အပိုင်း ၁၃၀
Viewers 16k

Chapter 130

ရဲစခန်းမှထွက်လာပြီးနောက် ရှမ်ယွမ်လည်း ကလေးနှစ်ယောက်လုံးကို ရိုက်ကွင်းသို့ပြန်ခေါ်လာခဲ့သည်။

အစပိုင်းတွင် ဆွေ့ဆွေ့တစ်ယောက်မနက်ပိုင်းရိုက်ကွင်းတွင်မရှိသည်မှာ အဘယ်ကြောင့်နည်းဟု ရှမ်ယွမ်တွေးနေမိသေးသည်။ သို့သော် ရုတ်တရက်ဆန်သော အဖြစ်အပျက်များကြောင့် အကြောင်းရင်းကို ရှမ်ယွမ်ရိပ်မိသွားသည်။

"မမရှမ်ယွမ်...သူဌေးကိုကိုကိုရိုက်ကွင်း...ခဏခေါ်လည်လို့ရလားဟင်"။ ကုဆွေဆွေ့က ရှမ်ယွမ်အား ခွင့်တောင်းသလိုပြောလာသည်။

စိတ်လှုပ်ရှားနေသောဆွေ့ဆွေ့ကိုကြည့်ကာ ရှမ်ယွမ်တစ်ယောက် အလိုလိုက်ပေးချင်စိတ်များတစ်ဖွားဖွားပေါ်လာသည်။ "ရတာပေါ့...ဆွေ့ဆွေ့ရဲ့...မမရောအဖော်လိုက်ပေးရဦးမလား"။

"မမရှမ်ယွမ်...မလိုက်လည်းရပါတယ်...သမီးဘာသာသွားလိုက်မယ်လေ"။ ဤရက်ပိုင်းအတွင်း ဆွေ့ဆွေ့တစ်ယောက် ရိုက်ကွင်းတစ်ခုလုံးနှင့်ရင်းနှီးလာပြီဖြစ်သောကြောင့် သူ(မ)တစ်ယောက်တည်း ကြိုက်သလိုဝင်ထွက်သွားလာနိုင်သည်။

"အင်းအင်...အဲ့လိုဆိုရင်လည်း...ကိစ္စတစ်ခုခုရှိရင်မမကိုခေါ်လိုက်နော်...ပြီးတော့ဖုန်းကိုစက်မပိတ်ထားနဲ့...ဖုန်းခေါ်လို့မရရင်မမစိတ်ပူနေမိ
လိမ့်မယ်"။ 

ဆွေ့ဆွေ့ကိစ္စသူ(မ)စိတ်အေးသွားသော်လည်း ချင်ဇီချန်းကိုမူသူ(မ)စိတ်ပူနေသေးသည်။ ဤကလေးပျောက်သွားသည်ကို ဒီအချိန်လောက်ဆို
မိဘများလည်းစိတ်ပူနေလောက်ရောပေါ့။ ချင်ဥက္ကဋ္ဌနှင့်မည်သို့ဆက်သွယ်ရမှန်းရှမ်ယွမ်မသိသော်လည်း ကိုယ်စားလှယ်လုယွင်ကျီကိုဖုန်းဆက်အကြောင်းကြားရန် သူ(မ)သတိရသွားသည်။

ဆွေ့ဆွေ့က ချင်ဇီချန်းကိုလက်ဆွဲခေါ်ကာ ရိုက်ကွင်းတစ်ခုလုံးနှင့်လိုက်လံမိတ်ဆက်ပေးသည်။ အိမ်ထဲမှအိမ်အပြင်တစ်ခါထွက်ရန်ခက်ခဲလှသောချင်ဇီချန်းအတွက် ရုပ်ရှင်ရိုက်ကွင်းတစ်ခုလုံးက ဆန်းသစ်လွန်းနေသည်။

"ဆွေ့ဆွေ့...ဒီရုပ်ရှင်ရိုက်တဲ့အလုပ်ကြီးက...အရမ်းခက်မဲ့ပုံပဲ"။ ရိုက်ကွင်းနောက်ကွယ်က သူကြည့်နေရသောရုပ်ရှင်များ၏ဖန်တီးရာနေရာတစ်ခုပင်။ ဤပုံစံမျိုးဖြစ်လိမ့်မည်ဟု သူ့စိတ်ကူးထဲတွင်မထင်ထားခဲ့ချေ။

