေး...ရေသောက်လိုက်ဦး"။ လက်ထောက်ဖြစ်သူရှမ်ယွမ်က ဆွေ့ဆွေ့ကိုလိုလေသေးမရှိ အစစအရာရာဂရုစိုက်ပေးသည်။

"မမရှမ်ယွမ်...ရိုက်ကူးရေးကဘယ်တော့စမှာလဲဟင်..."။ ဆွေ့ဆွေ့က စိတ်လောနေသည့်ပုံရသည်။ ရိုက်ကူးရေးဝန်ထမ်းများကိုလှမ်းကြည့်ရင်း မေးလာသည်။

"ခဏနေစတော့မယ်ထင်တယ်...ဘာဖြစ်လို့လဲသမီးလေး"။ 

"ဘာမှမဟုတ်ပါဘူး...ဒီရိုက်ကူးရေးပြီးရင်...မမဖူနဲ့ညစာစားဖို့ချိန်းထားလို့ပါ...သမီးမှီရောမှီပါ့မလားမသိဘူး"။ 

ရှမ်ယွမ်လည်း ဆွေ့ဆွေ့၏အကြောင်းပြချက်ကိုကြားမှစိတ်အေးသွားရသည်။ ကလေးငယ်နှင့်ပတ်သတ်လာတိုင်း သူ(မ)ကအမြဲအတွေးလွန်နေတတ်သည်။ "စိတ်မပူပါနဲ့...မြန်မြန်ပြီးသွားမှာပါ
သမီးမမဖူနဲ့လည်းညစာအတူစားဖို့မှီလောက်ပါတယ်"။

ရိုက်ကူးရေးမစမီမိနစ်ပိုင်းအလိုတွင် ဆွေ့ဆွေ့က ဤရိုက်ကူးရေး၏ဒါရိုက်တာဖြစ်သူချားလ်စ်ဂျော့ချ်နှင့်တွေ့ဆုံခွင့်ရသည်။ 

ဒါရိုက်တာချားလ်စ်က ဗြိတိသျှလူမျိုးပီပီ ဆွေ့ဆွေ့ကိုအင်္ဂလိပ်လိုနှုတ်ဆက်ပြောဆိုသည်။ အနောက်တိုင်းဝတ်စုံကိုသပ်သပ်ရပ်ရပ်ဝတ်စုံထားသောချားလ်စ်ကအသက်လေးဆယ်စွန်းစွန်းအရွယ်ရောက်နေသည့်တိုင် ဆွဲဆောင်မှုကမလျော့သွားပေ။ ဆွေ့ဆွေ့မှာ သူပြောသမျှစကားတိုင်းကို နားမလည်သောကြောင့် ခေါင်းညိမ်ရုံမျှသာတတ်နိုင်သည်။

ထို့နောက်ရိုက်ကူးရေးစတင်ချိန်တွင်လည်း ဒါရိုက်တာချားလ်စ်ကလက်ဟန်ခြေဟန်ဖြင့်ဆွေ့ဆွေ့ကိုညွှန်ကြားသည်။ ပင်ကိုပနုပညာပါရမီပါလာသောဆွေ့ဆွေ့က သိလွယ်တတ်လွယ်သည်။ ဝါရင့်မော်ဒယ်တစ်ယောက်ကဲ့သို့ပို့စ်ပေးတတ်သောဆွေ့ဆွေ့ကို ဒါရိုက်တာချားလ်စ်မှာအတော်လေးသဘောကျနေပုံရသည်။ ရိုက်ကူးရေးတစ်ဖြတ်ပြီးတိုင်း ချီးကျူးစကားများဖြင့်အမွှန်းတင်လေ့ရှိသည်။ ဤသို့ဖြင့် ကြော်ငြာရိုက်ကူးရေးပထမနေ့က အောင်မြင်ချောမွေ့စွာဖြင့်ပြီးဆုံးသွားခဲ့သည်။

တစ်ဖက်တွင်လုယွင်ကျီက navf အမှတ်တံဆိပ်၏ အရောင်းဌာနဒါရိုက်တာဖြစ်သည့် 
တရုတ်ပြင်သစ်ကပြားသူ ကောလင်းချန်နှင့်စကားလက်ဆုံကျနေသည်။ ဆွေ့ဆွေ့ကို navf အမှတ်တံဆိပ်၏တရားဝင်ကြော်ငြာသူအဖြစ်ရွေးချယ်ခဲ့သူမှာလည်း ကောလင်းကိုယ်တိုင်ပင်ဖြစ်သည်။

"ဒီရိုက်ကွင်းအထိ...ကောလင်းကိုယ်တိုင်ရောက်လာတယ်ဆိုတော့...ကျွန်တော့်အနုပညာရှင်ကိုစိတ်မချလို့ဖြစ်မယ်"။

"မဟုတ်ရပါဘူး...မစ္စတာလုရယ်...ဆွေ့ဆွေ့ရဲ့အံ့သြစရာကောင်းတဲ့အနုပညာအရည်အချင်းကို
ကိုယ့်မျက်စိနဲ့တပ်အပ်မြင်ချင်လို့...လာအကဲခတ်တာပါ"။ ကောလင်းကပြုံးရင်းပြောသည်။

လုယွင်ကျီလည်း ကောလင်းနှင့်အတူရှေ့ဆက်အစီပယအစဥ်များအတွက် ရိုက်ကူးရေးမပြီးမချင်းထိုင်ဆွေးနွေးနေမိသည်။