အပိုင်း ၁၂၇
Viewers 15k

Chapter 127

ဤနှစ်ရက်အတွင်း ကုဆွေ့ဆွေ့၏သရုပ်ဆောင်မှုစွမ်းရည်မှာ အတော်လေးတိုးတက်ကောင်းမွန်လာသည်။ သရုပ်ဆောင်မှုများက တိကျကောင်းမွန်သည့်အပြင် အမှားလည်းနည်းသည်။ 
စာသားများကိုလည်း မမေ့မလျော့ပြောနိုင်သည်။

ဆွေ့ဆွေ့အားနေ့တိုင်းအနီးကပ်ကြည့်ရှုစောင့်ရှောက်ပေးနေသည့် လက်ထောက်ရှမ်ယွမ်ပင်လျှင် အနည်းငယ်ကြောင်တောင်တောင်ဖြစ်နေမိသည်။ သာမာန်ဆိုလျှင် ဆွေ့ဆွေ့က အတော်ကလေးအပျင်းထူသော ကလေးမျိုးဖြစ်သည်။ ကလေးပီပီအဆော့မက်ကာ အပေါင်းအသင်းခုံမင်သည်။ ဆော့ကစားနေလျှင် အခြားဘယ်အရာကိုမှ စိတ်မဝင်စားတော့ချေ။

သို့သော် ဆွေ့ဆွေ့က ဤရက်ပိုင်းအတွင်း အမှန်တကယ်ပင် ထူးဆန်းနေသည်။ ဟိုတယ်သို့ပြန်ရောက်သည်နှင့် ခါတိုင်းကဲ့သို့တီဗွီရှေ့တွင်မထိုင်ပဲ ဇာတ်ညွှန်းစာရွက်ကိုကိုင်ကာ ဒိုင်ယာလော့များကို တိတ်တဆိတ်အလွတ်ကျက်မှတ်နေသည်။ ထိုမြင်ကွင်းက ရှမ်ယွမ်အတွက် ထိတ်လန့်စရာပင်။ ဆွေ့ဆွေ့များတစ်ခုခုဖြစ်နေသလား အောက်မေ့ရသည်။

"သူဌေးကိုကို...နောက်ကျတယ်နော်"။ ဆွေ့ဆွေ့က နာရီကိုတစ်ချက်လှမ်းကြည့်ရင်းမျက်ခုံးတန်းများတွန့်ချိုးကာပြောလိုက်သည်။ နဂိုက သူ(မ)
နှင့်သူဌေးကိုကိုတို့ ဤနေရာတွင်ကိုးနာရီခွဲအတိတွေ့ကြရန်ချိန်းဆိုထားသော်လည်း ယခုမှာ ကိုးနာရီလေးဆယ်ဖြစ်သောကြောင့် သူဌေးကိုကိုတစ်ယောက် ဆယ်မိနစ်စွန်းစွန်းနောက်ကျမှရောက်လာသည်။

"ဆွေ့ဆွေ့ရယ်...ကိုကိုအိမ်ကနေခိုးထွက်လာရလို့လေ...ဒီအချိန်လောက်ရောက်လာတာပဲကံကောင်းတယ်ပြောရမယ်"။ ချင်ဇီချန်းရုပ်ရှင်ထဲရှိဇာတ်လိုက်မင်းသားကဲ့သို့ နံရံကိုခေါင်းတစ်ခြမ်းစောင်းမှီထားရင်းဟန်ပါပါပြောလိုက်သည်။

"ကောင်းပြီလေ...ဒီတစ်ခေါက်တော့...ဆွေ့ဆွေ့
ခွင့်လွှတ်ပေးလိုက်မယ်"။

"ဒါနဲ့သူဌေးကိုကိုဗိုက်ဆာနေပြီလားဟင်...ရေခဲချောင်းစားကြမလား...ချိုချိုအေးအေးလေးနဲ့အရသာရှိတယ်လေ"။ ဆွေ့ဆွေ့လည်း မနီးမနားမုန့်ဆိုင်အသေးလေးတွင် သူဌေးကိုကိုအားရေခဲချောင်းဝယ်ကျွေးရန်တွေးမိလိုက်သည်။

