အပိုင်း ၁၃၆
Viewers 15k

Chapter 136

ကုဆွေ့ဆွေ့၏လေးနှစ်ပြည့်မွေးနေ့က အလွန်ပျော်ရွှင်ဖွယ်ကောင်းလှသည်။

စားကောင်းသောက်ဖွယ်များစိတ်ကြိုက်စားရသည်။ မွေးနေ့လက်ဆောင်များဖွင့်ဖောက်ရသည်။ စျေးဝယ်စင်တာလည်းသွားရသည်။ ယနေ့တွင်လည်း မမရင်းယွီထံမှ မွေးနေ့လက်ဆောင်ရလာသေးသည်။

ကုဆွေ့ဆွေ့က အလှအပကြိုက်သောကလေးဖြစ်သည်။ အရာဝတ္ထုပစ္စည်းလှလှလေးများမှစ၍ ကိုကိုမမချောချောလှလှလေးများကိုလည်း အလွန်သဘောကျသည်။

အထူးသဖြင့် မမရင်းယွီကိုယ်တိုင်ပို့ပေးသော လက်ဆောင်ဖြစ်သောကြောင့် အထူးပင်သဘောကျနှစ်ခြိုက်မိသည်။

ဒါရိုက်တာလုကျင်းဟွီကလည်း ဆွေ့ဆွေ့ကိုနေ့တစ်ဝက်ပေးနားသည်။ မနားခင်တွင် "လမ်းကြားလေး" ဇာတ်လမ်းတွဲကိုအပြေးအလွှား ရိုက်ကူးရသေးသည်။

အောက်တိုဘာလလယ်ခန့်တွင်ဆွေ့ဆွေ့၏ရိုက်ကူးရေးပြီးဆုံးသွားသည်။ 

ရှုယွမ်အာနှင့်ကျောက်ဟွီက ဆွေ့ဆွေ့ထက်တစ်ပတ်နောက်ကျမှပြီးသောကြောင့် သူ(မ)က ရိုက်ကူးရေးအဖွဲ့မှ တစ်ယောက်တည်းအရင်ဆုံးထွက်သွားရသည်။ သို့သော် အချင်းချင်းဖုန်းနံပါတ်အလဲအလှယ်လုပ်ထားကြသောကြောင့် ဤအတောအတွင်းအဆက်အသွယ်မပြတ်ခဲ့ပေ။

နိုဝင်ဘာလအစောပိုင်းတွင် ကုဆွေ့ဆွေ့ပါဝင်ရိုက်ကူးထားသော "တစ်ရက်တာမတော်တဆတွေ့ဆုံခြင်း" ဟူသည့်အပိုင်းတိုဇာတ်လမ်းတွဲလေးထွက်လာသည်။ 

လုယွင်ကျီအနေနှင့် သူ့အနုပညာရှင်များကို ထိုသို့သောအရည်အသွေးနိမ့်ဇာတ်လမ်းတွဲမျိုးတွင်ပါဝင်ရိုက်ကူးခိုင်းလေ့မရှိသော်လည်း ဇာတ်ညွှန်းကကောင်းလွန်းပြီး ထိုဇာတ်လမ်းတွဲတွင်သုံးထားသောတက်သစ်စသရုပ်ဆောင်များကအလွန်အရည်အချင်းရှိကြသလို ဒါရိုက်တာကောဖန်လင်း၏ဦးဆောင်နိုင်စွမ်းကလည်း မခေလှသောကြောင့်သာ ဆွေ့ဆွေ့ကိုခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။

သို့သော် ဤသို့သောဇာတ်လမ်းတွဲမျိုးက အာရုံစိုက်ခံရလေ့မရှိသောကြောင့် လုယွင်ကျီလည်း သူ့အရှိန်အဝါနှင့်အချိတ်အဆက်ကိုသုံးပြီး ဇာတ်လမ်းတွဲကိုပရိသတ်များအာရုံစိုက်လာအောင်တစ်ဖက်တစ်လမ်းမှကူညီပေးရသည်။

ထို့အပြင် ဆွေ့ဆွေ့ကိုယ်စားထိုဇာတ်လမ်းတွဲရိုက်ကူးရေးတွက် လုယွင်ကျီတစ်ယောက် ရှယ်ယာလေးဆယ်ရာခိုင်နှုန်းခန့်ရင်းနှီးမြှပ်နှံထားသည်။ သို့သော် ရိုက်ကူးရေးတစ်ဖွဲ့လုံးက အင်ပါယာအကယ်ဒမီအနုပညာကျောင်းမှ စီနီယာကျောင်းသားလေးများဖြစ်ကြသည်။ ဒါရိုက်တာမှအစဇာတ်ညွှန်းရေးဆရာများသရုပ်ဆောင်များအထိတစ်ယောက်မှနာမည်မရှိကြပေ။ ထို့ကြောင့် သူအနည်းငယ်စိုးရိမ်နေမိသည်။

.....

