Chapter 139
အချိန်စက်ဝန်းက တရွေ့ရွေ့ကုန်ဆုံးသွားသည်။
သတိမထားမိလိုက်သည့်အချိန်တွင် ရွှေကြက်ဖရုပ်ရှင်ဆုပေးပွဲကြီး၏အကြိုဖွင့်ပွဲနေ့သို့ ရောက်လာခဲ့သည်။
ဆုပေးပွဲကျင်းပမည့်နေရာက အင်ပါယာမြို့တော်ထဲတွင်မဟုတ်ပဲ ဝိုင်မြို့တော်တွင်ဖြစ်သည်။ ထို့ကြောင့် ဆွေ့ဆွေ့က ဝိုင်မြို့ရှိဟိုတယ်တွင် တစ်ရက်ကြို၍ တည်းခိုနေရသည်။
ဆွေ့ဆွေ့အနေနှင့် "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးရိုက်ကူးရေးကြောင့် ခရီးထွက်ရသည်မှလွဲ၍ အခြားကိုယ်ပိုင်အချိန်များတွင် ဤသို့ခရီးဝေးမထွက်ဖူးချေ။ ထို့ကြောင့် ယခုလို
ပွဲနေ့မတိုင်မီ ဝိုင်မြို့သို့တစ်ရက်ကြို၍သွားရခြင်းကို ဆွေ့ဆွေ့တစ်ယောက် အလွန်စိတ်လှုပ်ရှားပျော်ရွှင်နေမိသည်။
"ဆွေ့ဆွေ့...မေမေတို့ကလေယာဥ်မထွက်ခင်တစ်နာရီလောက်ကြိုရောက်နေရင်ရပြီ...အစောကြီးသွားစရာမလိုဘူးလေ"။
"မေမေကလည်း...လေယာဥ်ပေါ်မှာအစားအသောက်တွေထားထားတဲ့နားနေခန်းကြီးရှိတယ်...နောက်ကျမှရောက်သွားရင်
အရသာရှိတဲ့အစားအသောက်အကုန်လုံးကိုသူများကဦးသွားပြီး...ဆွေ့ဆွေ့မစားရတော့ပဲနေမှာပေါ့"။
ဖုန်းယောက်ချင်းမှာ သူ(မ)သမီး၏စကား
ကြောင့် ဆွံအသွားသည်။ မနက်အစောကြီးလေယာဥ်ကွင်းကိုသွားရန်တစ်ဂျီဂျီပူဆာနေသည်မှာ လက်စသတ်တော့အစားအသောက်များများစားချင်သည့်အကြောင်းရင်းကြောင့်ကိုး။
ဖုန်းယောက်ချင်းက ပထမတန်းစားလေယာဥ်ကိုတစ်ခါမှမစီးဖူးခဲ့သောကြောင့် ပထမတန်းစားတွင်စီးနင်းလိုက်ပါလာသောခရီးသည်များအတွက် အစားအသောက်များကိုရိုးရိုးအတန်းမှစီးနင်းလိုက်ပါလာသည့်ခရီးသည်များထက် ပို၍ခမ်းခမ်းနားနားပြင်ဆင်ပေးထားမည်မှန်းမသိခဲ့ချေ။
ဖုန်းယောက်ချင်းကဆွေ့ဆွေ့၏နူးညံ့ပျော့ပျောင်းသောဆံသားများကိုပွတ်သပ်ပေးရင်းပြန်ပြောလိုက်သည်။ "ဆွေ့ဆွေ့လေး...အစားတွေအများကြီးစားလို့မဖြစ်ဘူးနော်...ပွဲနေ့ကျရင်...သမီးဝတ်ရမဲ့ဂါဝန်လေးနဲ့မတော်ပဲဖြစ်နေလိမ့်မယ်"။
ရှမ်ယွမ်: "အစ်မဖုန်း...ကိုယ်စားလှယ်လုယွင်ကျီက...သူအလောတကြီးလုပ်ရမဲ့ကိစ္စလေးတစ်ခုရှိနေလို့...ကျွန်မတို့နဲ့မလိုက်လာနိုင်သေးပါဘူးတဲ့
ကျွန်မတို့သုံးယောက်လုံးကိုဝိုင်မြို့ကဟိုတယ်မှာတည်းခိုင်းထားတယ်...သူအကုန်လုံးကိုစီစဥ်ထားပြီးပါပြီတဲ့။
"အင်းအင်း...အဲ့လိုဆိုတော့လည်း....ငါတို့သုံးယောက်ပဲအရင်ဆုံးသွားကြတာပေါ့"။ အစပိုင်းတွင် ဖူရင်းယွီနှင့်လုချီတို့လည်း သူ(မ)တို့နှင့်အတူသွားကြရန် စီစဥ်ထားသော်လည်း အလုပ်ကိစ္စကြောင့် မတတ်သာပဲသီးသန့်စီသွားလိုက်ရသည်။ ဝိုင်မြို့ရောက်မှတွေ့ကြရန်ဆုံးဖြတ်ထားလိုက်သည်။ ဆွေ့ဆွေ့၏သူငယ်ချင်းဖြစ်သူ ချင်ဇီချန်းကလည်း လိုက်မယ်တကဲကဲလုပ်နေသောကြောင့် ဆွေ့ဆွေ့နှင့်အတူခေါ်သွားရန်စီစဥ်လိုက်ရသည်။