"အွန်ဟွန်း...သွားစားကြမယ်လေ...ဒါပေမဲ့...ဆွေ့ဆွေ့က...ကိုကို့ကိုဝယ်ကျွေးစရာမလိုဘူး...ကိုကိုကသူဌေးလေ...ပိုက်ဆံအများကြီးရှိတယ်...ဒီတော့...ကိုကိုပဲဝယ်ကျွေးမယ်....ဆွေ့ဆွေ့ကြိုက်တာစား"။

"အင်း...ဒီတစ်ခေါက်သူဌေးကိုကိုဝယ်ကျွေး...နောက်တစ်ခေါက်ကျရင်...ဆွေ့ဆွေ့ပြန်ဝယ်ကျွေးမယ်နော်"။

ဆိုင်သို့အသွားလမ်းတွင် ချင်ဇီချန်းကကုဆွေ့ဆွေ့၏ဂါဝန်ပေါ်ရှိအနီရောင်ပွင့်ဖတ်လေးများကိုကြည့်မိရာ တစ်စုံတစ်ခုကိုသတိရသွားသည်။ ထို့နောက် ကျောင်းလွယ်အိတ်ထဲတွင်အသေအချာထည့်ထားသော နီနီရဲရဲနှင်းဆီပန်းတစ်ပွင့်ကိုထုတ်ယူလိုက်သည်။ "ကဲ...ဒီမှာ...ဆွေ့ဆွေ့ကိုပေးဖို့...ကိုကိုယူလာတာ"။

"ဟယ်...ပန်းလေးကလှလိုက်တာ...ကျေးဇူးပါယသူဌေးကိုကို"။ ဆွေ့ဆွေ့ကပန်းကြိုက်တတ်သူဖြစ်သောကြောင့် သူဌေးကိုကိုပေးသောလက်ဆောင်ကိုအလွန်သဘောကျမိသည်။ 

"ကိုကိုတို့အိမ်မှာနှင်းဆီပန်းတွေအများကြီးရှိတယ်...ဆွေ့ဆွေ့ကြိုက်ရင်နေ့တိုင်းယူလာပေးမယ်လေ"။

.....

တစ်ဖက်တွင်...

ချင်အိမ်တော်၏သက်တော်စောင့်များနှင့်ဝန်ထမ်းများမှာ အရေးပေါ်အခြေအနေရောက်နေကြသည်။ 

"အရေးပေါ်...အရေးပေါ်...ပြဿနာပဲ...ကိုယ့်လူတို့ရေ...သခင်ငယ်လေးပျောက်သွားပြန်ပြီ"။

"စီစီတီဗွီတွေစစ်ကြည့်ပြီးပြီလား...ဗီလာကနေထွက်သွားတာရောသေချာရဲ့လား"။

"ကျွန်တော်တို့...ဗီလာအတွင်းအပြင်မကျန်အကုန်စစ်ပြီးပါပြီ... လူအရိပ်အယောင်တစ်ခုမှမတွေ့ရပါဘူး....စီစီတီဗွီမှာတော့...သခင်ငယ်လေးက...ပန်းခြံထဲကခိုးဝင်ပြီးနှင်းဆီပန်းခူးပြီးတော့ပျောက်သွားပါတယ်...အဲဒီပန်းခြံထဲမှာခွေးတိုးပေါက်လေးရှိတယ်လေ...အဲဒီကနေထွက်သွားတာဖြစ်ရမယ်"။

"မင်း...သခင်လေးအခန်းထဲသွားလိုက်...ဖုန်းတွေဘာတွေယူသွားလားဆိုတာသွားစစ်ကြည့်"။ ဤသို့သောအခြေအနေမျိုးမကြာခဏကြုံရတတ်သောကြောင့် သခင်လေး၏အသုံးအဆောင်ပစ္စည်းအချို့တွင် သူမသိအောင် ခြေရာခံစက်များတပ်ထားလေ့ရှိသည်။

သက်တော်စောင့်က ချင်ဇီချန်း၏အိပ်ခန်းထဲနေရာအနှံ့ရှာဖွေပြီးပြန်ထွက်လာသည်။ "ခေါင်းဆောင်...သခင်လေးက...ပိုက်ဆံအိတ်နဲ့ဖုန်းယူသွားတယ်ထင်တယ်...သူ့အခန်းထဲမှာမတွေ့ဘူး"။

