Chapter 128
မြို့တော်၏ပင်မရဲစခန်းတွင်...
"ကလေးတွေ...မိဘတွေနဲ့လူစုကွဲလာတာလား...အိမ်လိပ်စာနဲ့ဖုန်းနံပါတ်ရော မှတ်မိလား"။
ရဲအရာရှိမလေးက နားနေခန်းသို့ရောက်နေသော ကလေးငယ်နှစ်ယောက်ကိုကြည့်ကာ နူးညံ့ညင်သာစွာမေးလိုက်သည်။
ချင်ဇီချန်းက သူ့လွယ်အိတ်ကြိုးကိုကျစ်ကျစ်ဆုပ်ကိုင်ကာ ပြောလိုက်သည်။ "ကျွန်တော်တို့က...မိဘနဲ့လူစုကွဲသွားလို့ဒီကိုရောက်နေတာမဟုတ်ပါဘူး...ရဲတိုင်ဖို့လာတာပါ"။
"ရဲတိုင်ဖို့ဟုတ်လား..."။ ကောင်လေး၏စကားကြောင့် ရဲမေက အနည်းငယ် အံ့အားသင့်သွားသည်။
ကလေးနှစ်ယောက်က ပြစ်မှုကျူးလွန်သူတစ်စုံတစ်ယောက်နှင့် တွေ့ခဲ့လို့များလား။ အရေးကြီးမျက်မြင်သက်သေများဖြစ်နေမလား။ ရဲမေ၏ခေါင်းထဲတွင် အတွေးပေါင်းစုံဖြင့် ဂယက်ရိုက်နေသည်။
"ဟုတ်ကဲ့...သူခိုးတစ်ယောက်က...ဘတ်စ်ကားမှတ်တိုင်မှာ...အဒေါ်ကြီးတစ်ယောက်ဆီကနေပိုက်ဆံအိတ်ခိုးဖို့လုပ်နေတာကို...ကျွန်တော်တို့ဖမ်းမိ...အဲလေ...ကျွန်တော်တို့ဓာတ်ပုံရိုက်မိထားပါတယ်...ဒါပေမဲ့...အဲဒီသူခိုးဦးလေးကြီးရဲ့လက်ထဲမှာ...ဓားကိုင်ထားတာမလို့...သွားဝင်တာမျိုးတော့မလုပ်ခဲ့ဘူး...ဖုန်းနဲ့ပဲသက်သေအနေနဲ့ပုံရိုက်ခဲ့တာ...ရဲမေအစ်မဒီပုံကိုသေချာကြည့်ပေးပါဦး"။ ချင်ဇီချန်းက ဖြစ်စဥ်တစ်ခုလုံးကို
ခရေတွင်းစေ့ကျရှင်းပြသည်။
ဆွေ့ဆွေ့ကလည်းဘေးမှနေ၍ဝင်ပြောသည်။ "ရဲမေမမရယ်...ဒီပုံကိုသေချာလေးကြည့်နော်
ပြီးရင်...ဒီဖွားဖွားဆီကနေ...အဲဒီဦးလေးကြီးခိုးသွားတဲ့ပစ္စည်းတွေကို...ပြန်ရအောင်ယူပေးနော်"။
ချစ်စဖွယ်ကောင်းလွန်းပြီးနားဝင်ပီယရှိလှသည့်ကုဆွေ့ဆွေ့၏အသံကြောင့် ရဲမေမလေး၏မျက်ဝန်းများမှာချက်ချင်းနူးညံ့သွားရသည်။ "စိတ်မပူပါနဲ့...ကလေးတို့...သူခိုးကိုမိအောင်ဖမ်းပြီးသူခိုးသွားတဲ့ပစ္စည်းတွေကိုပိုင်ရှင်ဆီအရောက်ပြန်ပေးဖို့က...မမတို့ရဲတွေရဲ့တာဝန်တစ်ခုပါ...ကလေးတို့ပြတဲ့ပုံထဲက...သူခိုးကိုလည်းမိအောင်ဖမ်းပေးမယ်နော်"။
"ပြီးတော့...ကလေးတို့နှစ်ယောက်ဆုံးဖြတ်တာအရမ်းမှန်တယ်...ဒီလိုအခြေအနေနဲ့ကြုံလာလို့
