အပိုင်း ၁၃၂
Viewers 15k

Chapter 132

အငယ်ဆုံးသားလေးဖြစ်သည့် ချင်ဇီချန်းက ဆွေ့ဆွေ့အားအလွန်ခင်တွယ်နေသည်ကို တွေ့ရသောအခါ ချင်ဥက္ကဋ္ဌကြီးလည်း စိတ်လျှော့လိုက်သည်။

သို့သော် အပြင်ထွက်သည့်အခါတိုင်း ချင်ဇီချန်၏ဘေးတွင် အနည်းဆုံးသက်တော်စောင့်
တစ်ဦးထားရှိရန် သဘောတူညီမှုပြုလိုက်ကြသည်။

ကံကောင်းထောက်မစွာဖြင့် ထိုသက်တော်စောင့်ကလည်း ချင်ဇီချန်နှင့်အတူရိုက်ကွင်းသို့လာ
သည့်အခါတိုင်း အပြင်တွင်သာရပ်စောင့်နေတတ်သည်။ ချင်ဇီချန်၏ကိုယ်ရေးကိုယ်တာကို ဝင်ရောက်စွက်ဖက်ခြင်းမပြုချေ။

ခါတိုင်းယခုလိုအချိန်မျိုးတွင် ချင်ဇီချန်းတစ်ယောက် အိမ်တော်ကြီးထဲတွင်ပျင်းရိခြောက်ကပ် အထီးကျန်ဆန်စွာဖြင့် တစ်ကိုယ်တည်းနေနေရမည်ဖြစ်သည်။ မိသားစုအားလုံးက ကိုယ်စီကိုယ်စီအလုပ်ရှုပ်နေကြသဖြင့် သူနှင့်အတူဆော့ကစားပေးမည့်သူတစ်ယောက်မှမရှိ။ ယခုမူ ဆွေ့ဆွေ့နှင့်အချိန်တိုင်းလိုလိုဆော့ကစားရသောကြောင့် ချင်ဇီချန်းမှာ နေ့တိုင်းမပျင်းရတော့ပေ။

ကုဆွေ့ဆွေ့က ချင်ဇီချန်းကိုချင်အိမ်တော်တွင်တစ်ပတ်သုံးရက်ခန့်သွားတွေ့ပြီးအတူဆော့ကစားဖြစ်သည်။ တစ်ဖက်ရိုက်ကွင်းတွင်လည်း ကြိုးကြိုးစားစားသရုပ်ဆောင်သောကြောင့် တစ်စုံတစ်ယောက်ကိုချီးကျူးခဲလှသော ဒါရိုက်တာလုကျင်ဟွီပင်လျှင် ဆွေ့ဆွေ့ကိုအကြိမ်ပေါင်းများစွာချီးကျူးရသည်။

ရှမ်ယွမ်တစ်ယောက်မှာလည်း ချင်ဥက္ကဋ္ဌကြီးနှင့်ဆွေ့ဆွေ့တို့နှစ်ကိုယ်ကြားပြောခဲ့သောစကားများကိုပြန်စဉ်းစားရင်းတစ်ညလုံးအိပ်မပျော်တော့ပေ။ နောက်ဆုံးတွင်ကိုယ်စားလှယ်လုယွင်ကျီကို
ဖြစ်ကြောင်းကုန်စင်ပြောပြပြီးအကူအညီတောင်းရတော့သည်။

 သို့သော် လုယွီကျင်က ကလေးများ၏ကိစ္စကိုသူတို့လူကြီးများဝင်မပါပဲ ကလေးများအချင်းချင်းသာဖြေရှင်းစေရန် ပြောလာသည်။ ဥက္ကဋ္ဌချင်ဘက်မှလည်းဘာမှထပ်မပြောလာသောကြောင့် ဆွေ့ဆွေ့နှင့်သူ့သားကိုသူငယ်ချင်းအဖြစ်မှပိတ်ပင်တားဆီးမည့်လုပ်ရပ်မျိုးလည်း လုပ်မည်မဟုတ်ပေ။

စက်တင်ဘာလအဆုံးတွင် navf အမှတ်တံဆိပ်က ဝေပေါ့်မှတစ်ဆင့် ၎င်းတို့အမှတ်တံဆိပ်၏တရားဝင်ပြောရေးဆိုခွင့်ရှိသူကိုကြော်ငြာပေးသည်။ ထိုသူမှာအခြားမဟုတ်။ လတ်တလောတွင်အများပြည်သူပရိသတ်များအကြား ရေပန်းအစားဆုံးဖြစ်နေသောကလေးသရုပ်တောင်ကုဆွေ့ဆွေ့ပင်ဖြစ်သည်။ 

