Chapter 119
ကုဆွေ့ဆွေ့အနေဖြင့် ဖခင်ဖြစ်သူ၏အမည်ကို မိခင်ထံမှ ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။
"မေမေ...ဖေဖေ့ရဲ့နာမည်ကအရမ်းမိုက်တာပဲ...သမီးဖေဖေ့ရဲ့နာမည်ကိုသဘောကျတယ်"။ကုဆွေ့ဆွေ့က ပြုံးရင်းအလွန်သဘောကျနှစ်ခြိုက်စွာပြောလိုက်သည်။
သူ(မ)၏မျက်ဝန်းလေးများက မျှော်လင့်ရောင်ခြည်များဖြင့် တဖိတ်ဖိတ်တောက်နေသည်။ "ဆွေ့ဆွေ့...သမီးရဲ့နာမည်လေးလည်း..လှပါတယ်...သမီးနာမည်ကိုဖေဖေမှည့်ပေးထားတာလေ...ကုဆွေ့ဆွေ့ဆိုတဲ့နာမည်ရဲ့အဓိပ္ပါယ်က...မျှော်လင့်ချက်တဲ့လေ"။
ကုကျန်းနျန့်သာသူ(မ)တို့သားအမိကိုထားပြီးထွက်မသွားခင်တွင် ယခုအချိန်လောက်ဆိုမိသားစုပြည့်ပြည့်စုံစုံနှင့်နေနေရလောက်သည်။ တစ်ကိုယ်တော်မိခင်ဖြစ်ခဲ့ရသည့်လွန်ခဲ့သောသုံးနှစ်လုံးလုံး အရှုံးပေးလက်လျှော့လိုက်ရန် ဖုန်းယောက်ချင်းအကြိမ်ကြိမ်တွေးခဲ့ဖူးသည်။ သို့သော် ချစ်စဖွယ်ကောင်းလွန်းကာအပြစ်ကင်းစင်သောကလေးငယ်ကိုကြည့်တိုင်း အားအင်သစ်များတစ်ဖန်ပြန်ရလာသည်။ ဆွေ့ဆွေ့
ကြောင့်သာ ဒီနေ့ဒီအချိန်အထိသူ(မ)ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
"ဆွေ့ဆွေ့...သမီးအဖေလိုချင်လား"။ ဖုန်းယောက်ချင်း၏အသံက အနည်းငယ်တုန်ယင်ကာကွဲရှနေသည်။
ဆွေ့ဆွေ့တစ်ယောက် ထိုမေးခွန်းကြောင့်တစ်ခဏမျှတုံ့ဆိုင်းသွားသော်လည်း အမှန်အတိုင်းသာပြန်ဖြေလိုက်သည်။ "ဟုတ်...လိုချင်ပါတယ်...မေမေ"။
ဖုန်းယောက်ချင်း၏မျက်ဝန်းများမှာ ငွေ့ရည်ဖွဲ့ကာတဖြေးဖြေးစိုစွတ်လာရသည်။ သူ(မ)စိတ်ကို အစွန်းဆုံထိလျှော့ချပြီးဆွေ့ဆွေ့အားစေ့စေ့စိုက်ကြည့်ကာပြောလိုက်သည်။ "သမီးဖေဖေက...မေမေတို့ကိုထားသွားပြီ..
သူပြန်မလာတော့ဘူး"။
လွန်ခဲ့သောနှစ်လလောက်က ကုကျန်းနျန့်နှင့်ပတ်သတ်သောအရာအားလုံးကိုမေ့ပစ်ရန် ဖုန်းယောက်ချင်းတွေးလိုက်မိသည်။ သူနှင့်ပတ်သတ်သောအမှတ်တရပစ္စည်းများအားလုံးကိုလည်း လွှင့်ပစ်လိုက်သည်။ ဖုန်းနံပါတ်အဟောင်းကိုလည်း ဖျက်ပစ်လိုက်သည်။ သူပြန်လာမည်ဟူသောမျှော်လင့်ချိန်လက်ကျန်လေးလည်းပျက်ပျယ်သွားခဲ့သည်။
ထိုလူ့အတွက်သံယောဇဥ်လက်ကျန်ပင်ရှိတော့မည်မထင်။ အစပိုင်းတွင် ဆွေ့ဆွေ့အတွက်ပြီး
ပြည့်စုံသောဖခင်တစ်ယောက် သူ(မ)မှီခိုအားထားရမည့်ခင်ပွန်းကောင်းတစ်ယောက်အဖြစ် စုယွိင်လုံကို ရည်ရွယ်ခဲ့သေးသည်။ သို့သော် စုယွိင်လုံတွင်ဆွေ့ဆွေ့ထက်တစ်နှစ်မျှသာကြီးသောသမီးလေးတစ်ယောက်ရှိကြောင်း သိလိုက်ရချိန်တွင် သူ(မ)၏အကြံအစည်အားလုံးကိုလက်လျှော့လိုက်သည်။
