Chapter 123
အိမ်တွင်လက်ဆွဲသေတ္တာအိပ်ဖြင့် လိုအပ်သည့်ပစ္စည်းများကိုထုပ်ပိုးပြီးနောက် ဖုန်းယောက်ချင်းက ဆွေ့ဆွေ့နှင့်ရှမ်ယွမ်ကို အိမ်အောက်ထပ်သို့လိုက်ပို့သည်။
"အစ်မဖုန်းယောက်ချင်း...စိတ်မပူပါနဲ့...ရိုက်ကွင်းကိုရောက်ရင်...ကျွန်မဆွေ့ဆွေ့ကို ကောင်းကောင်းဂရုစိုက်လိုက်ပါ့မယ်"။
"မေမေ...သမီးကိုမကြာမကြာလာတွေ့နော်...မဟုတ်ရင် သမီးတော့လွမ်းနေတော့မှာ"။ ကုဆွေ့ဆွေ့အား မိခင်ဖြစ်သူအား ချွဲ့နွှဲ့စွာပြောလိုက်သည်။ သူ(မ)၏မျက်ဝန်းထဲတွင်လည်း ဝမ်းနည်းမှုအရိပ်အယောင်တို့က အထင်းသားပေါ်လွင်နေသည်။
သူ(မ)အားတင်းတင်းကြပ်ကြပ်ဖက်ထားကာ ဝမ်းနည်းစွာပြောလာသော သမီးငယ်ကိုကြည့်ရင်း ဖုန်းယောက်ချင်းလည်းမလွှတ်ချင်တော့ပေ။ ရိုက်ကူးရေးအဖွဲ့က လက်ထောက်တစ်ယောက်သာလိုက်ခွင့်ရှိသည်ဟုဆိုလညသောကြောင့် ဖုန်းယောက်ချင်းမှာလိုက်မသွားပဲ နေခဲ့ရသည်။
ထို့အပြင် ဤတစ်ခေါက်ရိုက်ကူးရေးမှာ တစ်လနီးပါးကြာမည်ဖြစ်သောကြောင့်ဖုန်းယောက်ချင်းတစ်ယောက်အလွန်စိတ်ညစ်သွားသည်။ သမီးလေးနှင့်ဤမျှလောက်အချိန်အကြာကြီးမခွဲဖူးချေ။ တစ်ဦးတည်းသောသမီးလေးဖြစ်သည့်အတွက် ဖုန်းယောက်ချင်းကနေရာတကာပါပြီး အစအဆုံးလိုက်ကူပေးလေ့ရှိသည်။ သို့သော်ကြာလျှင်ကလေးကသူ့ဘာသာသူအားမကိုးတတ်တော့ပဲသူ(မ)ကိုသာ မှီခိုလာမည်စိုး၍ နေရာတိုင်းတွင်ဝင်မပါတော့ပဲ ဖြေးဖြေးချင်းစီကိုယ့်အားကိုယ်ကိုးတတ်အောင်သင်ပေးရသည်။
"ကဲ...အချိန်လည်းမစောတော့ဘူးဆိုတော့...ရှမ်ယွမ်နဲ့ဆွေ့ဆွေ့တို့...ရိုက်ကူးရေးအဖွဲ့စောင့်နေတဲ့နေရာကိုသွားကြတော့လေ....အခုအချိန်မသွားရင်...ယာဥ်ကြောပိတ်တာနဲ့ကြုံပြီးနောက်ကျနေလိမ့်မယ်...ညကျမှဗီဒီယိုကောလ်ခေါ်လိုက်မယ်နော်"။
"ဆွေ့ဆွေ့...ရိုက်ကွင်းမှာရောက်ရင်လည်း...မမရှမ်ယွမ်ရဲ့စကားကိုနားထောင်နော်...တစ်ခြားကလေးတွေနဲ့လည်းတည့်အောင်နေ...ကြားလား"။
"ဟုတ်ကဲ့ပါ...မေမေ"။
....