တစ်ချိန်တည်းတွင်ပြင်သစ်ဒါရိုက်တာချားလ်စ်ဂျော့ချ်နှင့်ကုဆွေ့ဆွေ့တို့ဖန်တီးရိုက်ကူးထားသော navf အမှတ်တံဆိပ်၏ကြော်ငြာထွက်လာပြီး တစ်နိုင်ငံလုံးရှိ navf ဆိုင်များတွင်အဓိကကြော်ငြာပိုစတာများအဖြစ် ထုတ်ပြန်ကြော်ငြာသည်။ ကုဆွေ့ဆွေ့နှင့် navf အမှတ်တံဆိပ်တို့၏ပူးပေါင်းလုပ်ဆောင်မှုမှာ ရေပန်းအစားဆုံးရှာဖွေမှုစာရင်း၏ထိပ်ဆုံးသို့ချက်ချင်းရောက်သွားခဲ့သည်။ 

"တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီး၏ရုံဝင်ငွေက ဆက်တိုက်ဆိုသလိုမြှင့်တက်နေသောကြောင့် ရုံတင်ပြသချိန်ကိုနောက်လဝက်ခန့်ဆက်တိုးလိုက်သည်။ ကုဆွေ့ဆွေ့၏အောင်မြင်ကျော်ကြားမှုမှာ အရှိန်အဟုန်နှင့်ကြောက်ခမန်းလိလိ ဖြစ်လာသည်။

ထို့အပြင် "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးမှာလည်း ယခုအချိန်အထိအောင်မြင်မှုအရှိန်ကျမသွားသေးပေ။ သစ်သီးရုပ်သံလှိုင်း၏အြိုင်ဘက်ဖြစ်သောကြယ်ပြာရောင်ရုပ်သံလှိုင်းမှာ "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးကဲ့သို့ ပုံစံတူ ရသစုံရှိုးတစ်ခုကိုထပ်ရိုက်ကူးထုတ်လွှင့်သည်။ သို့သော်ကုဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်တို့ကဲ့သို့ အတွဲအဖက်ညီသည့် သားအဖပုံစံမျိုးထပ်မရနိုင်သောကြောင့် သူတို့၏ရသစုံရှိုးက ထင်ထားသလောက် ကြည့်ရှုသူပရိသတ်များကိုမဆွဲဆောင်နိုင်ချေ။

.....

အောက်တိုဘာနှစ်ရက်နေ့ကဆွေ့ဆွေ့၏မွေးနေ့ဖြစ်သည်။ ထို့ကြောင့် သူ(မ)၏ဖန်ကလပ်များအားလုံးက မွေးနေ့ပွဲအတွက်ကြိုတင်စီစဉ်နေကြသည်။

ပရိသတ်အတော်များများက သူတို့အိုင်ဒေါ၏မွေးနေ့ပွဲကိုအကောင်းဆုံးဖြစ်စေချင်ကြသည်။ လက်ဆောင်များကိုလည်း အကောင်းဆုံးဟူသောအရာများကိုသာ ရွေးချယ်ပြင်ဆင်လာကြသည်။

ဖန်ကလပ်၏ခေါင်းဆောင်ဖြစ်သောစန်းဟုန်နှင့်လွီလီကမွေးနေ့ပွဲတစ်ခုလုံးကိုဦးဆောင်စီစဥ်သည်။ 

သူ(မ)တို့၏အိုင်ဒေါပေါက်စလေးဆွေ့ဆွေ့က ယခင်ကဲ့သို့လူသိပ်မသိသည့်ရိုးရိုးသာမာန်ကလေးသရုပ်ဆောင်တစ်ယောက်မဟုတ်တော့ချေ။

အကယ်ဒမီဆုရအငယ်ဆုံးကလေးသရုပ်ဆောင်တစ်ဦးဖြစ်သည့်အပြင် အများပြည်သူအကြားအတော်လေးရေပန်းစားနေသောကြောင့် ဆွေ့ဆွေ့၏ပရိသတ်များမှာတစ်နေ့တစ်ခြားတိုးလာသည်။

သို့ရာတွင် သူတို့ဖန်ကလပ်တွင်မူအသင်းဝင်သူအနည်းငယ်သာရှိသေးသည်။ ယခင်လူဟောင်းမျသာဖြစ်ကြပြီး လူသစ်ဟူ၍ချင်းယုဝန်တစ်ဦးတည်းသာရှိသည်။

ချင်းယုဝန်ကအတော်လေးအားကိုးရသည်။ သူ(မ)တို့ဖန်ကလပ်ခေါင်းဆောင်များမနိုင်သည့်ကိစ္စများကိုဝိုင်းဝန်းကူညီပေးသည်။ ရန်ပုံငွေကောက်သည့်ကဏ္ဍတွင်လည်း အထောက်အကူဖြစ်သည်။ ချမ်းသာသည့်အသိုင်းအဝိုင်းမှဆင်းသက်လာပုံရသောချင်းယုဝန်ကြောင့် ငွေရေးကြေးရေးကိစ္စကိုစိတ်ပူစရာမလိုပေ။