သူခိုးကလက်နက်ကိုင်ထားရင်...ကလေးတို့ကဇွတ်ဝင်ပါလို့မဖြစ်ဘူး...သူလက်နက်မပိုင်ထားရင်တောင်...အန္တရာယ်များတာမလို့...ရဲတွေကိုပဲအကြောင်းကြားရမယ်"။
ထို့နောက် ရဲမေကသူတို့ကလေးနှစ်ယောက်ကို နားနေခန်းထဲတွင်ထိုင်စောင့်ခိုင်းထားပြီး အခြားရဲတပ်ဖွဲ့ဝင်များနှင့်အတူသူခိုးဖမ်းရန်ထွက်သွားကြသည်။ "ဆွေ့ဆွေ့...ခဏကရဲမေမမပြောသွားတာကြားလား...နောက်တစ်ခါ...ဒီလိုအခြေအနေမျိုးနဲ့ကြုံလာရင်...ကိုကိုပြောတဲ့အတိုင်းပဲလုပ်နော်...လူကြီးတွေပဲဖြေရှင်းလို့ရတဲ့ကိစ္စဆိုတာရှိတယ်...ကိုကိုတို့ကလေးတွေကကိုယ်တတ်နိုင်သလောက်...ကူညီရင်ရပြီ"။ ချင်ဇီချန်းက ဘေးတွင်ထိုင်နေသောဆွေ့ဆွေ့ကို ဆုံးမသလိုပြောလာသည်။
ရဲမေမမနှင့်တစ်လေသံတည်းပြောသွားသောသူဌေးကိုကိုအားကုဆွေ့ဆွေ့မျက်စောင်းထိုးကာကြည့်လိုက်မိသည်။ ရဲမေမမပြောသွားသမျှအားလုံးသူ(မ)နားလည်ပါသည်။ သူဌေးကိုကိုက သူ(မ)ဘာတစ်လုံးမှနားမလည်လိုက်သည့်ပုံဖြင့် အစအဆုံးပြန်ရှင်းပြနေသည်။ "ဆွေ့ဆွေ့လည်းသဘောပေါက်ပါတယ်"။
"ရဲမေမမ...ကျွန်တော်ရေဆာလာလို့...ရေလေးတစ်ခွက်လောက်တိုက်ပါလား"။ ဤနေရာအထိ အပြေးအလွှားလာခဲ့ရသောကြောင့် ချင်ဇီချန်းတစ်ယောက် တစ်ကိုယ်လုံးချွေးများရွှဲနစ်နေပြီးအာခေါင်များပင်ခြောက်လာသည်။
"အေးအေး...အမရေခပ်လာပေးမယ်...အပူလားအအေးလား"။
"ရေနွေးနွေးလေးတစ်ခွက်ပဲပေးပါ...ကျေးဇူးပါဗျ"။ ရေမေမှာလည်း ယဥ်ကျေးချိုသာပြီးချစ်စဖွယ်ကောင်းသောကလေးငယ်နှစ်ယောက်
ကြောင့် ကလေးပင်လိုချင်လာရသည်။
"အယ်...သူဌေးကိုကို...ဆွေ့ဆွေ့တော့ပြဿနာတက်ပြီထင်တယ်...မမရှမ်ယွမ်ကိုလေဘာမှမပြောခဲ့ရဘူး...စောင့်နေတော့မှာပဲ"။ သူဌေးကိုကိုနှင့်တွေ့ရန်အလျင်လိုနေသောကြောင့် ဆွေ့ဆွေ့မှာ မမရှမ်ယွမ်ကိုပင်ဘာမှမပြောပဲထွက်လာခဲ့ရသည်။
"ဆွေ့ဆွေ့...ရိုက်ကွင်းထဲမှာမရှိတာကို...သိသွားရင်...မမရှမ်ယွမ်...အရမ်းစိတ်ပူနေမှာ"။
ခိုးထွက်ခြင်းကိုကျွမ်းကျင်ပိုင်နိုင်နေသောချင်ဇီချန်းက ဆွေ့ဆွေ့ကိုတည်ငြိမ်စွာနှင့်အားပေးသည်။ "ဆွေ့ဆွေ့...သေသေချာချာစဥ်းစားပါဦး