"တစ်ခါတစ်လေတော့ခက်ခဲပေမဲ့...ပျော်ဖို့ကောင်းပါတယ်"။ 

"အင်း...ပျင်းစရာကောင်းတဲ့မူကြိုကျောင်းသွားတာထက်စာရင်...ပိုပျော်ဖို့ကောင်းလောက်မှာပါ"။ ချင်ဇီချန်းက လေးတွဲ့တွဲ့လေသံဖြင့်ညီးညူသလိုပြောလာသည်။ 

နေ့လည်စာစားချိန်ရောက်လာသောအခါ ရိုက်ကူးရေးအဖွဲ့မှဝေပေးသောထမင်းတစ်ဘူးကိုနှစ်ယောက်သားစားရန်ပြင်ကြသည်။

သို့သော် ရွှေဇွန်းကိုက်ပြီးမွေးလာသောချင်ဇီချန်းမှာ အစားအသောက် ၊ အဝတ်အစား ၊ အသုံးအဆောင်များကိုအကောင်းဆုံးအရာများသာရွေးချယ်သုံးခဲ့သောကြောင့် အခြားကလေးများထက် ချေးများတတ်သည်။

ချင်ဇီချန်းတစ်ယောက် နေ့လည်စာထမင်းဘူးကိုနှစ်ဇွန်းမျှသာစားပြီးသူထပ်မစားချင်တော့ပေ။ ဟင်းပွဲတိုင်းကဆားငံနေပြီး အသားလုံးဟင်းတစ်မျိုးတည်းကိုသာသူခံတွင်းတွေ့သည်။

"သူဌေးကိုကို...ဘာလို့မစားတော့တာလဲဟင်"။

ဆွေ့ဆွေ့၏အမေးကို ချင်ဇီချန်းကမျက်မှောင်ကြုတ်ပြီး စက်ဆုပ်ရွံ့ရှာသည့်လေသံဖြင့်ပြန်ဖြေသည်။ "ဒီဟင်းတွေအားလုံး...အရသာလည်းမရှိဘူး...ကိုယ်မစားချင်တော့ဘူး"။

ဆွေ့ဆွေ့က ထမင်းဟင်းများမလျော့သေးသောချင်ဇီချန်း၏ပန်းကန်လုံးကိုကြည့်ရင်း ခေါင်းတွင်တွင်ခါကာပြန်ပြောသည်။ "သူဌေးကိုကို...အစားအသောက်ကိုမဖြုန်းနဲ့လေ...ကုန်အောင်စား...ဒီအသားလုံးတွေကို...သူဌေးကိုကိုကြိုက်တယ်မလား...ဆွေ့ဆွေ့ကတစ်ခြားဟင်းတွေလည်းကြိုက်တော့...ဆွေ့ဆွေ့ရဲ့အသားလုံးဟင်းကိုပေးလိုက်မယ်လေ...ကိုကိုကုန်အောင်စားလိုက်နော်"။

ချင်ဇီချန်းပြန်ခံပြောချင်သော်လည်း ဆွေ့ဆွေ့၏စကားကို မသိစိတ်ကအလိုလိုနာခံချင်နေပြန်သည်။ မျက်လုံးရွဲကြီးများနှင့်သူ့ကိုတောင်းဆိုသလိုကြည့်နေသောကုဆွေ့ဆွေ့ကြောင့် စုတ်တစ်ချက်သပ်ကာ ထမင်းပန်းကန်ကိုပြန်ကောက်ကိုင်လိုက်သည်။

"အင်း...အသားလုံးမျက်နှာနဲ့ကုန်အောင်စား
လိုက်ပါ့မယ်...ပြီးတော့ထမင်းဟင်းကိုဖြုန်းတီးချင်လို့ဖြုန်းတီးတာမဟုတ်ဘူး...စားလို့မှမကောင်းပဲနဲ့"။ တဗြစ်တောက်တောက်ရွတ်နေသော်လည်း ထမင်းနှင့်အသားလုံးများကို ပါးစပ်ထဲသွတ်ထည့်နေသောသူဌေးကိုကိုကို
ကြည့်ရင်းဆွေ့ဆွေ့မှာမရယ်မိအောင်မနည်း
အောင့်ထားရသည်။

.....

