Chapter 117
"မစ္စစ်ကော...ဒါကစျေးဝယ်တဲ့ကတ်လေးတစ်ခုပါပဲ...ဒီထဲမှာ ပိုက်ဆံတော့သိပ်ပြီးများများစားစားမပါဘူး...စျေးဝယ်စင်တာတွေသွားရင်တော့ အသုံးဝင်ပါတယ်"။
အစပိုင်းတွင် ဆရာမလေးက သူ(မ)အား အားနာသောကြောင့် ငြင်းနေသည်ဟုဖုန်းယောက်ချင်းထင်မိသော်လည်း နှစ်ခါသုံးခါမြောက်တွင် ဆရာမကောက စျေးဝယ်ကတ်လက်ဆောင်အားအမှန်တကယ်လက်မခံချင်ပုံရသည်။
ထိုအခါမှ ဖုန်းယောက်ချင်းလည်းသဘောပေါက်သွားသည်။ ဤမူကြိုကျောင်းက အခြားမူကြိုကျောင်းများနှင့်မတူ။ ပိုပြီးအဆင့်မြင့်သလို
စည်းမျဥ်းစည်းကမ်းများလည်းပိုများပေလိမ့်မည်။ ဖုန်းယောက်ချင်းလည်း မိမိအပြုအမူကိုအားနာနာနှင့်ပြန်တောင်းပန်လိုက်ရသည်။
"ဆရာမကောရယ်...ကျွန်မတကယ်တောင်းပန်ပါတယ်ရှင်...ဒီကျောင်းမှာဒီလိုစည်းမျဥ်းစည်းကမ်းမျိုးရှိမှန်းမသိလို့ပါ...ဆရာမကိုအပူပေးမိပြီ"။
ဖုန်းယောက်ချင်းက စျေးဝယ်ကတ်ကိုပြန်သိမ်းသွားမှ ဆရာမကောလည်းစိတ်အေးသွားပုံရသည်။ "ရပါတယ်ရှင်...အစ်မလည်းတမင်သက်သက်လုပ်တာမှမဟုတ်တာ...အစ်မကလေးအတွက်ကောင်းစေချင်လို့လုပ်လိုက်တာပဲလေ
သဘောရိုးနဲ့ဆိုတာကျွန်မလည်းသိပါတယ်
ဒါပေမဲ့စိတ်မပူပါနဲ့...ကျွန်မတို့ကျောင်းက
ကျောင်းသူကျောင်းသားအကုန်လုံးကို...တန်းတူညီမျှဆက်ဆံပါတယ်...ခွဲခွဲခြားခြားဆက်ဆံတာမျိုးမရှိတာမလို့...စိုးရိမ်စရာမလိုပါဘူး"။
"ဟုတ်...ကျွန်မသိပါပြီ...ကျေးဇူးပါရှင်"။
တစ်ဖက်တွင် မူကြိုကျောင်းထဲသို့ပထမဆုံးခြေချလာသောကုဆွေ့ဆွေ့တစ်ယောက် ဟိုဟိုဒီဒီလျှောက်ကြည့်နေမိသည်။ အနီးအနားပတ်ဝန်းကျင်ရှိအရာအားလုံးကသူ(မ)နှင့်စိမ်းသက်နေသဖြင့်စူးစူးစမ်းစမ်းသိချင်နေမိသည်။
ထို့နောက်ဆရာမတစ်ယောက်က ဆွေ့ဆွေ့ကိုအခန်းတစ်ခုထဲသို့ခေါ်ဝင်သွားသည်။ ထိုအခန်းထဲတွင် သူ(မ)နှင့်သက်တူရွယ်တူကလေးများလည်းရှိနေသည်။ အားလုံးက သူ(မ)ကိုစူးစမ်းသောအကြည့်တို့ဖြင့်ကြည့်နေကြသည်။ စာရေးစားပွဲနှင့်ထိုင်ခုံများကိုနေရာတကျစီထားပြီး အရှေ့မျက်နှာစာတွင် ဆရာမ၏စားပွဲခုံနှင့်ကျောက်သင်ပုန်းအကြီးကြီးတစ်ခုရှိနေသည်။
ကျောက်သင်ပုန်းပေါ်တွင်လည်း စာရေးထားသေးသည်။ ထိုစာလုံး၏အဓိပ္ပါယ်ကိုဆွေ့ဆွေ့သိပါသည်။ "လိမ္မော်သီး" ဟုအဓိပ္ပါယ်ရသည်။ ကျောက်သီးပုန်းကိုကြည့်နေသောသူ(မ)ကိုဆရာမကလှမ်းမေးလာသည်။ "ဆွေ့ဆွေ့လေး...အဲ့မှာရေးထားတဲ့စာလုံးကိုဖတ်တတ်လားဟင်"။
"ဟုတ်...လိမ္မော်သီးလို့ရေးထားတာပါရှင့်...သမီးမေမေက...အိမ်မှာသင်ထားပေးတယ်လေ"။ ဆရာမလေးမှာဆွေ့ဆွေ့၏စကားကြောင့်အံ့သြသွားသည်။ ဤအရွယ်လေးနှင့်စာဖတ်နိုင်သည်ဆိုတည်းက ဥာဏ်ကောင်းလွန်းသောကြောင့်ပင်။
