Chapter 131
ချင်မိသားစု၏ပုံစံအစစ်အမှန်ကိုသာသိလျှင် ဆွေ့ဆွေ့တစ်ယောက် ထိုနေရာသို့သွားရဲဦးမည်လား။
ကလေးများ၏အတွေးက အလွန်ရိုးစင်းကြောင်းကို ရှမ်ယွမ်သိပါသည်။ သူတို့အပေါ် နည်းနည်းလောက်ကောင်းပြလိုက်ရုံနှင့် လူကောင်းဟုသတ်မှတ်ကာ လွယ်လွယ်ယုံကြည်အားကိုးလိုက်ကြသည်။ ကလေးအရွယ်ဖြစ်သောကြောင့် အပေါင်းအသင်းမက်ပြီး ကစားမက်ခြင်းမှလွဲ၍ အခြားဘာမှမသိချေ။
ချင်အိမ်တော်မှ အဖိုးတန်သားလေးဖြစ်သည့် ချင်ဇီချန်ကလည်း ဆွေ့ဆွေ့အနားတွယ်ကပ်နေသည်။ ထိုအိမ်သို့သွားလျှင် ဥက္ကဋ္ဌကြီးက ဆွေ့ဆွေ့အား သေချာပေါက်အမြင်ကြည်လိမ့်မည်မဟုတ်ပေ။
တစ်ဖက်မှလူများက ချင်ဇီချန်နှင့်ဖုန်းပြောချင်သော်ငြားလည်း သူကိုယ်တိုင်ကအင်တင်တင်လုပ်နေသည်။ အိမ်တော်၏တင်းကြပ်လွန်းသော စည်းမျဥ်းစည်းကမ်းများ
ကြောင့် ကောင်လေးကထွက်ပေါက်ရှာချင်နေပုံရသည်။
ထိုစဥ်ဥက္ကဋ္ဌရုံးခန်းမှဖုန်းနံပါတ်က ဝင်လာပြန်သည်။ တစ်ဖက်လူက ချင်ဇီချန်းနှင့်စကားပြောလိုသည်ဟုပြောလာသည်။
စိတ်ဆိုးနေပုံရသောသူဌေးကိုကိုနှင့်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသောမမရှမ်ယွမ်တို့ကိုဆွေ့ဆွေ့လှမ်းကြည့်ပြီးပြောလိုက်သည်။ "မမရှမ်ယွမ်...
အဲဒီဖုန်းကိုသမီးဖြေလိုက်မယ်...ကိုကိုက...ဖုန်းပြောချင်ပုံမရဘူး"။
"သမီးက...ဖုန်းပြောမှာလား"။
ဆွေ့ဆွေ့ကိုဥက္ကဋ္ဌ၏အတွင်းရေးမှူးဖြစ်သူနှင့်ဖုန်းပြောခိုင်းရန် ရှမ်ယွမ်တစ်ခါမှမတွေးမိပေ။
လေးနှစ်အရွယ်သာသာကလေးလေးက ဘယ်ကနေများ သတ္တိတွေရလာပါလိမ့်။ သူ(မ)ဝန်လေးနေသော်လည်း စိတ်အားထက်သန်နေပုံရသောကလေးကြောင့် မတတ်သာပဲအင်တင်တင်နှင့်ဖုန်းကိုကလေးငယ်၏လက်ထဲထည့်ပေးလိုက်ရသည်။
"ဆွေ့ဆွေ့...သမီးဘာပြောရမှန်းမသိရင်...ချင်ဇီချန်းကအခုစိတ်အခြေအနေမကောင်းလို့...ဖုန်းပြောဖို့အဆင်မပြေသေးဘူးလို့ပဲပြောလိုက်နော်"။