စုယွိင်လုံက ကြင်နာတတ်သောလူကောင်းတစ်ဦးဖြစ်သော်လည်း သူ့သွေးသားရင်းချာထက် သူ(မ)တို့သားအမိကို ဦးစားပေးနိုင်မည်မဟုတ်ပေ။ ထို့ကြောင့်သူ(မ)စခဲ့သည့်ဇာတ်လမ်းကိုသူ(မ)ကိုယ်တိုင်အဆုံးသတ်လိုက်သည်။
"မေမေ....ဖေဖေကသမီးနဲ့တူလားဟင်"။
"ဆွေ့ဆွေ့ရယ်...ဘယ့်နှယ့်မေးနေတာတုန်း...သမီးကဖေဖေနဲ့တူလားဆိုပြီးမေးရမှာလေ"။
ဆွေ့ဆွေ့လေးကသူ(မ)စကားကြောင့် ဇဝေဇဝါဖြစ်သွားသည်။ "အဲ့မေးခွန်းနှစ်ခုက...အတူတူပဲမဟုတ်လားဟင်"။
"မတူဘူးလေ...ဖေဖေကသမီးထက်အသက်ကြီးတယ်...သမီးရဲ့မျက်နှာပေါက်တွေက....သမီးဖေဖေငယ်ငယ်တုန်းကနဲ့အရမ်းတူတာပဲ
နှစ်ယောက်လုံးအရမ်းချောကြတာ"။
ဆွေ့ဆွေ့နှင့်ကုကျန်းနျန့်က ဖြတ်ခနဲကြည့်လိုက်လျှင် သားအဖဟုတန်းသိရလောက်သည်အထိရုပ်တူမနေပေ။ သို့သော် အသေအချာကြည့်လျှင် သားအဖနှစ်ယောက်၏မျက်နှာအချိုးအစားကဆင်တူသည့်အပြင် နှစ်ယောက်လုံး အထက်တန်းဆန်ဆန်ရှာပါးအလှကိုပိုင်ဆိုင်ထားကြသည်။
"မေမေ...သမီးကိုမိသားစုပုံလေးကူဆွဲပေးနော်"။
"အေးအေး...မေမေကူဆွဲပေးမယ်"။ ကလေးငယ်က သူ(မ)ဖခင်၏ရုပ်ကိုတွေ့ခြင်းနေသော
ကြောင့် ဓာတ်ပုံဟောင်းများကိုပြန်ရှာပြရန်ဖုန်းယောက်ချင်းစဥ်းစားထားလိုက်သည်။
.....
မျက်စိတစ်မှိတ်အတွင်း ဆွေ့ဆွေ့မူကြိုကျောင်းတက်နေသည်မှာ တစ်ပတ်ခန့်ပင်ရှိသွားပြီဖြစ်သည်။
"သူဌေးကိုကို...မနက်ဖြန်ကျရင်...ဆွေ့ဆွေ့မူကြိုကိုမလာတော့ဘူးနော်"။
"ဘာကိစ္စမလာတာလဲ...နင့်လိုကလေးလေးက
ဘာလုပ်စရာရှိမှာလို့လဲ"။ ချင်ဇီချန်းက ဂရုမစိုက်သလိုပြန်ပြောလိုက်သော်လည်း ဆွေ့ဆွေ့အားမတွေ့ရတော့မည်ကိုစိုးရိမ်နေမိသည်။
"မနက်ဖြန်ကျရင်...ရိုက်ကူးရေးရှိလို့လေ"။
"ရိုက်ကူးရေးဟုတ်လား"။ ဆွေ့ဆွေ့စကား
ကြောင့် ချင်ဇီချန်းမှာကြောင်အမ်းအမ်းဖြစ်သွားသည်။
"မသွားလို့မရဘူးလား"။ သူ့အသံကဖြေးညင်းကွဲအက်နေသည်။
"မရဘူးကိုကိုရဲ့...ဆွေ့ဆွေ့မသွားရင်ပြဿနာတက်လိမ့်မယ်"။
"အေး...အဲ့လောက်သွားချင်နေရင်သွားပေါ့
နင်မရှိလည်း...ငါ့ဘာသာငါပျော်အောင်နေလို့ရတယ်...မုန့်တွေကိုလည်းတစ်ယောက်တည်းအကုန်စားပစ်မယ်"။ ချင်ဇီချန်းတစ်ယောက် ဘာကြောင့်ရယ်မှန်းမသိ စိတ်မကြည်ဖြစ်လာသည်။
"ကိုကိုလာချင်ရင်...ဆွေ့ဆွေ့ရိုက်ကွင်းကိုလာလို့ရပါတယ်...ရိုက်ကွင်းမှာဆွေ့ဆွေ့နဲ့အတူလာအဖော်လုပ်ပေးလေ"။
"တကယ်လာလို့ရတာလား"။ ချင်ဇီချန်းမှာ စိတ်လှုပ်ရှားစွာဖြင့်ပြန်မေးခွန်းထုတ်လိုက်မိသည်။
နောက်မှ သူ့ကိုယ်သူပြန်သတိထားမိသွားကာ
ပြန်လျှောချသွားသည်။
"အဟွတ်...အဟွတ်...ထားပါတော့...ငါမလာချင်ပေမဲ့...ဆွေ့ဆွေ့ကအတင်းခေါ်နေတာဆိုတော့
ဒီဖိတ်ခေါ်ချက်ကိုလက်ခံလိုက်ပါ့မယ်လေ"။