အပိုင်း ၁၄၁
Viewers 15k

Chapter 141

ချင်ဇီချန်တစ်ယောက် မျက်နှာဖုံးကိုချွတ်လိုက်သည်နှင့် သူ့မျက်နှာပေါ်ရှိဒဏ်ရာများက စိတ်ပျက်စရာကောင်းအောင် အထင်းသားမြင်နေရသည်။

အစပိုင်းတွင် ကုဆွေ့ဆွေ့တစ်ယောက် အစားအသောက်ထဲတွင်စျာန်ဝင်နေသဖြင့် ချင်ဇီချန် မျက်နှာပေါ်ရှိ အမာရွတ်နှင့်ဒဏ်ရာများကို သတိမထားမိချေ။ 

မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ဖုန်းယောက်ချင်းက အသီးပန်းကန်ထဲသို့အသီးများထည့်နေချိန်တွင် ရုတ်တရက်မော့
ကြည့်မိရာ ကောင်ငယ်လေး၏မျက်နှာပေါ်ရှိဒဏ်ရာများ အနာအဆာများကိုမြင်လိုက်ရသောကြောင့် အံ့သြသွားမိသည်။ "ဇီချန်...သားမျက်နှာပေါ်က...ဒဏ်ရာတွေက...ဘယ်လိုဖြစ်ရတာလဲ"။

ချောမောနုနယ်သောကောင်လေး၏မျက်နှာပေါ်တွင် အဘယ်အကြောင်းကြောင်းကြောင့်များ ရုပ်ဆိုးအကျည်းတန်သည့်ဒဏ်ရာများရှိနေပါသနည်း။ အချို့ဒဏ်ရာများမှာ အနာပင်မကျက်သေးချေ။ ထို့ကြောင့် ကောင်လေးက တစ်ချိန်လုံး နှာခေါင်းစည်းမချွတ်ပဲဖုံးထားခြင်းဖြစ်သည်။

ဖုန်းယောက်ချင်း၏စကားကိုကြားသွားသောဆွေ့ဆွေ့က ချက်ချင်းသူတို့ဘက်သို့လှည့်ကြည့်လာသည်။ "ကိုကို...အရိုက်ခံထားရတာလားဟင်"။

အားလုံး၏စိုးရိမ်ပူပန်နေသောအကြည့်များကြားတွင် ချင်ဇီချန်းတစ်ယောက်ရုတ်တရက်မွန်းကျပ်လာသည်။ သူအမှန်အတိုင်းပြောလိုက်ရမည်လား ၊ ဆက်ပြီးဟန်ဆောင်နေရမည်လား
မဝေခွဲတတ်တော့။

မနေ့ညက ကျောင်းလွယ်အိတ်ကြီးသူ့ဆီတည့်တည့်လွှင့်လာသောအခါ ရှောင်ချိန်မရလိုက်ပေ။ လွယ်အိတ်ထဲတွင် ကျောင်းစာအုပ်များနှင့်စာရေးကိရိယာများမှလွဲ၍ အခြားချွန်ထက်နေသည့်ပစ္စည်းများမပါသောကြောင့် သူကံကောင်းသွားရသည်။ 

သို့သော်အစ်ကိုကြီးကသူ့ကိုပြန်တောင်းပန်ပြီးသူပေးသောလက်ဆောင်ကိုလက်ခံခဲ့သည် မဟုတ်လား။ ဒဏ်ရာရသွားသည်က သူ့အတွက်တော့တန်ပါသည်။

အစ်ကိုကြီးက သူ့အပေါ်ဆိုအမြဲတမ်းလိုလိုအေးတိအေးစက်ဆက်ဆံသည်။ အိမ်တွင်လည်း မေးထူးခေါ်ပြောမျှပင်မရှိချေ။ တစ်ခါတစ်ရံတစ်အိမ်တည်းနေပြီး တစ်နေကုန်လုံးတစ်ယောက်နှင့်တစ်ယောက်မတွေ့ဖြစ်ကြ။ မိသားစုထမင်းလက်ဆုံစားသောအချိန်ကလည်း မရှိသလောက်ရှားသည်။ ထိုသို့ဆုံဖြစ်သောအချိန်တွင်လည်း မိသားစုကဲ့သို့မခံစားရ။ အားလုံးကအေးစက်စက်နှင့်သူစိမ်းဆန်နေသည်။

ချင်ဇီချန်း အတန်ငယ်တုံ့ဆိုင်းနေပြီးနောက် မထူးတော့သည့်အဆုံး သူ့အစ်ကိုမွေးနေ့တွင်ဖြစ်ပျက်ခဲ့သမျှကိုပြောပြလိုက်သည်။ 

