အပိုင်း (၂၈၂)
Viewers 34k

Chapter 282 


သူမ တံတွေးမြိုချလိုက်သည်။ သူမအပ်ပေါင်းသောင်းချီကို မြိုချလိုက်သလိုသာ ခံစားလိုက်ရသည်။ သူမ စုန့်ထင်ရှန်း၏လက်ကိုကိုင်ပြီး ခပ်ဖြေးဖြေးလေး ခေါင်းငြိမ့်ပြလိုက်သည်။ သူမပါးစပ်ဖွင့်လိုက်ချိန်တွင် သူမပါးစပ်ထဲ၌သွေးအရသာကို ခံစားလိုက်ရသည်။

"ကောင်းပြီလေ...."


သူမ ပြန်လည်တုန့်ပြန်လာသည်ကိုကြည့်ပြီး စုန့်ထင်ရှန်းက စိတ်သက်သာရာရသလို ခံစားလိုက်ရသည်။ သူကားပြန်မောင်းလိုက်ပြီး သိပ်မကြာခင်တွင် အိမ်ပြန်ရောက်သွားတော့သည်။


ယွမ်ရှ အိမ်မပျော်နိုင်သော်လည်း စုန့်ထင်ရှန်းကို စိတ်မပူစေချင်သလို သူမကိုယ်တိုင်လည်း ပုံလဲကျမသွားစေရန် မျက်လုံးများကို အတင်းအကျပ်ပိတ်ထားရသည်။


ယခုကဲ့သို့အချိန်မျိုးတွင် စိတ်တည်ငြိမ်ရန် ပိုမိုလိုအပ်လေသည်။


ယွမ်ရှအခန်းထဲတွင် မီးပိတ်ပြီးသည်နှင့် စုန်ထင်ရှန်းက ရေချိုးခန်းထဲဝင်လိုက်သည်။ ဆောင်းဦးညလယ်ဖြစ်၍ ပတ်ဝန်းကျင်အပူရှိန်မှာ အနည်းငယ်လျော့ကျနေသော်လည်း သူကရေအေးဖြင့်သာ ချိုးလိုက်သည်။


ဘွဲ့ရပြီးကတည်းက သူဘာသာ အခန်းတစ်ခန်းကိုငှားနေခဲ့သည်။ တစ်ခါတစ်ရံတွင် ထိုအဆောင်ခန်းလေးထဲ၌ ရေပူမရတတ်၍ရေအေးဖြင့်သာ ရေချိုးရတတ်သည်။ ရေအေးဖြင့်ရေချိုးပြီးနောက်တွင် စုန့်ထင်ရှန်းလန်းဆန်းသွားလေ့ရှိသည်။


စုန့်ထင်ရှန်းမျက်လုံးမှိတ်လိုက်ကာ ရေအေးများကို သူ့ကိုယ်ပေါ်သို့ဖြတ်သန်းစီးဆင်းစေသည်။


သူကိုယ်တိုင်လည်း အတော်လေးဆောက်တည်ရာမရကာ ယွမ်ရှနှင့်မထူးမခြားနားပင်ဖြစ်သည်။ သို့သော်လည်း သူမရှေ့တွင် ပြိုလဲပြ၍မဖြစ်ပေ။ ရေအေးဖြင့်ရေချိုးရခြင်းမှာလည်း ဤနာကျင်မှုနှင့်အတူ တောင့်တင်းနေသော သွေးကြောများကို လျော့ရဲစေပြီး ဤကိစ္စကိုရှင်းရှင်းလင်းလင်းတွေးလာနိုင်စေရန်ဖြစ်သည်။


ကိစ္စကရိုးရှင်းပါသော်လည်း လူများက အလွန်စိုးရိမ်ပူပန်နေ၍ကျော်လွှားသွားတတ်သော အရာများရှိတတ်သည်။


ဝမ်လေးပျောက်ဆုံးနေသည်မှာ မတော်တဆမဟုတ်ပေ။


ဖေဖေယွမ်နှင့် မေမေယွမ်တို့က အလွန်ဂရုတစိုက်ရှိကြကြီး ဝမ်လေးကိုမျက်စိဒေါက်ထောက်ကြည့်တတ်သူများဖြစ်သည်။ လုံခြုံရေးကင်မရာများက နေရာတိုင်းတွင်ရှိသော်လည်း ဝမ်လေးက ကင်မရာများမမြင်ကွယ်ရာနေရာ၌သာ ပျောက်သွားခဲ့သည်။ လုံခြုံရေးကင်မရာ၏ နှစ်ဖက်စလုံး၌မည်သည့်လူမှ ထွက်ပေါ်လာခြင်းမရှိ၍ ရဲများက သံသယရှိသည့်ကားများကို စစ်ဆေးနေကြသည်။ သို့သော် ထိုလမ်းကိုကားများစွာက ဖြတ်သန်းသွားလေ့ရှိ၍ လွယ်ကူခြင်းမရှိပါချေ။


စုန့်ထင်ရှန်းက ရုတ်တရက်မျက်လုံးများဖွင့်လိုက်သည်။ သူ့မျက်လုံးများက သွေးကြောများထောင်ထကာ နီရဲနေပြီး ပင်ပန်းနေသော်လည်း ကြောက်မက်ဖွယ်ကောင်းသော အကြည့်တစ်ခုဖြစ်ပေါ်နေသည်။


ချင်ယွီ......