ဆွေ့ဆွေ့ကနားလည်သလိုခေါင်းညိမ့်ပြလာသည်။ ဖုန်းပြန်ဖြေတာလေးကသူ(မ)အတွက်ဘယ်လောက်ခက်ခဲမှာမလို့လဲ။ အိမ်မှာလည်း မေမေ့ကိုသူ(မ)ဖုန်းကူဖြေပေးနေကျပင်။ ထို့ကြောင့် ဆွေ့ဆွေ့ဘာကိုမှထွေထွေထူးထူးတွေးမနေချေ။ မမရှမ်ယွမ်ကရော ဘာလို့အဲ့လောက်စိတ်လှုပ်ရှားနေရတာပါလိမ့်။
"ဟဲလို...ဦးလေး...သမီးကချင်ဇီချန်းရဲ့သူငယ်ချင်းပါ...ကုဆွေ့ဆွေ့လို့ခေါ်ပါတယ်"။ ကုဆွေ့ဆွေ့က သူ(မ)ကိုယ်သူ(မ)ဦးစွာမိတ်ဆက်လိုက်သည်။
ဥက္ကဋ္ဌ၏အတွင်းရေးမှူးကဖုန်းပြန်ဖြေလာလိမ့်မည်ဟုရှမ်ယွမ်ထင်ထားသော်လည်း တစ်ကယ်တမ်းဖုန်းပြန်ဖြေလာသူမှာဥက္ကဋ္ဌချင်ကိုယ်တိုင်ဖြစ်နေသည်။
"ဟဲလို...ဦးကချင်ဇီချန်းရဲ့အဖေပါ...မင်းကငါ့သားကိုအိမ်ကနေခိုးထွက်အောင်တမင်ကြံစည်တဲ့တစ်ယောက် မလား"။
တစ်ဖက်လူ၏စကားကြောင့် ကုဆွေ့ဆွေ့အနည်းငယ်တွေဝေတုံ့ဆိုင်းသွားသည်။ "ဟုတ်...ရိုက်ကွင်းကိုလာလည်တဲ့ကိစ္စနဲ့ပတ်သတ်ပြီးပြောနေတာဆိုရင်တော့..သမီးကိုဦးတိုက်ရိုက်ပြောလို့ရပါတယ်"။
"မင်းကဘာလို့ဖုန်းကိုင်တာလဲ...ချင်ဇီချန်းရောဘယ်မှာလဲ"။
"သူအခုစိတ်အခြေအနေမကောင်းလို့...ဖုန်းပြောဖို့အဆင်မပြေသေးပါဘူး...သမီးကသူ့သူငယ်ချင်းမလို့...သူ့ကိုပြောစရာရှိရင်...သမီးကိုပဲပြောလိုက်ပါ...သူ့ဆီပြန်ပြောပေးပါ့မယ်"။
"အေး...ချင်ဇီချန်းကိုပြောလိုက်...တစ်နေရာရာသွားချင်တယ်ဆိုရင်လည်းဒီအဖေကိုပြောပြီးမှသွားလို့...သက်တော်စောင့်တွေထည့်ပေးပြီးကောင်းကောင်းလိုက်ပို့မှာပေါ့...အခုဟာကသူ့တစ်ယောက်တည်းအိမ်ကနေခိုးထွက်ပြီး...တက္ကစီဌားသွားတယ်လေ...အဲ့တာက...ကလေးတစ်ယောက်အတွက်ဘယ်လောက်တောင်အန္တရာယ်များလိုက်လဲ"။
"ဦးဦးက....သူ့ကိုထပ်ပြီးအိမ်ပြင်ပေးမထွက်တော့မှာစိုးလို့...ကိုကိုကဦးဦးမသိအောင်ခိုးထွက်တာပါ...ပြီးတော့သက်တော်စောင့်တွေကသူ့ကိုအမြဲတမ်းစောင့်ကြည့်နေတာ...မွန်းကျပ်သလိုခံစားရတယ်တဲ့...ဒါကြောင့်ကိုကိုကဆွေ့ဆွ့ဆီကိုတစ်ယောက်တည်းလာခဲ့တာပါ...ဦးဦးစိတ်မဆိုးပါနဲ့နော်"။
"သူကမင်းကိုအဲ့လိုမျိုးပြောပြထားတာလား...
