အပိုင်း (၂၈၀)
Viewers 31k

Chapter 280 


သူမက ဤခန္ဓာကိုယ်ထဲရောက်နေသည်မှာ ကြာလှပြီဖြစ်သော်လည်း သူမ မိတ်ကပ်လိမ်ပြီးချိန်နှင့် မလိမ်းရသေးချိန်တိုင်းတွင် အမျက်နှာလေးကြောင့် မှင်သက်မိနေရသေးသည်။ နေ့တိုင်း သူမကိုယ်သူမ မှန်ရှေ့တွင် အကြာကြီးရှုစားလေ့ရှိသည်။ သူက သူမ၏အလှတရားကို ခံနိုင်ရည်ရှိနေပြီဟုပြောသောအခါတွင် လုံးဝလက်မခံနိုင်ခဲ့ပေ။ ယွမ်ရှက သူအမှန်အတိုင်းပြောနေမှန်းသိသည်။ သူမ ကူးပြောင်းလာစဉ်က မည်မျှလှအောင်ဝတ်ဝတ် သူက သူမကို ကြည့်ခဲလေသည်။ သူမကိုကြည့်လျှင်ပင် မျက်လုံးတွင် မည်သည့်စိတ်ခံစားမှု အတက်အကျမှမရှိပေ။ အဆုံးတွင် သူက သူမကိုနေ့ပေါင်းများစွာမြင်နေခဲ့ရသည်။


"ကိုယ်က အမှန်အတိုင်းပြောတာပါ...."

စုန့်ထင်ရှန်း ကူကယ်ရာမဲ့သွားရသည်။ သူ့သား၏ အဆုံးအမများက ထပ်မံ၍ မှန်ကန်လာသည်ဟု ခံစားလိုက်ရသည်။ မိန်းကလေးများက အမှန်တရားကို မကြိုက်ကြပေ။ အလိမ်အညာပြောခြင်းကပင် သူမကိုပျော်ရွှင်စေပြီး အမှန်တရားကို ထုတ်ဖော်ပြောခွင့်မပြုပေ။


"ဒါဆို.. ရှင်က ကျွန်မရဲ့ ဘာကိုသဘောကျတာလဲ...."

ယွမ်ရှ မေးခွန်းထုတ်လာသည်။ သူမက ထိုကိစ္စကို ရုတ်တရက်ကြီး စိတ်ဝင်စားသွားခဲသည်။


သူက သူမကို ဒီမျက်နှာလေးကြောင့် မကြိုက်ရင်.... ဘာကိုကြိုက်တာလဲ...


စုန့်ထင်ရှန်းက ဇဝေဇဝါဖြစ်သွားရသည်။ သူက သူမနှင့်မျက်နှာချင်းဆိုင်ရပ်လိုက်ပြီး ပါးလေးကိုဖိလိုက်သည်။

"ကိုယ်မသိဘူး...."


ယွမ်ရှမှာ သတ္တိတို့ပျောက်ဆုံးသွားရပြန်သည်။ သူက သူမအကြောင်း ဘာကောင်းကွက်မှ မရှာနိုင်ခဲ့ပေ။


သူမက မထက်မြက်၊ မလှပသလို ထိပ်တန်းအလှလေးမဟုတ်ပေ။ သူမက သာမန်ထက်ပင် သာမန်ဆန်လှပြီး သူမနှင့် သူ၏ကြားတွင် အကွာအဝေးက ကြီးမားလှသည်။


သူမနောက်ဆုံးတွင် ချစ်မိနေကြသူများက ဘာကြောင့် စိတ်မလုံမခြုံဖြစ်ရလဲ နားလည်သွားသည်။ အမှန်တကယ် ထူးချွန်သူများပင် သူတို့သဘောကျသည့်လူများရှေ့၌ ယုံကြည်ချက်မရှိသလိုခံစားကြရပေသည်။


စုန့်ထင်ရှန်းက သူမ၏ နွမ်းလျသွားသောပုံလေးကိုကြည့်ပြီး မပြုံးဘဲမနေနိုင်တော့ချေ။

"ဒီလိုဆိုရင်ကော... ကိုယ်အချိန်ယူစဉ်းစားပြီးမှ... အဖြေပြန်ပေးမယ်လေ...."


