Chapter 115
ကြော်ငြာရိုက်ကူးရေးပထမနေ့က အဆင်ပြေချောမွေ့စွာဖြင့် ပြီးဆုံးသွားသည်။
ဖူရင်းယွီက ဆွေ့ဆွေ့၏လ်ထောက်ဖြစ်သူရှမ်ယွမ်အား ရိုက်ကွင်းနေရာမေးကာ ရိုက်ကူးရေးမပြီးခင် တစ်နာရီခန့်ကြိုရောက်ပြီးစောင့်နေသည်။ သို့သော် သူ(မ)ကားထဲမှချက်ချင်းမထွက်သေးပေ။ ရိုက်ကူးရေးအပြီးသတ်ကာ ပစ္စည်းပစ္စယများသိမ်းနေချိန်မှ သူ(မ)အထဲသို့ ဝင်သွားလိုက်သည်။
"မမဖူ...မမရောက်လာတာမြန်လိုက်တာ...အခုမှ ရှုတင်ပြီးကြောင်းပြောပြီးမမကိုဖုန်းဆက်တော့မလို့"။
"ဆွေ့ဆွေ့လေး...သွားကြစို့...မမကသမီးကိုအရသာရှိတဲ့အစားအသောက်တွေ...တစ်ဝကြီးဝယ်ကျွေးမှာ...အခုသွားမဲ့စားသောက်ဆိုင်မှာ...သမီးကြိုက်တဲ့ စတော်ဘယ်ရီပူတင်းလည်းရှိတယ်"။ ကလေးငယ်၏ခေါင်းကိုဖွဖွလေးပွတ်သပ်ကာ သူ(မ)နူးညံ့စွာပြောလိုက်သည်။
"အိုခေ...သွားကြရအောင်"။ ဆွေ့ဆွေ့က စိတ်လှုပ်ရှားစွာဖြင့်ပြောလာသည်။
လူများအာရုံစိုက်မခံရအောင်နေကာမျက်မှန်တပ်ထားသော ဖူရင်းယွီကိုလုယွင်ကျီတစ်ချက်လှမ်းကြည့်လိုက်မိသည်။ သို့သော် ဘာမှတော့ဝင်မပြောချေ။ ဆွေ့ဆွေ့ကိုသာလှမ်းနှုတ်ဆက်လိုက်သည်။ "ကဲ...ဒီနေ့ဆွေ့ဆွေ့လေးပင်ပန်းသွားပြီဆိုတော့...မမနဲ့ကောင်းကောင်းပျော်ခဲ့နော်...အိမ်ပြန်တော့နောက်မကျစေနဲ့ပေါ့"။
ဖူရင်းယွီနှင့်ဆွေ့ဆွေ့တို့နှစ်ယောက်ကြားဆက်ဆံရေးကို လုယွင်ကျီနားမလည်နိုင်ခဲ့ပေ။ ဆွေ့ဆွေ့က လူတိုင်းနှင့်အလိုက်အထိုက်ဆက်ဆံတတ်ကာ လူချစ်လူခင်ပေါသော်လည်း ဖူရင်းယွီကမူ ဆွေ့ဆွေ့နှင့်ဆန့်ကျင်ဘက်ပင်။ ဖူရင်းယွီ၏အေးတိအေးစက်အကျင့်စရိုက်ကြောင့် လူအတော်များများက သူ(မ)ကိုရှောင်ကြသည်။
ကိုင်တွယ်ရအခက်ဆုံးအနုပညာရှင်နှစ်ယောက်ကိုပြပါဆိုလျှင် ခဲ့ကျင်းယန်နှင့်ဖူရင်းယွီကိုပြရပေလိမ့်မည်။ သို့သော်ခဲ့ကျင်းယန်က စိတ်မြန်လက်မြန်ရှိကာ တစ်ဇွတ်ထိုးတစ်ဇောက်ကန်းဆန်သလောက် သူ့ကိုထိန်းချုပ်နိုင်မည့်နည်းလမ်းရှိသေးသည်။ ဖူရင်းယွီကမူ အေးစက်တည်ငြိမ်ပြီးခက်ထန်သည်။ သူ(မ)၏အတွင်းစိတ်နှင့်အတွေးကိုဖတ်နိုင်ရန်လည်းခက်ခဲလှသည်။
ခဲ့ကျင်းယန်နှင့်ဖူရင်းယွီတို့ကြားတူညီနေသည့် တစ်ခုတည်းသောအချက်မှာ ကုဆွေ့ဆွေ့ကို သည်းသည်းလှုပ်ချစ်ကြခြင်းပင်။ လူ့ဂွစာများကို တစ်ချက်တည်းအရည်ပျော်အောင်လုပ်နိုင်သော ဆွေ့ဆွေ့၏ပါရမီကလည်းအံ့သြစရာကောင်းပါပေ့။
"မစ္စတာလု...စိတ်မပူပါနဲ့...ကျွန်မဆွေ့ဆွေ့ကို...သေသေချာချာပြန်ပို့ပေးပါ့မယ်"။ ဖူရင်းယွီက လုယွင်ကျီကို အပြုံးမမည်သောဖျော့ဖျော့တော့အပြုံးလေးဖြင့်ပြုံးပြရင်းပြောလာသည်။