ထားပါတော့...အခုသူအိမ်ပြန်လာချင်ရဲ့လား"။ တစ်ဖက်က ဆွေ့ဆွေ့အားပြန်မေးခွန်းထုတ်လာသည်။
"ကိုကိုကမပြန်ချင်သေးဘူးနဲ့တူတယ်...သူ့ကိုခဏလောက်အချိန်ပေးလိုက်ပါဦးဦး"။ တစ်ဖက်မှ သက်ပြင်းချသံနှင့်အတူအတန်ငယ်တိတ်ဆိတ်သွားသည်။ စာရွက်ပေါ်တွင်ဘောပင်နှင့်လျှောက်ခြစ်နေသည့်အသံမှလွဲ၍ အသက်ရှူသံမျှင်းမျှင်းကိုသာဆွေ့ဆွေ့ကြားရသည်။
"အင်း...သူမပြန်လာချင်သေးဘူးဆိုရင်လည်း...နေပါစေ...ဒါပေမဲ့အကြာကြီးတော့မရဘူးလို့ပြောလိုက်...အိမ်မှာသူ့အဖေစောင့်နေတယ်လို့"။
"ဟုတ်...အဲ့လိုပြောလိုက်ပါ့မယ်...ဦးဦးမှာစရာရှိသေးလား...မရှိရင်သမီးဖုန်းချလိုက်တော့မယ်နော်"။ ဆွေ့ဆွေ့စကားပင်မဆုံးလိုက်။ တစ်ဖက်လူက အရင်ဆုံးဖုန်းချသွားသည်။
ဆွေ့ဆွေ့ဖုန်းချလိုက်သည်နှင့်ရှမ်ယွမ်နှင့်ချင်ဇီ
ချန်းတို့နှစ်ယောက်လုံးတစ်ပြိုင်နက်မေးခွန်းများမေးကြတော့သည်။
"ဆွေ့ဆွေ့...ဖုန်းဖြေနေတာဘယ်သူလဲ"။
"ဆွေ့ဆွေ့...အခြေအနေဘယ်လိုလဲ...အဆင်ပြေရဲ့လား"။
"ဖြေးဖြေးမေးပါ...ဆွေ့ဆွေ့နဲ့ဖုန်းပြောနေတာက
သူဌေးကိုကိုရဲ့အဖေလေ...ဦးလေးကပြောတယ်
ကိုကို့ကိုအတင်းလာမခေါ်တော့ပါဘူးတဲ့...ဆွေ့ဆွေ့နဲ့အတူခဏလောက်နေလို့ရတယ်တဲ့...ဒါပေမဲ့အကြာကြီးတော့မရဘူး...အိမ်မှာသူစောင့်နေမှာမလို့ပြန်လာခဲ့ပါတဲ့"။
ထိုအခုမှ ရှမ်ယွမ်နှင့်ချင်ဇီချန်းတို့နှစ်ယောက်လုံး စိတ်အေးသွားတော့သည်။
......
တစ်ဖက်ရုံးခန်းတွင်...
"အတွင်းရေးမှူးလီ...ငါ့အစည်းအဝေးတွေအကုန်လုံးကိုနောက်ရက်ရွှေ့လိုက်...ဒီနေ့အိမ်စောစောပြန်မယ်...ပြီးတော့ဇီယုကိုလည်းဖုန်းဆက်ထားလိုက်...ညစာအတူစားရအောင်လို့"။
သူ့သားနှစ်ယောက်အနက် သားကြီးဖြစ်သူချင်ဇီယုကအေးတိအေးစက်နိုင်လွန်းသည်။ သားငယ်ဖြစ်သူချင်ဇီချန်းကမူ မျောက်ရှုံးအောင်ပြဿနာရှာသည်။ သောင်းကျန်းလွန်းကာကိုင်တွယ်ရခက်သည်။
သားကြီးက ယခင်ကထိုသို့မဟုတ်ခဲ့ပေ။ တက်ကြွကာသွက်လက်ဖျတ်လတ်သောကလေးငယ်တစ်ယောက်ဖြစ်ခဲ့သည်။ သို့သော်တစ်နေ့တွင်ပြန်ပေးဆွဲခံရပြီး အမှောင်ခန်းထဲတွင်သုံးရပ်လုံးလုံးချုပ်နှောင်ခံရဖူးသည်။ ထိုနောက်ပိုင်းသားကြီး၏အကျင့်စရိုက်အားလုံးပြောင်းလဲသွားခဲ့သည်။
ထိုအချိန်မှစ၍ချင်ဥက္ကဋ္ဌကြီးမှာသူ့သားနှစ်ယောက်လုံးကိုသက်တော်စောင့်အများအပြားခြံရံလျက်လိုက်ပါစောင့်ရှောက်စေသည်။ သို့သည်တိုင် အငယ်ဆုံးသခင်လေးချင်ဇီချန်းကမရရအောင်ခိုးထွက်တတ်သည်။ သူကိုယ်တိုင်လည်း သူ့သားနှစ်ယောက်၏အနာဂတ်အတွက်ရတက်မအေးဖြစ်မိသည်။