ချင်အိမ်တော်၏သက်တော်စောင့်များမှာ ရဲစခန်းသို့အကူအညီတောင်းရန်မဖြစ်နိုင်သောကြောင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်ရှိစီစီတီဗွီအားလုံးကို လိုက်လံစစ်ဆေးကာသခင်လေးကိုကြိုးကြိုးစားစားရှာနေကြသည်။

မီနီမားကတ်ဆိုင်အချို့က သူတို့စီစီတီဗွီကိုပြရန်အစပိုင်းတွင်သဘောမတူကြသော်လည်း ငွေအနည်းငယ်သုံးလိုက်သောအခါ အလွယ်တကူ
ခွင့်ပြုပေးကြသည်။ စီစီတီဗွီအတော်များများကိုလိုက်ကြည့်ပြီးနောက် သူတို့သခင်ငယ်လေးကိုခြေရာခံမိသွားသည်။

"အဲဒီကလေးမလေးဘယ်သူလဲဆိုတာ...ငါသိတယ်...သူကငါတို့သခင်ငယ်လေးနဲ့မူကြိုကျောင်းအတူတူတက်နေတဲ့အတန်းဖော်မလေးပဲ...အရင်တစ်ပတ်တုန်းက...သူတို့နှစ်ယောက်ကို
ကျောင်းဂိတ်ပေါက်ဝမှာတွေ့လိုက်သေးတယ်"။

သိပ်မကြာလိုက်ပါ။ ရှမ်ယွမ်ဆီသို့ ဥက္ကဋ္ဌရုံးခန်းမှဖုန်းဝင်လာသည်။ ဖုန်းနံပါတ်ကိုတွေ့တွေ့ချင်းရှမ်ယွမ်တစ်ယောက် ထိတ်ထိတ်ပြာပြာဖြစ်သွားသည်။ စိတ်လှုပ်ရှားမှုဖြင့်ကောက်ကိုင်လိုက်သော်လည်း ကံကောင်းသည်က ဖုန်းခေါ်ဆိုသူမှာ ချင်ဥက္ကဋ္ဌကိုယ်တိုင်မဟုတ်ပဲ သူ့အတွင်းရေးမှူးဖြစ်နေသည်။ ရိုက်ကွင်းနေရာသို့မကြာမီတွင်ချင်အိမ်တော်၏သက်တော်စောင့်များရောက်လာပြီး ချင်သခင်ငယ်လေးကိုလာခေါ်မည်ဟုအကြောင်းကြားလာခြင်းဖြစ်သည်။

ဖုန်းချပြီးနောက် ရှမ်ယွမ်လည်းအသက်ကိုပြင်းပြင်းရှူကာဆော့ကစားနေသောကလေးငယ်ကိုတီးတိုးပြောလိုက်သည်။ "ချင်ဇီချန်း...ကလေး
စိတ်ကိုအသင့်ပြင်ထားတော့...သားအဖေကသားဒီနေရာမှာရှိနေတာကိုသိသွားပြီ"။

ရှမ်ယွမ်၏စကားကြောင့် ချင်ဇီချန်းတစ်ယောက် အနည်းငယ်ဒေါသထွက်သွားရသည်။ သူဒီမှာရှိနေတာ ဘယ်လိုသိသွားရပြန်တာလဲ။ ဒယ်ဒီနှင့်သူ့သက်တော်စောင့်များက အတော်လေးစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလှပါသည်။ 

"သူဌေးကိုကို...စိတ်မပူပါနဲ့...နောက်တစ်ခေါက်အိမ်ကနေထွက်လာလို့မရရင်...ဆွေ့ဆွေ့ပဲ
ကိုကို့အိမ်ကိုလာလည်မယ်လေ"။

ဆွေ့ဆွေ့စကားအဆုံး ရှမ်ယွမ်မှာမျက်လုံးများပြူးကျယ်သွားရသည်။ ဆွေ့ဆွေ့ကချင်စံအိမ်တော်ကို သွားမလို့တဲ့လား။