"မမဖူ...အခုပျော်လားဟင်"။ ဆွေ့ဆွေ့က ဖူရင်းယွီ၏လက်ကိုဆွဲကိုင်ရင်း မဝံ့မရဲနှင့်မေးလာသည်။
"ပျော်တာပေါ့...ဆွေ့ဆွေ့နဲ့တူတူရှိနေရရင်ကို
မမကပျော်ပြီးသားပဲ"။
"ဟီးဟီး...သမီးလည်းပျော်တယ်...မမနဲ့အတူတူလျှောက်လည်ရလို့ပိုတောင်ပျော်သေးတယ်"။ ကလေးငယ်၏ချစ်စဖွယ်ရယ်သံလွင်လွင်လေးက ဆည်းလည်းသဖွယ် ဖူရင်းယွီ၏နှလုံးအိမ်ထဲသို့ရိုက်ခတ်သွားစေသည်။
"အဲဒီတော့....ဒီနေ့မှာ...မမဖူက...ဆွေ့ဆွေ့အတွက်...စပရိုက်စ်လေးတစ်ခုစီစဥ်ထားပေးတယ်"။
"ဘယ်လိုစပရိုက်စ်မျိုးလဲဟင်"။ ကုဆွေ့ဆွေ့၏မျက်ဝန်းများမှာ နဂါးငွေ့တန်းကြယ်စင်စုကဲ့သို့ တလက်လက်တောက်ပနေပြီးသိချင်စိတ်များကရောင်ပြန်ဟပ်နေသည်။
"ညစာစားပြီးရင်....သိရမှာပေါ့"။
သူတို့နှစ်ယောက်သား ညစာအတွက် တရုတ်စားသောက်ဆိုင်ကြီးတစိဆိုင်တွင်ဝင်ထိုင်ဖြစ်ကြသည်။ စားသောက်ပြီးနောက် ဖူရင်းယွီက ဆွေ့ဆွေ့ကို လူအနည်းအကျဥ်းသာလာသည့် စျေးဝယ်စင်တာသို့အလည်ခေါ်သွားသည်။ ထို့နောက် အရုပ်ကောက်သည့်ဂိမ်းစက်တွင် ဆွေ့ဆွေ့အတွက် အရုပ်ဝင်ကောက်ပေးသေးသည်။
အရုပ်ကောက်စက်ပေါ်တွင်ပါလာသောအရုပ်ကြီးကိုကြည့်ရင်း ဆွေ့ဆွေ့မှာပါးစပ်အဟောင်းသားဖြစ်နေသည်။ "ဝိုး...မမဖူက..အရမ်းမိုက်တာပဲ"။
"ဆွေ့ဆွေ့ရော...ဆော့ကြည့်မလား"။
"သမီးမဆော့တတ်ဘူး"။
"ရပါတယ်...မမကသင်ပေးမှာပေါ့"။
ထို့နောက်နှစ်ယောက်သား အချိန်ကိုမေ့ပြီးတပျော်တပါးကြီးအရုပ်ကောက်တမ်းဆော့နေကြရာ ညကိုးနာရီထိုးမှအိမ်ပြန်ဖို့သတိရကြသည်။
"ဆွေ့ဆွေ့အမေ...ကျွန်မတကယ်တောင်းပန်ပါတယ်...အိမ်ပြန်ပို့ဖို့ကျွန်မမေ့ပြီးနောက်ကျသွားတာပါ...စိတ်ပူအောင်လုပ်မိဖို့ဆောရီးပါနော်"။
"မဟုတ်တာရှင်...ကျွန်မက...ကျေးဇူးတင်နေတာပါ...ညီမလေးဖူသာမခေါ်လည်ရင်...ဆွေ့ဆွေ့လေးလည်း...အပြင်လည်ရမှာမဟုတ်တော့ဘူး"။
"ဟုတ်...အဲဒါဆိုရင်...ကျွန်မကိုခွင့်ပြုပါဦး
မမပြန်ပြီနော်...ဆွေ့ဆွေ့လေး"။
"တာ့တာ...မမဖူရေ"။
"ဂရုတစိုက်ပြန်ပါ...ညီမ"။
ထွက်ခွာသွားသောကားလေးကိုကြည့်ရငိးဖုန်းယောက်ချင်းတစ်ယောက်သက်ပြင်းချလိုက်မိသည်။ အမှန်မှာ ဆွေ့ဆွေ့နှင့်သူ(မ)အပြင်မလည်ရသည်မှာအတော်ကြာနေပြီဖြစ်သည်။ ခဲ့ကျင်းယန်ကတစ်လှည့် ဖူရင်းယွီကတစ်လှည့်အမြဲတမ်းခေါ်ထုတ်သွားတတ်သောကြောင့် ယခုတလော သားအမိချင်းကောင်းကောင်းအချိန်မဖြုန်းဖြစ်ပေ။ ထိုနှစ်ယောက်က ဆွေ့ဆွေ့ကိုသည်းသည်းလှုပ်ချစ်ပြီးအလိုလိုက်လွန်းနေသောကြောင့် ကလေးပျက်စီးသွားမည်ကိုလည်း မိခင်တစ်ယောက်အနေနှင့်စိုးရိမ်ရသေးသည်။