ဖခင်ဖြစ်သူနှင့်စကားပြောတိုင်ပင်ပြီးတည်းက
စုယွီချင်းတစ်ယောက် အတော်လေးစိတ်သက်သာရာရသွားသည်။ သူ(မ)၏အနာဂတ်အတွက် ပိုပြီးတည်တည်ငြိမ်ငြိမ်နှင့်ဆုံးဖြတ်ချက်ချနိုင်လာသည်။

သူ(မ)သတိထားမိသလောက် ကုဆွေ့ဆွေ့က အတိတ်ဘဝတုန်းကထက် သရုပ်ဆောင်ပိုကောင်းလာသည်။ အတိတ်ဘဝတွင်သူ(မ)ကကုဆွေ့ဆွေ့ထက်သာကြောင်း ဖခင်ဖြစ်သူကိုသက်သေပြလိုသောကြောင့်သာ သရုပ်ဆောင်ဘက်သို့ခြေဦးလှည့်ခဲ့သော်လည်း စိတ်အားထက်သန်မှုမရှိခဲ့ပေ။ 

ပြန်လည်မွေးဖွားလာပြီးနောက်လည်း သူ(မ)ကိုထိခိုက်နာကျင်အောင်လုပ်ခဲ့သူများကိုလက်စားချေလိုသည့်စိတ်ကြောင့် အခြားဘာမှမတွေးနိုင်ခဲ့ပေ။ ဤနောက်ပိုင်းမှ တဖြေးဖြေးအမြင်မှန်ရလာပြီး သူ(မ)ကိုယ်သူ(မ)ပို၍အာရုံစိုက်လာနိုင်ခဲ့သည်။ အတိတ်ဘဝတွင်ဆုံးရှုံးခဲ့ရသောအခွင့်အရေးများနှင့်စိတ်အားထက်သန်မှုများကို အတိုးချပြီးပြန်အရယူရန်ဆုံးဖြတ်လိုက်သည်။

ချင်ဖျော်ဖြေရေးဘက်မှကိုယ်စားလှယ်လုယွင်ကျီ၏ပရိုးမိုးရှင်းကောင်းမှုကြောင့် "တစ်ရက်တာမတော်တဆတွေ့ဆုံခြင်း" ဇာတ်လမ်းတွဲမှာပရိသတ်များ၏အာရုံစိုက်မှုကိုရရှိပြီး ထင်မှတ်မထားစွာ ကြည့်ရှုနှုန်းလည်းမြင့်တက်လာသည်။

ထို့ကြောင့် သူ(မ)ရင်းနှီးမြှုပ်နှံထားခဲ့သောရှယ်ယာယွမ်ငါးသောင်းမှယွမ်နှစ်သိန်းအထိ ဆတိုးတိုးပွားလာခဲ့သည်။ အတိတ်ဘဝတွင်မအောင်မြင်ခဲ့သော ရုပ်သံဇာတ်လမ်းတွဲကဤတစ်ခေါက်တွင်တော့ သူ(မ)မျှော်လင့်ထားသည်ထက် အောင်မြင်မှုရရှိနိုင်သည်။

......

"အစ်မယန်းရေ...ကျွန်မနာမည်ကို...ရွှေကြက်ဖရုပ်ရှင်ပွဲတော်ရဲ့အလုပ်သမားစာရင်းမှာထည့်ပေးပါနော်...ကျွန်မတကယ်သွားချင်လို့ပါ"။

ရုပ်ရှင်အစည်းအရုံး၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ အစ်မယန်းမှာချင်းယုဝန်၏တစ်ဂျီဂျီပူဆာမှုကြောင့် အလွန်စိတ်ရှုပ်လာသည်။ တရုတ်နိုင်ငံ၏အကြီးဆုံးနှင့်အရေးပါအရာရောက်ဆုံးရုပ်ရှင်ပွဲတော်တွင်တာဝန်ရှိသူနှင့်ဖိတ်ကြားခံရသောဧည့်သည်တော်များမှလွဲ၍ ပရိသတ်များ
နှင့်အပြင်လူဝင်၍မရပေ။ 

သို့သော်ချင်းယုဝန်က ချင်ဥက္ကဋ္ဌကြီး၏တူမဖြစ်သောကြောင့် သူ(မ)တောင်းဆိုသမျှကိုငြင်းလည်းမငြင်းရဲပေ။ မတတ်နိုင်သည့်အဆုံး မျက်စိမှိတ်ပြီးခွင့်ပြုပေးလိုက်ရသည်။

"ကဲ...ပြောလို့မရမှတော့...အလုပ်သမားစာရင်းထဲမှာနင့်နာမည်ကိုထိပ်ဆုံးကနေထည့်ပေးလိုက်မယ်...ဟုတ်ပြီလား"။

"အစ်မယန်းကဒီလိုအားကိုးရမယ်ဆိုတာသိသားပဲ"။ ချင်းယုဝန်ကမျက်ခုံးတစ်ဖက်ပင့်ပြရင်း အကန့်အသတ်နှင့်ထုတ်လုပ်ထားသော ဒီဇိုင်းနာချုပ်ပိုးသားလည်စည်းပဝါကို အစ်မယန်း၏စားပွဲရှေ့ချပေးလိုက်သည်။