အပိုင်း (၂၈၁)
Viewers 34k

Chapter 281


ဝမ်လေးပျောက်ဆုံးနေသည်။


ယွမ်ရှနှင့် စုန့်ထင်ရှန်းတို့ ယွမ်အိမ်ကိုအပြေးပြန်ကြသည်။ မေ့လဲနေသော မေမေယွမ်ဘေးတွင်  ရှိနေသည့် ဖေဖေယွမ်ကိုစိတ်ငြိမ်အောင်လုပ်ပေးပြီးနောက်တွင် နယ်ခံရဲစခန်းဆီကိုသွားကာ အိမ်နီးနားပတ်လည်ကိုလည်း လူးလာခေါက်တွန့် ရှာကြလေသည်။ ယခုခေတ်တွင် နေရာတိုင်း၌ လုံခြုံရေးကင်မရာများရှိနေပြီဖြစ်သော်လည်း ကလေးသူငယ်ပြန်ပေးဆွဲမှုများမှာ ရှိနေဆဲဖြစ်သည်။ ဖေဖေယွမ်နှင့် မေမေယွမ်တို့နေသောရပ်ကွက်မှာ အိုဟောင်းနေပြီး လုံခြုံရေးကင်မရာများမှာလည်း အခွံလွတ်များသာဖြစ်ကြသည်။ ၎င်းတို့ကိုသုံးပြီး ဝမ်လေး ဘယ်ကိုထွက်သွားလဲ မစုံစမ်းနိုင်ပေ။


ဖေဖေယွမ်နှင့် မေမေယွမ်တို့၏ပြောပြချက်အရ ထိုအချိန်က ဖေဖေယွမ်က ဝမ်လေးအတွက် တစ်စုံတစ်ခုဝယ်ရန်ထွက်သွားခဲ့ပြီး မေမေယွမ်က ဝမ်လေးကို မျက်စိဒေါက်ထောက်ကြည့်နေခဲ့သည်ဟု ဆိုသည်။ ဝမ်လေးက တက်ကြွကာ အဆော့မက်သောကလေးဖြစ်သည်။ ပထမက သူ့ကို သူ့ သူငယ်ချင်းများနှင့်ဆော့နေသည်ကိုတွေ့ပြီး ခဏအကြာတွင် မျက်စိရှေ့မှပင် ပျောက်ကွယ်သွားခဲ့သည်။


စုန့်ထင်ရှန်းနှင့် ယွမ်ရှတို့က နေရာစုံကိုလျှောက်မောင်းပြီး ဝမ်လေး၏နာမည်ကို တကြော်ကြော်ခေါ်သော်လည်း သူ့ကိုမတွေ့ခဲ့ပေ။


ရဲသားများကလည်း ကူညီ ရှာဖွေနေကြပြီဖြစ်သည်။ ကလေးပျောက်ရှာရန်အကောင်းဆုံးအချိန်မှာ ၂၄နာရီမတိုင်ခင်အချိန်အတွင်းဖြစ်၍ ထိုအချိန်အတွင်းတွင် အကောင်းဆုံးရှာပေးကြသည်။


ယွမ်ရှက ခရီးသည်တင်ထိုင်ခုံတွင်ထိုင်နေသည်။ သူမ အတော်လေသတိလက်လွတ်ဖြစ်နေပြီး တည်ငြိမ်ချင်နေပါသော်လည်း သူမ၏စိတ်က တစ်ချက်တစ်ချက် လွတ်လွတ်သွားလေသည်။ အခြားသူများပြောနေကြသည်ကို ကြားသော်လည်း ဘာတွေပြောနေလဲနားမလည်ပေ။ သူမ၏လက်များက အေးစက်နေလေသည်။ 


သူမ မေမေယွမ်၏ဖုန်းကို ကိုင်လိုက်ကတည်းက စကားတစ်လုံးမှမပြောရသေးပေ။ သူမ မငိုကြွေးသလို မပေါက်ကွဲနေသော်လည်း သူမ၏လက်ရှိအခြေအနေက စုန့်ထင်ရှန်းကို ပိုမိုစိုးရိမ်လာစေသည်။


ည၁၁နာရီရောက်ချိန်တွင် စုန့်ထင်ရှန်းက အိမ်သို့သာတန်းတန်းပြန်လိုက်သည်။


ယွမ်ရှက ရင်းနှီးနေသောလမ်းကို မြင်လိုက်၍ ကြောင်စီစီဖြင့်မေးလိုက်သည်။

"အိမ်... အိမ်ပြန်နေတာလားဟင်...."


စုန့်ထင်ရှန်းက သူမလက်ကိုကိုင်လိုက်သည်။

"အင်း... အိမ်ပြန်နေတာ... မင်းနားဖို့လိုအပ်နေတယ်လေ...."