ဖုန်းယောက်ချင်းလည်း အကြောင်းစုံသိရမှစိတ်အေးသွားတော့သည်။ အနည်းဆုံးအရိုက်ခံရခြင်းမဟုတ်၍ တော်သေးသည်ဟုဆိုရမည်။ ကုဆွေ့ဆွေ့မှာလည်း သူ(မ)ပေးလိုက်သောမွေးနေ့
နှင့်ပတ်သတ်သည့်အကြံဥာဏ်ကြောင့် ဤသို့ဖြစ်ရသည်ဟုတွေးကာ စိတ်မကောင်းဖြစ်နေမိသည်။

"ကိုကိုနာနေသေးလားဟင်...ဆွေ့ဆွေ့ဆေးလိမ်းပေးမယ်နော်"။ အညိုအမည်းစွဲနေသောချင်ဇီ
ချန်း၏ဒဏ်ရာများကိုကြည့်ကာ ဆွေ့ဆွေ့မှာငိုချတော့မလိုပင်။

....

နောက်တစ်နေ့တွင်...

ရွှေကြက်ဖရုပ်ရှင်ပွဲတော်၏အဖွင့်အခမ်းအနားက ချောချောမွေ့မွေ့နှင့်အထမြောက်သွားသည်။

ဆွေ့ဆွေ့၏အမြင်တွင် ရုပ်ရှင်ပွဲတော်၏အဖွင့်အခမ်းအနားက ထူးထူးခြားခြားမဟုတ်ပေ။ ကိုကိုလုချီ ၊ မမရင်းယွီတို့နှင့်အတူကော်ဇော်နီနီပေါ်တွင် ဝတ်စုံလှလှလေးဝတ်ကာဓာတ်ပုံအရိုက်ခံပြီး ပြီးသွားသည်။

ဖူရင်းယွီနှင့်လုချီတို့လည်းဒါရိုက်တာချန်းနှင့်အင်တာဗျူးအပြီးတွင် ဟိုတယ်သို့ပြန်အနားယူရန်စီစဥ်ကြသည်။

အခန်းထဲတွင်သူတို့နှစ်ယောက်ထဲရှိနေစဥ် လုချီကစကားစလာသည်။ "အစ်မရင်းယွီ...ဒီတစ်
ခေါက်ဖွင့်ပွဲမှာ...ကျွန်တော်နဲ့အတူပွဲတက်ဖို့သဘောတူလိမ့်မယ်လို့...မမျှော်လင့်ထားမိဘူး"။

ဖူရင်းယွီကလုချီထက်သုံးနှစ်ကြီးသောကြောင့် 
လေးစားသမှုသောအားဖြင့်အစ်မဟုခေါ်ဝေါ်သုံးနှုန်းလိုက်ခြင်းဖြစ်သည်။

ဘေးပတ်ပတ်လည်တွင်သတင်းထောက်အများအပြားရှိနေသေးသောကြောင့် ဖူရင်းယွီကအပြုံးမပျက်ပဲ ပြန်ဖြေသည်။ "အင်း...ကျွန်မရောပဲ"။

သူတို့နှစ်ယောက်လုံးစိတ်ထဲတွင်အတွေးကိုယ်စီရှိနေကြသော်လည်း အတူယှဥ်တွဲရပ်လိုက်သည့်အခါလိုက်ဖက်ညီလွန်းလှသောကြောင့် ဓာတ်ပုံဆရာများနှင့်သတင်းထောက်အားလုံး၏
အာရုံစိုက်မှုကိုအလွယ်လေးရရှိသည်။ 

ယခင်က သူတို့နှစ်ယောက်မှာမေးထူးခေါ်ပြောအဆင့်ပင်မရှိသောသူစိမ်းများဖြစ်သည်။ ရိုက်ကွင်းမှသရုပ်ဆောင်များအားလုံးအချင်းချင်းရင်းနှီးနေကြသော်လည်း သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက်အ
ကြည့်ချင်းဆုံမိလျှင်တောင်ချက်ချင်းအကြည့်ပြန်လွှဲသွားတတ်ကြသည်။

နောင်လာမည့်အနာဂတ်တွင်လည်း ဒီအတိုင်းသာဆိုလျှင် ရင်းနှီးမည့်လမ်းစမမြင်။ ထူးထူးခြားခြားအကြောင်းအရာတစ်စုံနစ်ရာမရှိပဲ အချင်းချင်းစိမ်းကားနေကြခြင်းဖြစ်သည်။