အပိုင်း ၁၃၅
Viewers 15k

Chapter 135

စိတ်ရှုပ်ထွေးနေသော ဖုန်းယောက်ချင်းတစ်ယောက် အတင်းဖျစ်ညှစ်ပြုံးရင်းပြောလိုက်သည်။ "ဆွေ့ဆွေ့...မေမေတို့အရင်ဆုံး လက်ဆောင်တွေကိုသွားဖွင့်ကြည့်ကြစို့....ဘာလက်ဆောင်တွေလဲဆိုတာမသိချင်ဘူးလား"။

စကားလမ်းကြောင်းလွှဲချင်နေသည့်သူ(မ)၏ရည်ရွယ်ချက်က အလွန်သိသာလွန်းသည်။ ကုဆွေ့ဆွေ့၏ မျက်ခုံးတို့အနည်းငယ်
တွန့်ချိုးသွားသည်။ မေမေက ထိုအကြောင်းနှင့်ပတ်သတ်ပြီး ဆက်ပြောချင်ပုံမရပေ။

ဘာကြောင့်များလဲ။

သူ(မ)နှင့်ကင်မရာမန်းကိုကိုတို့ကို တောအုပ်ထဲမှကယ်ထုတ်ပေးခဲ့သော ရုပ်ချောချောနှင့်ဦးလေးက ဆွေ့ဆွေ့၏အဖေဆိုလျှင် ဘာကြောင့်များ ဆွေ့ဆွေ့မွေးနေ့သို့ရောက်မလာရ သနည်း။ ဆွေ့ဆွေ့ကိုမချစ်တာကြောင့်လား။

ဆွေ့ဆွေ့၏စိတ်ထဲတွင်မေးခွန်းပေါင်းများစွာဖြင့်ပြည့်နေသော်လည်း ဘေးပတ်ပတ်လည်တွင်အပုံလိုက်ရှိနေသောလက်ဆောင်များကြောင့် အတွေးစပြတ်သွားပြီး အာရုံလွှဲသွားတော့သည်။

ကိုကိုလုချီက ကာတွန်းဗီဒီယိုခွေချပ်များလက်ဆောင်ပေးသည်။ မမဖူရင်းယွီက ဂီတသေတ္တာလေးပေးပြီးဦးဦးလုယွင်ကျီက လက်ကောက်လေးလက်ကောက်လေးလက်ဆောင်ပေးသည်။ ကိုကိုချင်းဇီချန်းကလည်း ဝက်ဝံရုပ်ကြကိုလက်ဆောင်အဖြစ်ပေးသည်။

ထို့အပြင် သူ(မ)၏ပရိသတ်များက အရုပ် ၊ ပန်းစည်း ၊ ချောကလက်စသည်ဖြင့်အမျိုးအစားစုံလင်စွာလက်ဆောင်ပေးကြသည်။ ဆွေ့ဆွေ့မှာ လက်ဆောင်အပုံကြီးကိုကြည့်ရင်း အကျေနပ်ကြီးကျေနပ်နေမိသည်။

ဆွေ့ဆွေ့၏ဖန်ကလပ်မှဦးဆောင်ကျင်းပသောမွေးနေ့ပွဲလေးက အောင်အောင်မြင်မြင်ပြီးဆုံးသွားသည်။ နေ့လည်ဆယ့်နှစ်နာရီတိတိတွင် 
တိုင်းမ်စကွဲ၏ဆိုင်းဘုတ်ကြီးမှာ ဆွေ့ဆွေ့ကိုမွေးနေ့ဆုတောင်းပေးထားသည်။ အင်ပါယာမြို့တော်ရှိရထားဘူတာရုံကြီးများတွင်လည်း
ဆွေ့ဆွေ့၏ပိုစတာများဖြင့်အစားထိုးထားသည်။

တစ်ချိန်တည်းတွင် ကုဆွေ့ဆွေ့က ချင်ဖျော်ဖြေရေးအေဂျင်စီနှင့်စာချုပ်ချုပ်လိုက်သည်ဟူသောသတင်းများက ဆိုရှယ်မီဒီယာများပေါ်တွင်ပလူပျံနေအောင်တက်လာသည်။ 

ထို့အပြင်ဆွေ့ဆွေ့၏ကိုယ်စားလှယ်အဖြစ်တာဝန်ယူထားသူလုယွင်ကျီကိုလည်း ပရိသတ်များကစိတ်ဝင်စားလာကြသည်။ ကိုယ်စားလှယ်မကောင်းမှုကြောင့် အနုပညာရှင်များ၏ဘဝပျက်ရသည်ကခပ်များများပင်။ 

ထို့ကြောင့် ဆွေ့ဆွေ့၏ပရိသတ်များမှာကိုယ်စားလှယ်လုယွင်ကျီနှင့်ပတ်သတ်ပြီး စိုးရိမ်တကြီးစုံစမ်းကြတော့သည်။

သို့သော်လုယွင်ကျီကချင်ဖျော်ဖြေရေးအေဂျင်စီ၏ဝှက်ဖဲတစ်ခုဖြစ်သည့်အပြင် သူပျိုးထောင်သမျှအနုပညာရှင်တိုင်းက အနုပညာလောကတွင်သျှမ်းသျှမ်းတောက်အောင်မြင်ငွားသူချည်းဖြစ်သည်။ ထိုအခါမှ ပရိသတ်များလည်းစိတ်အေးသွားရသည်။

တစ်ဆက်တည်းလုယွင်ကျီကခဲ့ကျင်းယန်၏ကိုယ်စားလှယ်လည်းဖြစ်သည်ဟုသိလိုက်ရသောအခါ ပြည်သူလူထု၏စိတ်ဝင်စားမှုကတစ်ဟုန်ထိုးမြင့်တက်သွားပြီး ဝေပေါ့်၏ရေပန်းအစားဆုံးရှာဖွေမှုစာရင်းတွင် ထိပ်ဆုံးသို့ရောက်ရှိသွားခဲ့သည်။

.....