ရိုက်ကူးရေးအဖွဲ့မှစီစဥ်ပေးထားသောတည်းခိုရမည့်ဟိုတယ်က ရိုက်ကွင်းနေရာနှင့်သိပ်မဝေးပေ။ မြို့အစွန်အဖျားတွင်ဖြစ်ရာ ကြယ်ငါးပွင့်အဆင့်ရှိဇိမ်ခံဟိုတယ်မျိုးမဟုတ်သော်လည်း ပတ်ဝန်းကျင်နေရာလေးကအတော်ကောင်းသလို သရုပ်ဆောင်တစ်ယောက်ချင်းစီတိုင်းအတွက် တစ်ခန်းစီစီစဥ်ပေးထားသည်။
သို့သော် ရှမ်ယွမ်ကဆွေ့ဆွေ့ကိုတစ်ယောက်ထဲနေစေရန်စိတ်မချသောကြောင့် နှစ်ယောက်ခန်းတောင်းလိုက်သည်။ "မမရှမ်ယွမ်...သမီးဒီဟိုတယ်ကိုသိပ်မကြိုက်ဘူး...အိပ်ရာခင်းတွေကလည်း...အိမ်ကအိပ်ရာခင်းလောက်တောင်မလှဘူး"။ ဆွေ့ဆွေ့က ညဥ်းညူသလိုပြောသည်။
ဆွေ့ဆွေ့ကအပန်းရောင်ကိုရူးရူးမူးမူးကြိုက်သည်။ အိပ်ရာခင်းမှအစအသုံးအဆောင်ပစ္စည်းအားလုံးပန်းရောင်ဖြစ်နေမှသဘောကျသည်။ ထို့ကြောင့်ရှမ်ယွမ်က အလိုက်တသိဖြင့်အိမ်မှထွက်လာတည်းက အပန်းရောင်အိပ်ရာခင်းအစကိုယူလာလိုက်သည်။
"ဆွေ့ဆွေ့...ဒီမှာကြည့်လိုက်ပါဦး...ဒါဘာလေးလဲ"။ ရှမ်ယွမ်က ပန်းရောင်အပွင့်လေးများပါသော အိပ်ရာခင်းအစကိုအိတ်ထဲမှထုတ်လာပြီး ဆွေ့ဆွေ့အားပြလိုက်သည်။
"ဝါး...သမီးအကြိုက်ဆုံးအိပ်ရာခင်းပဲ...ပန်းပွင့်အပန်းရောင်လေးတွေနဲ့...မမရှမ်ယွမ်ကအတော်ဆုံးပဲ"။
"လမ်းကြားလေး" ဇာတ်လမ်းတွဲတွင်ပါဝင်သောကလေးသရုပ်ဆောင်အရေအတွက်က လူကြီးသရုပ်ဆောင်အရေအတွက်၏ထက်ဝက်ခန့်ပင်ရှိသည်။ အဖွဲ့ထဲတွင်အကြီးဆုံးကလေးသရုပ်ဆောင်မှာအသက်ဆယ့်လေးနှစ်ဖြစ်ပြီး အငယ်ဆုံးသရုပ်ဆောင်မှာကုဆွေ့ဆွေ့ပင်ဖြစ်သည်။
ထိုကလေးသရုပ်ဆောင်များအနက် ကိုကို
ကျောက်ဟွီနှင့်မမယွမ်အာကိုဆွေ့ဆွေ့အခင်ဆုံးဖြစ်သည်။ ယခုလည်း ရိုက်ကူးရေးမစမီတွင်ကျောက်ဟွီနှင့်ရှုယွမ်အာကဆွေ့ဆွေ့နှင့်စကားလက်ဆုံကျနေသည်။
ကျောက်ဟွီက ဖော်ရွေတတ်ပြီးရုပ်ရည်ချောမောပြေပြစ်သောဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ဦးဖြစ်သည်။ စန္ဒယားတီးရာတွင်ထူးချွန်သလို ဘတ်စ်ကတ်ဘောချန်ပီယံတစ်ဦးလည်းဖြစ်သည်။
