အပိုင်း (၂၈၃)
Viewers 31k

Chapter 283 


ချင်ယွီသရော်လိုက်သည်။


"CEOစုန့်ရယ် ခင်ဗျား ဇာတ်ညွှန်းရေးသူအဖြစ် ပြောင်းလုပ်ပါ့လား...."


စုန့်ထင်ရှန်း၏လေသံက ချက်ချင်း မာထန်လာသည်။


"ကွေ့ပတ်မနေစမ်းနဲ့... ဒီနေ့ငါ့သားငါ ပြန်လာခေါ်မယ်... ငါ့သားကိုတစ်နာရီအတွင်းမတွေ့ရလို့ကတော့ စိတ်လွတ်နေတဲ့ ဖခင်တစ်ယောက်ရဲ့ အမျက်ဆိုတာ ဘာလဲဆိုပြီး သေချာပြပေးမယ်..."

ထိုသို့ပြောလိုက်ပြီး ဖုန်းချလိုက်သည်။


စုန့်ထင်ရှန်းက ဝမ်လေး၏အသက်အရွယ်ရှိ ကလေးများ တိတ်တဆိတ်ပျောက်ကွယ်သွားစေရန်မှာ ပြန်ပေးဆွဲသူများက ဝါရင့်နေမှသာဖြစ်နိုင်ပေမည်။ ထို့ကြောင့် ကလေးများထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းတို့က လက်သည်တရားခံများနှင့် အများဆုံးဆက်စပ်နေသည်။ ထိုသို့တွေးမိပြီးနောက်တွင် ချင်ယွီက တရားခံအဖြစ်နိုင်ချေအရှိဆုံးဖြစ်သည်။ ဖုန်းမခေါ်မှီက ၁၀၀%အထိမသေချာပါသော်လည်း ဖုန်းခေါ်ပြီးနောက်တွင် ချင်းယွီ၏တိတ်ဆိတ်သွားမှုနှင့် စကားအသွားအလာအရ ချင်းယွီက ဝမ်လေးပျောက်ဆုံးမှုနှင့် ဆက်စပ်နေကြောင်း သေချာသွားခဲ့သည်။


ချင်ယွီအပေါ်စုံစမ်းထားမှုနှင့် ချင်ယွီအကြောင်းသိထားသလောက်အရ ထိုသူမှာ ကျိုးကြောင်းဆင်ခြင်တတ်သော  လူမဟုတ်ဟု ခံစားရပေသည်။ ဤကဲ့သို့အခြေအနေမျိုးတွင် ကျိုးကြောင်းမဆင်ချင်တတ်သူဆိုသည်မှာ မည်သည့်အရာကိုမဆို လုပ်နိုင်သော လူများဖြစ်ကြသည်။


ဖုန်းချသံကိုကြားလိုက်သည်နှင့် ချင်ယွီ သူ့ဖုန်းကိုတင်းတင်းဆုပ်ကိုင်လိုက်သည်။


စုန့်ထင်ရှန်း ခန့်မှန်းထားသည်မှာ မှားယွင်းသွားခဲ့လေသည်။ ချင်ယွီ၏ရည်ရွယ်ချက်မှာ ဝမ်လေးကိုခေါ်သွားရန်သာ မဟုတ်ပေ။


ချင်ယွီအခန်းတစ်ခုထဲ လျှောက်ဝင်သွားခဲ့သည်။ ဝမ်လေးက အိပ်ရာအကြီးကြီးပေါ်တွင် အိပ်ပျော်နေလေပြီ။ သူအိပ်ရာဘေးကိုလျှောက်သွားလိုက်ပြီး အိပ်ရာပေါ်တွင်ထိုင်လိုက်၏။


သူ၏အတိတ်ဘဝတွင် ယွမ်ရှနှင့်အတူ ကလေးတစ်ယောက်လိုချင်ခဲ့သည်။ သူမကို အကြိမ်ရေများစွာဖြောင့်ဖျပါသော်လည်း သူမဘက်က ခါးခါးသီးသီးငြင်းဆန်နေမြဲသာဖြစ်သည်။ သူမည်သို့ပြောပါစေ သူမက ကလေးထပ်မလိုချင်တော့ဟုသာ ပြောလေသည်။ သူမ၏ အကြောင်းပြချက်က ရိုးရှင်းလှသည်။ နောက်ထပ်ကလေးတစ်ယောက်မွေးပြီး သူမ၏ခန္ဓာကိုယ်ကို မဖျက်စီးချင်သလို အမေတစ်ယောက်ဟူသော တာဝန်ကိုလည်းမယူချင်၍ အငှားကိုယ်ဝန်ဆောင်နှင့် ကလေးယူရန်ပင် လက်သင့်မခံပေ။


သူမနဲ့ စုန့်ထင်ရှန်းရဲ့ကလေး....