---


စုန့်ထင်ရှန်း ထွက်သွားသည့်အချိန်က မနက်ပိုင်းအတော်လေးစောသေးသည်။ ယခင်က သူစုံစမ်းထားဖူးသည်ဖြစ်၍ ချင်ယွီ၏ လိပ်စာနှင့်ဆက်သွယ်ရမည့်အချက်အလက်များကို သိပေသည်။


ကားထဲဝင်ပြီးနောက်တွင် သူချင်းယွီကို ဖုန်းခေါ်လိုက်သည်။ တစ်ဖက်လူက ချက်ချင်းကြီးဖုန်းကိုင်လာသည်။


ချင်ယွီ၏အသံကအတော်လေး အံ့အားသင့်နေသည့်ပုံပင်။

"CEOစုန့်.... ဒီလောက်နောက်ကျနေတဲ့အချိန်မှာ ကျွန်တော့်ကိုဘာလို့ဖုန်းခေါ်ရတာလဲ...."


စုန့်ထင်ရှန်းက လေးလံနေသည့်လေသံဖြင့်ပြောလေသည်။

" ငါ့သား ဒီနေ့နေ့လည်စာကိုကောင်းကောင်းစားရဲ့လား...."


ချင်ယွီခဏမျှတိတ်ဆိတ်သွားသည်။

"CEOစုန့်ဘာတွေပြောနေလဲဆိုတာ နားမလည်တော့ဘူး.."


ထိုတိတ်ဆိတ်သွားသည့် အချိန်ခဏလေးအတွင်း စုန့်ထင်ရှန်းက ဝမ်လေးကချင်ယွီထံတွင်ရှိကြောင်း အတည်ပြုနိုင်သွားသည်။ ဝမ်လေးက ချင်ယွီနှင့်အတူမရှိလျှင်ပင် ဝမ်လေးပျောက်သွားရသည်မှာ သူနှင့်သေချာပေါက်သက်ဆိုင်လေသည်။


"မင်း ဟိုးအရင်ကတည်းက ချက်စ်ကစားနေခဲ့တာပဲ.... စဉ်းစားကြည့်ပါရစေဦး... မင်းရဲ့ကုမ္ပဏီက အကြီးပိုင်းစီနီယာတွေရဲ့ ကန့်ကွက်မှုကို လျစ်လျူရှုပြီး ကုမ္မဏီခွဲကို ငါ့အိမ်နဲ့နီးတဲ့နေရာမှာ တမင်လာဖွင့်ကတည်းက စနေခဲ့တာဖြစ်လောက်မယ်.... "


စုန့်ထင်ရှန်းဖြေးဖြေးချင်းပြောလိုက်သည်။


"ငါခန့်မှန်းတာမမှားဘူးဆိုရင် လီကျင်းရဲ့သတ်သေမှုက မင်းနဲ့လည်း တစ်စိတ်တစ်ပိုင်းသက်ဆိုင်နေမှာပဲ... အဲ့နောက်ပိုင်း မင်းရဲ့ကုမ္ပဏီမှာ ကျွန်းပေါ်ခရီးထွက်ချိန်မှာလည်း လေယာဉ်ပေါ်မှာ ရှရှရဲ့ဘေးမှာ တမင်သက်သက်ကို ထိုင်ရအောင်စီစဉ်ခဲ့တယ်... ပြီးတော့ ရှရှနဲ့ငါ့ရဲ့ကြားမှာ အထင်လွဲမှုတွေဖြစ်အောင်လို့ အဲ့ဒီ့စကားတွေကို တမင်ပြောခဲ့တယ်... မင်းက ငါနဲ့ရှရှကြားမှာ သံသယမျိုးစေ့ကိုစိုက်ချင်နေတာပဲ..."


"ထပ်ခန့်မှန်းကြည့်ရရင်... မင်းဒီတစ်ချိန်လုံး ငါ့တို့ကိုစောင့်ကြည့်နေတာမဟုတ်လား... "


စုန့်ထင်ရှန်း ရယ်သွမ်းသွေးလိုက်သည်။


"ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ရှရှနဲ့ငါက ရန်မဖြစ်ကြခဲ့တာကိုတော့ မင်းဘက်ကမထင်မှတ်ထားဘူးပေါ့... ဆန့်ကျင်ဘက်အနေနဲ့ ငါတို့ရဲ့ဆက်ဆံရေးက တိုးတက်လာခဲ့သေးတယ်... မင်းဒေါသတွေထွက်ပြီး လက်မခံနိုင်ဖြစ်နေခဲ့မှာပဲ... မင်းငါ့အပေါ် သိထားသလောက်ဆိုရင် ငါ့သားက ငါ့ဘဝမှာအရေးအကြီးဆုံးဆိုတာကိုလည်း သိမှာပဲ.... ဒီတော့သူ့ရဲ့ပျောက်ဆုံးမှုကို အသုံးချပြီး ငါနဲ့ရှရှကြားမှာ သွေးကွဲအောင် လုပ်ချင်နေတာပဲ..."


xxxxxxx