ရှုယွမ်အာကကျောက်ဟွီနှင့်ဆန့်ကျင်ဘက်ပင်။ မျက်နှာလေးကအေးဆေးတည်ငြိမ်သလောက် စကားအလွန်များသည်။ သူ(မ)မသိသည့်အကြောင်းမရာတစ်ခုမှမရှိဟုထင်ရလောက်အောင်မနားတမ်းစကားပြောနိုင်သည်။ ဆွေ့ဆွေ့မှာ သူတို့နှစ်ယောက်ပြောသမျှကို တစ်ခွန်းမှဝင်မပြောနိုင်ပဲထိုင်ပြီးနားထောင်နေရသည်။
"ဒါနဲ့ဆွေ့ဆွေ့...ရိုက်ကူးရေးအဖွဲ့ရဲ့အချိန်ဇယားကိုခဏကမှကြည့်လာတာ....နေ့လည်ပိုင်းမှာမမနဲ့ကျောက်ဟွီသရုပ်ဆောင်ရမဲ့ဇာတ်ဝင်ခန်းတွေမရှိသေးဘူး...ဆွေ့ဆွေ့ကောရှိလားဟင်"။
ကုဆွေ့ဆွေ့လည်း တစ်ခဏမျှစဥ်းစားရင်းပြန်ဖြေလိုက်သည်။ မမရှမ်ယွမ်ကဘာမှလာမပြောသောကြောင့် ယနေ့နေ့လည်ပိုင်းတွင်သူ(မ)ရိုက်ရမည့်အလှည့်ကျသေးပုံမပေါ်။ "ဆွေ့ဆွေ့လည်းမရှိဘူးထင်တယ်"။
"ဟုတ်ပြီ...ဒို့သုံးယောက်လုံးရိုက်ကူးရေးလုပ်စရာမလိုသေးဘူးဆိုတော့...ဒီနေ့နေ့လည်ရိုက်ကူးရေးစတဲ့အခါ...ဒါရိုက်တာကြီးကိုခွင့်တောင်းပြီး...ကိုကိုမမတွေသရုပ်ဆောင်တာကိုသွားကြည့်ရအောင်...စစချင်းရိုက်ကူးမဲ့ဇာတ်ဝင်ခန်းက...အနုပညာကျောင်းနှစ်ကျောင်းကြားပြိုင်ပွဲတဲ့...ဘေးကနေလေ့လာရအောင်"။
"မမယွမ်အာ...အနုပညာကျောင်းဆိုတာဘယ်လိုမျိုးလဲဟင်...အဲ့ကျောင်းကကောင်းတာလား"။
"ဒါပေါ့...အနုပညာကျောင်းဆိုတာသရုပ်ဆောင်ပညာကိုလေ့လာသင်ယူဖို့အတွက်...အကောင်းဆုံးနေရာပဲ...မမရဲ့ရည်မှန်းချက်က...အဲ့မှာကျောင်းတက်ပြီး...အတော်ဆုံးသရုပ်ဆောင်တစ်ယောက်ဖြစ်လာဖို့လေ"။
"ငါ့ရည်မှန်းချက်လည်း...နင်နဲ့အတူတူပဲ...တစ်နေ့ကျရင်...အင်ပါယာမြို့တော်ရဲ့အကောင်းဆုံးအနုပညာအကယ်ဒမီကျောင်းကြီးကိုတက်ဖြစ်အောင်တက်မယ်"။ ကျောက်ဟွီက လက်သီးလက်မောင်းတန်းရင်း ကျုံးဝါးသည်။
"မမရော...ကိုကိုရော...ရည်မှန်းချက်တွေအောင်မြင်မှာပါ"။ ဆွေ့ဆွေ့မှာ ထိုကိုကိုနှင့်မမကိုကြည့်ရင်းအားကျအတုယူလိုစိတ်များတစ်ဖွားဖွားပေါ်လာရသည်။