ချင်ယွီ ဝမ်လေး၏ပါးဖောင်းဖောင်းလေးကိုထိလိုက်သည်။ သူ့မျက်လုံးထဲတွင် ရှုပ်ထွေးနေသော ခံစားချက်များရှိနေသည်။ သူပိုပြီးရူးသွပ်ခဲ့လျှင် သူသာပိုပြီး....


ဤကလေးက စုန့်ထင်ရှန်းနှင့် ယွမ်ရှတို့၏သွေးသားလေးဖြစ်သည်။ ဤကလေးသာ မရှိတော့ပါက သူတို့၏ဆက်ဆံရေးက ကျိုးပျက်သွားမည်ဖြစ်သည်။ စုန့်ထင်ရှန်းက ယွမ်ရှအပေါ်တွင် လုံးဝဥဿဿုံ စိတ်ရှည်သည်းခံပေးမည် မဟုတ်တော့ချေ။ အိမ်ထောင်တစ်ခုတွင် ကလေးမရှိလျှင်ပင် အဆင်ပြေသည်။ သို့သော် ကလေးရှိခဲ့ပြီးမှ ထိုကလေးကိုဆုံးရှုံးခဲ့ပါလျှင် လင်မယားကြား၌ မပျောက်ကွယ်နိုင်သော အရိပ်မဲကြီးရှိနေမည်ဖြစ်သည်။ ထိုကိစ္စမှ ပြန်လည်ကောင်းမွန်လာခြင်း ရှိမည်မဟုတ်ပေ။


သူ့သူငယ်ချင်းတစ်ယောက်ထံမှ ကလေးဆိုသည်မှာ မိသားစုတွင် အရေးအကြီးဆုံးလူဟု ကြားဖူးခဲ့သည်။ မိသားစုမှ လူကြီးတစ်ယောက်သေဆုံးခဲ့လျှင် လေတစ်ချက်တိုက်သွားသလိုသာဖြစ်သည်။ သူတို့၏သေဆုံးမှုကြောင့် ဝမ်းနည်းရပါလျှင်လည်း အချိန်ကာလကြာလာသည်နှင့်အမျှ လျော့ပါးသွားမည်သာဖြစ်သည်။ အကယ်၍ ကလေးတစ်ယောက်ကိုသာ ဆုံးရှုံးခဲ့ပါက မိသားစုက လုံးဝပျက်စီးသွားမည်ဖြစ်သည်။


"မာမား...."

ရုတ်တရက် ဝမ်လေးက ရေရွတ်လာလေရာ ချင်ယွီ ကလေး၏ ပါးဖောင်းဖောင်းလေးကိ လက်ဖဝါးနှင့် ပွတ်သပ်ပေးလိုက်သည်။ သက်တောင့်သက်သာရှိသွား၍လားမသိ ချင်ယွီအနားကိုပိုတိုးကပ်လာပြီး "ပါပါး...."ဟုပင် ခေါ်လာသေးသည်။


ရုတ်တရက် ဓာတ်လိုက်သွားသလို ခံစားလိုက်ရ၍ ချင်ယွီက သူ့လက်သူ ဆွဲထုတ်လိုက်သည်။


သူက တစ်ခါမှ အဖေမဖြစ်ဖူးပေ။ မဟုတ်... သူ့တွင် အဖေဖြစ်ရန် တစ်ခါမျှအခွင့်အရေးရှိဖူးသည်။ သူ၏ပထမ ဇနီးက ကိုယ်ဝန်တစ်ခါဆောင်ဖူးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်ကျခဲ့ရသည်။


ဝမ်လေးက ယွမ်ရှနှင့် အလွန်တူသည်။ အထူးသဖြင့် အိပ်နေသည့်အချိန်တွင် ပိုတူသည်။


အဆုံးတွင် သူမနှင့်အလွန်တူညီပြီး သူ့ကိုဦးဦးဟု ချိုချိုသာသာခေါ်တတ်သော ကလေးတစ်ယောက်ကို မကောင်းသည့်ရည်ရွယ်ချက်ဖြင့် လက်မတင်နိုင်ခဲ့ပေ။


ချင်ယွီက သူနှင့်ယွမ်ရှတို့ နီးစပ်နိုင်သည့် အခွင့်အရေးကို လက်လွှတ်ခဲ့မှန်းသိသည်။ သို့သော် မကောင်းသည့်လူတစ်ယောက်ဖြစ်ရန် နောက်ဆုံးခြေလှမ်းကို မလှမ်းနိုင်ခဲ့ပေ။


xxxxxxx