လေယာဥ်မထွက်သေးခင်နာရီဝက်မျှသာလိုသောအချိန်အထိ ချင်ဇီချန်းကရောက်မလာသေးပေ။ ဆွေ့ဆွေ့က မနက်စာစားနေရင်းချင်ဇီချန်းထံမှမက်ဆေ့ချ်ရောက်လာသောကြောင့် ဖုန်းယောက်ချင်းကိုလှမ်းပြောလာသည်။ "မေမေ...သမီးသူငယ်ချင်းရောက်လာတော့မှာ
သမီးသွားကြိုလိုက်မယ်နော်"။
"ဆွေ့ဆွေ့...အရင်ဆုံးပြီးအောင်စားလိုက်ဦး...သမီးမမရှမ်ယွမ်ပဲသွားကြိုပါစေ"။ ဆွေ့ဆွေ့တစ်ယောက် အင်တင်တင်ဖြစ်သွားသော်လည်း
ဖုန်းယောက်ချင်း၏မျက်နှာတည်တည်ကြောင့် ထပ်အတွန့်မတက်ရဲပေ။
"ဇီချန်း...သားမျက်နှာပေါ်ကဒဏ်ရာတွေကဘယ်လိုဖြစ်တာလဲ"။ မျက်နှာပေါ်တွင်အညိုအမည်းစွဲနေသောကောင်လေးကိုကြည့်ရင်း ရှမ်ယွမ်ကစိုးရိမ်တကြီးပြောလိုက်သည်။
"မမရှမ်ယွမ်...သားအဆင်ပြေပါတယ်...မတော်တဆချော်လဲတာပါ"။ လေယာဥ်ကွင်းသို့လာသည့်လမ်းတစ်လျှောက်လုံး နှာခေါင်းစည်းတပ်ကာသူ့မျက်နှာပေါ်ရှိဒဏ်ရာများကိုဖုံးထားသော်လည်း လုံခြုံရေးစစ်ဆေး
သည့်နေရာတွင် အတင်းချွတ်ခိုင်းသောကြောင့် မမရှမ်ယွမ်ကသတိထားမိသွားသည်။
"လက်ထောက်မမသားကိုတစ်ခုလောက်ကူညီလို့ရမလား...သားဒဏ်ရာရထားတာ...ဆွေ့ဆွေ့ကိုမပြောပါနဲ့...သူ့ကိုမသိစေချင်ဘူး"။
"အင်းပါ...မမမပြောပါဘူး"။ ရှမ်ယွမ်၏စိတ်ထဲတွင် ကောင်လေးအတွက်စိုးရိမ်သွားသော်လည်း စိတ်ချမ်းသာသွားအောင် သူတောင်းဆိုသလိုသာလုပ်ပေးလိုက်သည်။
ဆွေ့ဆွေ့ကချင်ဇီချန်းကိုမြင်သည်နှင့်ပြေးဖက်ပြီးနှုတ်ဆက်သည်။ "ကိုကို...ဘာလို့နှာခေါင်းစည်းတပ်ထားတာလဲဟင်"။
"ဟင်...အင်း...လေယာဥ်ထဲမှာကအေးတော့...အအေးမိမှာစိုးလို့...နှာခေါင်းစည်းတပ်ထားတာ"။ ချင်ဇီချန်းတစ်ယောက် ဆွေ့ဆွေ့ကိုစိတ်မပူစေချင်၍ အဖြူရောင်မုသားသုံးလိုက်သည်။
"လေယာဥ်ထဲမှာ..လေအေးပေးစက်မတပ်ထားပါဘူး...မအေးဘူးလေကိုကိုရဲ့..လေလည်းမတိုက်ဘူး...အပြင်မှာလည်းနွေးနေတာပဲကို...
နှာခေါင်းစည်းချွတ်ထားလိုက်လေ"။
ချင်ဇီချန်းက ခေါင်းကိုတွင်တွင်ခါယမ်းရင်းငြင်းဆန်သည်။ "ဟင့်အင်း...ကိုကိုက...နှာခေါင်းစည်းတပ်ထားရတာကြိုက်လို့ပါ...မချွတ်တော့ဘူးနော်"။
သူမျက်နှာတစ်ပြင်လုံးဒဏ်ရာရထားသည့်အကြောင်းရင်းမှာ ဆွေ့ဆွေ့အကြံပေးထားသည့်အတိုင်း အစ်ကိုဖြစ်သူကိုမွေးနေ့လက်ဆောင်ပေးရာတွင် မတော်တဆလေးဖြစ်သွားသောကြောင့်ပင်။
ဆွေ့ဆွေ့အကြံပေးထားသည့်အတိုင်း မွေးနေ့ရှင်ထွက်လာချိန်တွင်အခန်းတစ်ခုလုံးကိုမီးပိတ်လိုက်ပြီး သူ့အစ်ကိုရှေ့သို့ပန်းစည်းတစ်စည်းနှင့် အံ့အားသင့်သွားအောင် ရုတ်တရက်ပြေးထွက်သွားလိုက်ရာ အစ်ကိုကလန့်ဖြန့်ပြီး သူ့ကျောင်းလွယ်အိတ်နှင့်အားပါပါရိုက်ချလိုက်သော
ကြောင့် မျက်နှာတစ်ခုလုံးဤသို့စုတ်ပြတ်သပ်သွားခြင်းဖြစ်သည်။
ဆွေ့ဆွေ့လည်း ပြောလို့မရသည့်အဆုံး နှာခေါင်းစည်းကိစ္စနှင့်ပတ်သတ်ပြီး ကိုကို့ကိုဘာမှထပ်မပြောတော့ချေ။