ဆွေ့ဆွေ့၏မွေးနေ့နှင့်ပတ်သတ်ပြီးအင်တာနက်ပေါ်တွင်အုန်အော်သောင်းနင်းဖြစ်နေချိန် ဖူရင်းယွီက ယခုလေးတင် လေယာဥ်ပေါ်မှဆင်းလာသည်။

ကိုယ်စားဘှယ်ဟောင်ဖုန်းက လက်ပတ်နာရီကိုတစ်ချက်လှမ်းကြည့်ရင်းပြောသည်။ "ရင်းယွီ...ဆွေ့ဆွေ့အတွက်မွေးနေ့လက်ဆောင်ကို
ဆယ့်နှစ်နာရီမတိုင်ခင်...အရောက်သွားပို့ရမယ်နဲ့တူတယ်"။

"ထားလိုက်...နောက်မှပဲပို့လိုက်တော့...နင်လည်းပင်ပန်းနေပြီမလား...အနားယူတော့လေ"။ 

လေးတွဲစွာပြောလာသောဖူရင်းယွီကို ဟောင်ဖုန်းစိုးရိမ်မိသွားသည်။ အိမ်မှပြန်လာတည်းက ရင်းယွီမျက်နှာပျက်ယွင်းနေသည်ကို သူသတိထားမိသည်။ "ရင်းယွီ...အိမ်မှာတစ်ခုခုဖြစ်ခဲ့လို့လား
မျိုသိပ်မထားနဲ့...ငါ့ကိုရင်လာဖွင့်လို့ရတယ်နော်"။ 

"ငါဘာမှမဖြစ်ပါဘူး...နင်အတွေးလွန်နေတာပါ..
ဒီတစ်လောအလုပ်တစ်အားများနေလို့...နည်းနည်းပင်ပန်းနေရုံလေးပါ"။ 

ဖူရင်းယွီတစ်ယောက် အမှန်ပင်ကိစ္စတစ်ခုခုကြောင့်စိတ်သောကရောက်နေရသော်လည်း ဟောင်ဖုန်းကိုရင်ဖွင့်ပြောပြရန် မည်သည့်အခါမှမတွေးထားခဲ့ပေ။ ဟောင်ဖုန်းကိုမယုံလို့တော့မဟုတ်။ သို့သော်အလုပ်နှင့်ကိုယ်ရေးကိုယ်တာကို မရောထွေးစေလိုသောကြောင့်သာဖြစ်သည်။

ယမန်နေ့ကအိမ်ပြန်သွားသောအခါ သူ(မ)၏ဦးလေးနှင့်ဒေါ်လေးက သူ(မ)အထင်လွဲမှားနေသောအဖြစ်မှန်တစ်ခုကိုပြောပြလာသည်။

သူ(မ)အလယ်တန်းကျောင်းသူအရွယ်တွင် မိဘနှစ်ပါးကွာရှင်းခဲ့သည်။ သူ(မ)၏အဖေက အမေ့အပေါ်ဖောက်ပြန်နေသောကြောင့် ထိုသို့ကွာရှင်းခဲ့ခြင်းဟု သူ(မ)မှတ်ယူခဲ့သည်။ နှစ်အနည်းအကြာတွင် မိခင်ဖြစ်သူကအိပ်ရာထဲဘုံးဘုံးလဲကာ သေဆုံးသွားခဲ့သည်။ မိခင်ဖြစ်သူ၏သေဆုံးမှုကလည်း ဖခင်ဖြစ်သူကြောင့်ဟုသာအပြစ်တင်ခဲ့သည်။

သို့သော်သူ(မ)သိလိုက်ရသည့်အမှန်တရားက ဖခင်ဖြစ်သူကမိခင်ဖြစ်သူအပေါ်ဘယ်တော့မှမဖောက်ပြန်ခဲ့ဘူးတဲ့လေ။ အရေးကြီးလွန်းသည့်အလုပ်တာဝန်တစ်ခုကြောင့် ထိုသို့ကွာရှင်းပြီးအိမ်မှထွက်သွားခဲ့ခြင်းဖြစ်သတဲ့။ 

ဘယ်လိုအလုပ်များဖြစ်နေလို့ ဇနီးသည်နှင့်သမီးကိုစွန့်ပစ်သည်အထိ ထိုလူ့အတွက်အရေးပါနေသနည်း။ သူ(မ)နားမလည်နိုင်ပေ။ ရှစ်နှစ်လုံးလုံး အိမ်မပြန်လာခဲ့သောဖခင်ဖြစ်သူက သူ(မ)တို့သားအမိကိုသတိရသေးရဲ့လား။ သူ(မ)အလိုအပ်ဆုံးအချိန်တွင် အနားမှာမရှိပေးခဲ့သော ထိုလူကို သူ(မ)မုန်းပါသည်။ 

ဖခင်ဖြစ်သူကို သူ(မ)ခွင့်လွှတ်နိုင်မည်မထင်။ ဘယ်တော့မှခွင့်လွှတ်လိမ့်မည်လည်းမဟုတ်။