ယွမ်ရှ အသက်မဲ့စွာ ခေါင်းငြိမ့်ပြလိုက်သည်။


သူ မပြောပြလိုက်သည့်အရာမှာ သူမနှင့်အတူရှိနေချိန်တိုင်း သူ့ကိုမည်သူကမှမပေးဖူးသော စိတ်လုံခြုံမှုရသည် ဆိုသည့်အကြောင်းဖြစ်သည်။ သူ သူမကိုတင်းတင်းကြပ်ကြပ်တွယ်ကပ်နေရသည်မှာ ၎င်းကြောင့်သာဖြစ်သည်။


အချစ်က မရိုးရှင်းသလို မရှုပ်ထွေးပေ။ သင်အကြောင်းပြချက်တစ်ခုပေးသည်ဖြစ်စေ နှစ်ခုပေးသည်ဖြစ်စေ အချစ်ဆိုသည်မှာ စိတ်ကူးသက်သက်ဆက်နွယ်ချက်တစ်ခုသာဖြစ်သည်။


ယွမ်ရှက ကိုယ့်ကိုကိုယ်နှစ်သိမ့်ရာတွင် ကျွမ်းကျင်သူဖြစ်သည်။ စုန့်ထင်ရှန်းနှင့် အရေးမကြီးသည့် အရာများစွာ ပြောဆိုပြီးနောက်တွင် ကြက်သားကင်များဝယ်ပြီး သူ၏မျက်မှောင်ကြုတ်ကာ အလိုမကျနေသော မျက်လုဲးများရှေ့မှောက်တွင် စားလေသည်။ ထိုသို့စားပြီးနောက်တွင် အတော်လေးစိတ်ပျော်သွားခဲ့သည်။ ဝတ္ထုများနှင့် TVရှိူးများမှ ဇာတ်လိုက်အမျိုးသမီးများ၏ စိတ်မလုံမခြုံဖြစ်ကာ မကောင်းမြင်စိတ်ဖုံးလွှမ်းနေစဉ်ကာလက ဇာတ်လိုက်အမျိူးသားများထံမှ အပိုင်းရေအနည်းငယ်ကြာအောင် အတည်ပြုချက်လိုက်ရှာမည်ဖြစ်သည်။ သို့သော် သူမက ကိုယ့်ကိုယ် ပြဿနာရှာရန် အကြောင်းပြချက်မရှိသလို ကိုယ့်ကိုယ်ကိုယ်မပျော်အောင် မလုပ်ချင်ပေ။


---


သူတို့ကောလိပ်ဝန်းထဲမှ ပြန်ထွက်လာချိန်တွင် ညစာစားရန် အနီးအနားသို့သွားခါနီးတွင် ယွမ်ရှဖုန်းမှ အသံမြည်လာသည်။ သူမအိတ်ထဲမှ ဖုန်းကိုထုတ်၍ ကြည့်လိုက်သောအခါတွင် မေမေယွမ်က ဖုန်းခေါ်လာကြောင်း သိလိုက်ရသည်။ 


ဒါသူတို့ကို ညစာအတူစားရအောင် ဖုန်းခေါ်တာများလား..


ယွမ်ရှ ဖုန်းကိုင်လိုက်သည်။


တစ်ဖက်မှ နှလုံးကွဲကြေလုလုငိုသံထွက်ပေါ်လာသည်။ ၎င်းက မေမေယွမ်၏အသံဖြစ်သည်။


ယွမ်ရှ၏ စိတ်တစ်ခုလုံးဗလာဖြစ်သွားကာ ဖုန်းကိုင်ထားသည့်လက်မှာ အတုန်တုန်အယင်ယင်ဖြစ်လာသည်။


မေမေယွမ်မှာ ငိုနေရာမှရပ်ရင်းပြောလာသည်။

"ရှရှ.... ဝမ်လေးလေ.... ဝမ်လေး ပျောက်နေတယ်..."


ယွမ်ရှမှာ ချက်ချင်းလက်ငင်း အကြားအာရုံပျောက်သွားသလိုခံစားလိုက်ရသည်။ ကမ္ဘာကြီးတစ်ခုလုံးတိတ်ဆိတ်သွားသည်။ သူမ ကြောင်စီစီနှင့် မတ်တတ်ရပ်လိုက်သည်။ စုန့်ထင်ရှန်းက သူမပခုံးကို ကိုင်လှုပ်လိုက်မှသာ အသိပြန်ဝင်လာပြီး သူ့ကိုကြောင်စီစီကြည့်လိုက်မိသည်။


xxxxxxxx