ယွမ်ရှက ရုတ်တရက်ကြီး စိုးရိမ်ပူပန်လာသည်။ သူမ၏စကားများက ပလုံးပထွေးဖြစ်လာသည်။


"ဟင့်အင်း... ဝမ်လေးပြန်မလာသေးဘူး... သူအိမ်ပြန်မရောက်သေးဘူး... ကျွန်မတို့ အိမ်ပြန်လို့မရဘူး..."


သူမ၏မျက်လုံးများက နီရဲနေသည်။ သူမကိုယ်သူမ လေဟာနယ်ထဲတွင် မျောလွင့်နေသလို ခံစားနေရသည်။ သူမ၏လက်များနှင့် ခြေထောက်များက ထုံကျဉ်နေသည်။ သူမ၏ဦးနှောက်တစ်ခုတည်းကသာ အလုပ်လုပ်နေသလို ဖြစ်နေသည်။


သူတို့ဘာလို့အိမ်ပြန်ရမှာလဲ... ဝမ်လေးက အိမ်ပြန်မရောက်သေးဘူးလေ....


စုန့်ထင်ရှန်း ဘရိတ်အုပ်လိုက်သောကြောင့် ယွမ်ရှ ရှေ့သို့ယိုင်ကျသွားသည်။ 


သူက လေးနက်နေသော အမူအယာဖြင့်ပြောလာသည်။


"မင်း အနားယူသင့်တယ်... မင်းအိပ်ပျော်သွားတာနဲ့ ကိုယ်သူ့ကိုသွားရှာမှာ... ရှရှ စိတ်ငြိမ်ငြိမ်ထားစမ်း... လူတိုင်းကသူ့ကိုရှာနေတာ သူက အရမ်းလည်းလိမ္မာတဲ့ကလေးတစ်ယောက်ပဲ.. ကိုယ့်ကိုယုံ သူအဆင်ပြေမှာ...."


ယွမ်ရှ၏မျက်လုံးများက နီရဲလာပြီး စကားပင် မပြောနိုင်တော့ပေ။


သူမ အမှန်တကယ်စိတ်ငြိမ်ငြိမ်ထားပြီး ဆင်ခြင်တုံတရား ပြန်ရချင်သော်လည်း ထိုသို့မလုပ်နိုင်ပေ။ ပထမဆုံးအကြိမ်အဖြစ် သူမ၏စိတ်နှင့် ခန္ဓာမှာ တစ်ကွဲတပြားစီဖြစ်နေကြောင်း သတိပြုမိသွားသည်။


စိတ်ကို ကြည်လင်အောင်ထားချင်သော်လည်း ခန္ဓာကိုယ်က အထိန်းအချုပ်လွတ်နေသည်။


သူမ အများကြီးမစဉ်းစားရဲပေ။ သူမ ယခင်က ကြည့်ခဲ့ဖူးသော ဇာတ်ကားများထဲမှ ပျောက်ဆုံးသွားသောကလေးများနှင့် ဝေ့ပေါ်မှကလေးပျောက်ကြော်ငြာများကို တွေးရန်ပင် ကြောက်နေသည်။ သူမ ထိုအကြောင်းများကို တွေးမိလိုက်သည်နှင့် မေ့လဲတော့မလိုဖြစ်သွားရသည်။


အတိတ်တုန်းက သူမကိုယ်သူမ အမေတစ်ယောက်၏ အခန်းကဏ္ဍကို တာဝန်ယူနိုင်မည်မဟုတ်ဟု ထင်ခဲ့သော်လည်း ယနေ့တွင် သူမပင်မသိလိုက်ဘဲ ဝမ်လေးက သူမအတွက်အရေးအကြီးဆုံးသော လူတစ်ယောက်ဖြစ်လာကြောင်း သိလိုက်ရသည်။ သူမ ကလေးပျောက်ဆုံးသွားရသော မိဘများမည်ကဲ့သို့ခံစားရကြောင်း ရုတ်တရက်ကြီး နားလည်လာသည်။ ၎င်းက ကောင်းကင်ကြီးပြိုကျလာပြီး ကမ္ဘာကြီးအဆုံးသတ်သွားသလို ခံစားရပေသည်။ သူမ စိတ်ငြိမ်အောင်ထားပြီး အသိကပ်နေရန် မဖြစ်နိုင်ပေ။


ယွမ်ရှ၏ နောက်ဆုံးကျန်ရှိနေသည့် ဆင်ခြင်တုံတရားက ဆင်ခြင်တရားက စိတ်ငြိမ်ငြိမ်ထားရန်နှင့် အနားယူရန်ပြောနေသည်။ သူမကိုယ်သူမ စိတ်လွတ်လက်လွတ်ဖြစ်နေစေပြီး ဤအခြေအနေအတိုင်းဆက်ရှိနေပါက ဝမ်လေးကိုမတွေ့ခင် သူမ၏စိတ်ဓာတ်တစ်ခုလုံး အလဲလဲအပြိုပြိုဖြစ်သွားပေတော့မည်။


xxxxxx