"ဆွေ့ဆွေ့က...သိပ်တော်တာပဲ"။ ဆရာမ၏ချီးကျူးစကားကြောင့် ကုဆွေ့ဆွေ့တစ်ယောက် ရှက်ပြုံးလေးပြုံးကာခေါင်းငုံ့သွားသည်။
စာသင်ခန်းထဲတွင်အတန်းမစခင်တောင်လျှောက်မြောက်လျှောက်နှင့်ပတ်သွားနေရာ မထင်မှတ်ပဲသူ(မ)ရင်းနှီးနေသောလူတစ်ယောက်ကို ကုဆွေ့ဆွေ့တွေ့လိုက်ရသည်။
"သူဌေးကိုကိုက...ဘာလို့ဒီကိုရောက်နေတာလဲဟင်"။ ဂုဏ်ပြုစားပွဲနေ့က ပါပါးခဲ့နှင့်အချေအတင်ဖြစ်ခဲ့ကြသောသူဌေးကိုကိုကိုတွေ့လိုက်ရသောကြောင့် ဆွေ့ဆွေ့မှာအံ့အားသင့်သွားရသည်။
အမှန်မှာ ကုဆွေ့ဆွေ့ဝင်လာတည်းကချင်ဇီချန်းသတိထားမိပါသည်။ ထိုကလေးမလေးနှင့်စကားမပြောချင်သောကြောင့် မသိသလိုဟန်ဆောင်နေနေခြင်းဖြစ်သည်။
ဂုဏ်ပြုစားပွဲတွင်ဒယ်ဒီကိုယ်တိုင်လာခေါ်ပြီးတည်းက သူနောက်တစ်ခေါက်အိမ်ပြင်ထွက်ခွင့်မရတော့ချေ။ ဤမူကြိုကျောင်းကြီးကလည်း အကျဥ်းထောင်နှင့်ဘာမှမကွာ။ ဆရာဆရာမများက သက်တော်စောင့်များကဲ့သို့ပင်။ ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရဟုလိုက်ပိတ်ပင်နေခြင်းကသူ့ကိုမွန်းကြပ်စေသည်။
"ကိုကို...ဟိုလူဆိုးဦးလေးကြီးတွေက...ကိုကို့ကိုအနိုင်ကျင့်သေးလားဟင်"။ ကုဆွေ့ဆွေ့က စိုးရိမ်သောကြောင့် သဘောရိုးနှင့်မေးလိုက်ခြင်းဖြစ်သည်။
"သူတို့ကငါ့ကိုအနိုင်ကျင့်ရဲမှာတဲ့လား...စဥ်းစဥ်းစားစားလည်းပြောဦး...ငါကသူတို့ရဲ့သခင်လေးလေ"။ ချင်ဇီချန်းမှာ ကုဆွေ့ဆွေ့ကို အော်ငေါက်သလိုပြောလိုက်သည်။ ယခုအချိန်တွင် သူနည်းနည်းမှစိတ်ကောင်းဝင်မနေပေ။ အထူးသဖြင့်ထိုကလေးမလေးက ချင်ဇီချန်း၏မျက်လုံးထဲတွင်စနှိုးစနှောင့်ဖြစ်နေသည်။ ထို့ကြောင့်စကားအကောင်းထွက်မလာချေ။
ချင်ဇီချန်းကိုယ်တိုင်လိုလိုလားလားနှင့်မူကြိုကျောင်းလာတက်ခြင်းမဟုတ်။ ဒယ်ဒီကအတင်းအကျပ်ပို့လိုက်ခြင်းကြောင့်သာ မလွန်ဆန်ရဲပေ ဤနေရာတွင်ပျင်းရိလေးတွဲ့စွာထိုင်ရနေရသည်။
ကျောင်းအပြင်ဘက်သို့တိတ်တဆိတ်ထွက်ပြေးရန်သူအကြိမ်ပေါင်းများစွာစဥ်းစားဖူးသည်။ သို့သော်ဆရာဆရာမအများအပြားရှိနေသောကြောင့် ထိုအစီအစဥ်ကမဖြစ်နိုင်သလောက်ပင်။ ဒယ်ဒီသာပြန်သိသွားလျှင်သူဒဏ်ပေးခံရလိမ့်မည်။
ချင်ဇီချန်းနှင့်အရွယ်တူကလေးများက အပေါင်းအသင်းခုံမင်ကာကလေးပီပီသွက်သွက်လက်လက်ဆော့ကစားကြသော်လည်း တည်ငြိမ်လွန်းပြီးမည်သူနှင့်မှစကားမပြောသော သူ့ကိုဆရာဆရာမများပင်ခပ်ရှိန်ရှိန်။ သူ့ကိုမကြောက်မရွံ့စကားဖောင်ဖွဲ့ပြောရဲသူမှာ ကုဆွေ့ဆွေ့တစ်ယောက်သာရှိပေလိမ့်မည်။ ထို့ကြောင့် ချင်ဇီ
ချန်းမှာကုဆွေ့ဆွေ့ကိုလျစ်လျူမရှုနိုင်ပဲဆက်တိုက်ဆိုသလိုအာရုံရောက်နေမိသည်။