သက်တော်စောင့်ခေါင်းဆောင်မှာ ဖုန်းယူသွားသည်ဟုသိရမှသက်ပြင်းချနိုင်တော့သည်။ "တော်သေးတယ်...ဖုန်းယူသွားလို့ပေါ့ကွာ...
ငါသူ့ကိုခြေရာခံကြည့်လိုက်မယ်...မင်းတို့က
ရှာဖွေရေးအဖွဲ့နဲ့အမြန်ဆုံးပူးပေါင်းကြ...သွားတော့"ါ

သခင်လေးတစ်ခါတစ်ခါပျောက်ထွက်သွားလျှင် သူတို့အတော်လေးခေါင်းခဲရပါသည်။ အချိန်မီမရှာနိုင်ပဲ သခင်လေးသာတစ်ခုခုဖြစ်သွားလျှင်သူတို့အားလုံးအသက်ပျောက်မည်ပင်။

"ပြီးတော့...သခင်လေးကိုရှာနေတာဘယ်သူမှမသိစေနဲ့...တိုးတိုးတိတ်တိတ်လုပ်နော်"။ 

ချင်အိမ်တော်က သက်တော်စောင့်များပြာယာခတ်နေချိန်တွင် တစ်ဖက်ကလေးနှစ်ယောက်မှာ
အေးအေးဆေးဆေးလေးရေခဲချောင်းစားနေကြသည်။ 

"သူဌေးကိုကို...ဟိုမှာကြည့်လိုက်ဦး...ဟိုဦးလေးကြီးက...အဖွားရဲ့ပိုက်ဆံအိတ်ကိုခိုးဖို့လုပ်နေတယ်"။ ကုဆွေ့ဆွေ့က တစ်နေရာရာကိုကြည့်ကာ လက်ညှိုးတထိုးထိုးဖြင့်ပြောလာသည်။

သူတို့ရေခဲချောင်းထိုင်စားနေသောဆိုင်လေးက ဘတ်စ်ကားမှတ်တိုင်နှင့်နီးသည်။ ထိုဘတ်စ်ကားမှတ်တိုင်တွင်လူနှစ်ယောက်စောင့်နေကြသည်။တစ်ယောက်မှာအသက်သုံးဆယ်ဝန်းကျင်ရှိပုံပေါ်သော အမျိုးသားတစ်ဦးဖြစ်ပြီးထိုသူက ခါးကိုကိုင်းညွှတ်ကာ ဘေးပတ်ဝန်းကျင်ကိုခိုးကြောင်ခိုးဝှက်ကြည့်နေသည်။ ထို့နောက် အသက်ငါးဆယ်ကျော်အရွယ်ဟုထင်ရသောအမျိုးသမီးတစ်ဦး၏ဘေးလွယ်ပိုက်ဆံအိတ်ကို မသိမသာဓားဖြင့်ဖြတ်ချလိုက်သည်။ 

"သူဌေးကိုကို...သူခိုးတေားမယ်ထင်တယ်...ဆွေ့ဆွေ့တို့...အဲ့ဖွားဖွားကိုသွားပြီးသတိပေးကြမလား"။

"ဟင့်အင်း...ကိုကိုတို့အဲ့လိုသွားဝင်ပါလို့မရဘူး
ကိုယ်တို့က...ကလေးတွေ...ဟိုသူခိုးကဓားကိုင်ထားတဲ့လူကြီးတစ်ယောက်...အန္တရာယ်များလွန်းတယ်"။ 

"အဲဒါဆို...ဘယ်လိုလုပ်ကြမလဲဟင်"။

ချင်ဇီချန်းက စက်ပိတ်ထားသောဖုန်းလေးကို
ကြည့်ရင်းပြောလိုက်သည်။ "ကိုကို့မှာနည်းလမ်းတစ်ခုရှိတယ်...ဒီဖုန်းနဲ့ဟိုသူခိုးရဲ့မျက်နှာကိုဓာတ်ပုံရိုက်လိုက်ပြီ...ပြီးရင်ရဲစခန်းသွားပြီး
အဲ့ဓာတ်ပုံကို...ရဲတွေဆီပြလိုက်မယ်"။