ဆွေ့ဆွေ့ရဲ့ဖုန်းကိုအမြဲတမ်းစက်ဖွင့်ထားတာပဲလေ...ဒါပေမဲ့ရိုက်ကူးရေးအဖွဲ့ထဲကဘယ်သူမှဖုန်းခေါ်မလာဘူး...အဲဒါဘာအဓိပ္ပါယ်ဖြစ်မလဲ"။
"ဘာအဓိပ္ပါယ်လဲဟင်"။ ဆွေ့ဆွေ့က မျက်တောင်ရှည်ကြီးများကို ပုတ်ကလပ် ပုတ်ကလပ်လုပ်ရင်းအူကြောင်ကြားနှင့်မေးလာသည်။
"ဆွေ့ဆွေ့ဆီကို...မမရှမ်ယွမ်ဖုန်းခေါ်မလာသေးဘူးဆိုတာက...ဆွေ့ဆွေ့ပျောက်သွားမှန်းသူမသိသေးလို့ပေါ့...အဲဒါကြောင့်ဘာမှစိတ်ပူစရာမလိုဘူး...သူဖုန်းခေါ်တာကိုစောင့်နေလိုက်...ဒါမှမဟုတ်ရင်...ဆွေ့ဆွေ့အရင်ဖုန်းဆက်ကြည့်လိုက်
ဒါပေမဲ့မမရှမ်ယွမ်ကကိုကို့အဖေလိုဒေါသကြီးရင်တော့...သူ့ကိုဖုန်းအရင်မခေါ်မိစေနဲ့"။
....
တစ်ဖက်ရိုက်ကွင်းတွင်မူ ဆွေ့ဆွေ့ကိုရှာမတွေ့သောကြောင့် ရှမ်ယွမ်တစ်ယောက်ကမ္ဘာပျက်နေသည်။ အခြားရိုက်ကူးရေးအဖွဒယဲ့သားများကို ကူရှာပေးရန်အကူအညီတောင်းတော့မည့်အချိန်တွင် သူ(မ)၏ဖုန်းမျက်နှာပြင်လေးလင်းလာပြီး ဆွေ့ဆွေ့ဖုန်းခေါ်လာသည်ကိုတွေ့လိုက်ရသည်။
ရှမ်ယွမ်တစ်ယောက် စိတ်လှုပ်ရှားမှုကြောင့်အမြန်ပင်ကောက်ကိုင်လိုက်သည်။ "ဆွေ့ဆွေ့...သမီးဘယ်မှာလဲဟင်"။
"မမရှမ်ယွမ်...သမီးအခုရဲစခန်းမှာပါ"။
ရဲစခန်းဟူသောစကားလုံးကြောင့် ရှမ်ယွမ်မှာသွေးဆောင့်တက်သွားရသည်။ လေးနှစ်အရွယ်ကလေးက မည်သည့်အကြောင်းကြောင့် ရဲစခန်းရောက်နေရပါသနည်း။
"ဆွေ့ဆွေ့...သမီးကဘာကိစ္စနဲ့ရဲစခန်းကိုရောက်နေရတာလဲ...တစ်ခုခုဖြစ်လို့လား...မကြောက်နဲ့နော်...မမအခုလာခဲ့မယ်"။ ရှမ်ယွမ်၏အသံမှာစိုးရိမ်ထိတ်လန့်မှုနှင့်စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။
"မမရှမ်ယွမ်...သမီးဘာမှမဖြစ်ဘူး...အဆင်ပြေနေပါတယ်...ရေခဲချောင်းဝယ်နေတုန်းဘတ်စ်ကားမှတ်တိုင်နားလေးမှာ...သူခိုးခိုးနေတာတွေ့လို့...ရဲသွားတိုင်တာပါ"။
ရှမ်ယွမ်လည်းဆွေ့ဆွေ့ဆီမှအကြောင်းစုံသိရပြီးသည်နှင့်ဖုန်းကိုချက်ချင်းချကာရဲစခန်းရှိရာသို့ အလောတကြီးသွားတော့သည်။
ချင်အိမ်တော်၏သက်တော်စောင့်များမှာလည်း ခြေရာခံစက်တွင်ညွှန်ပြနေသောအနီရောင်အမှတ်အသားလေးအတိုင်း ကားကိုအရှိန်မြှင့်မောင်းနှင်ပြီးထိုတည်နေရာသို့သွားတော့သည်။