Chapter 142
ဤနှစ်ဆောင်းရာသီမှာ ယခင်နှစ်ဆောင်းရာသီများထက် အအေးပိုသည်။ ထို့ကြောင့် လူတိုင်းလိုလို အပြင်မထွက်ပဲ စောင်ထဲတွင်သာကွေးချင်နေကြသည်။
လွီလီလည်း ညအိပ်ဝတ်စုံဖြင့်သာအိမ်တွင်နှပ်နေရင်း ဖုန်းမှတစ်ဆင့် ရွှေကြက်ဖရုပ်ရှင်ပွဲတော်နှင့် သတင်းများကိုလှန်လှောကြည့်နေမိသည်။
သူ့အချစ်တော်လေးဆွေ့ဆွေ့လည်း အကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင်ဆုတွင် ဆန်ကာတင်စာရင်းဝင်ထားသောကြောင့် လွီလီမှာ သတင်းတစ်ခုကိုမှ လက်လွှတ်မခံနိုင်ပဲ စိတ်လှုပ်ရှားစွာဖြင့်စောင့်ကြည့်နေမိသည်။
ယနေ့တွင်ရွှေကြက်ဖရုပ်ရှင်ပွဲတော်ကိုကြီးကျယ်ခမ်းနားစွာကျင်းပပြုလုပ်မည်ဖြစ်သည်။ ဆွေ့ဆွေ့လေးက ကော်ဇောနီပေါ်တွင်ပထမဆုံးအကြိမ်အဖြစ် လျှောက်လှမ်းမည်ဖြစ်သောကြောင့် ပရိသတ်များမှတမျှော်မျှော်ဖြစ်နေကြသည်။
နိုဝင်ဘာနှစ်ဆယ့်တစ်ရက်နေ့တွင်ကျင်းပသောရွှေကြက်ဖရုပ်ရှင်ပွဲတောမ၏ဖွင့်ပွဲအခမ်းအနားက အောင်မြင်စွာပြီးမြောက်သွားသည်။ သို့သော် ပွဲတော်၏အဓိကအခမ်းအနားကြီးမှာ နိုဝင်ဘာနှစ်ဆယ့်ငါးရက်နေ့တွင်ကျင်းပပြုလုပ်မည့်ဆုပေးပွဲအခမ်းအနားဖြစ်ပြီး ထိုဆုပေးပွဲအခမ်းအနားကို နိုင်ငံတစ်ဝှမ်းလုံးတွင်တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်
ဤနှစ်တွင် ရွှေကြက်ဖရုပ်ရှင်ပွဲတော်မှာငါးရက်တာမျှအချိန်ကြာမြင့်သည်။ ဆုပေးပွဲအခမ်းအနားမတိုင်မီ ကြားထဲတွင်ရက်အနည်းငယ်မျှခံနေ၍ အနုပညာရှင်အတော်များများကလုပ်စရာရှိသည်များကို ပြန်လုပ်ကြသည်။ ဆုပေးပွဲကိုဘာမှမလုပ်ပဲထိုင်စောင့်နေသည်မျိုးက အဓိပ္ပါယ်မရှိပေ။
လုချီနှင့်ဖူရင်းယွီတို့လည်း ရိုက်ကူးရေးအလုပ်များရှိနေသေးသောကြောင့် ဖွင့်ပွဲအခမ်းအနားပြီးသည်နှင့်အစောဆုံးလေယာဥ်ဖြင့်မြို့တော်သို့ပြန်သွားကြသည်။
ကုဆွေ့ဆွေ့မှာမူ ရိုက်ကူးရေးမရှိသေး၍ ကိစ္စမရှိပေ။ လုယွင်ကျီကလည်း ကလေးငယ်ကိုဝန်မပိစေလိုသောကြောင့် ဖိအားသိပ်မပေး။ အားလပ်ရက်ပေးသည်ဟုသဘောထား၍ လွတ်လွပ်လပ်လပ်သာနေစေသည်။
ဆုပေးပွဲမတိုင်မီတွင်ဘာမှလုပ်စရာမရှိသောကြောင့် ဖုန်းယောက်ချင်းလည်းကလေးငယ်နှစ်ယောက်နှင့်ရှမ်ယွမ်ကိုခေါ်ကာ ဝိုင်မြို့အတွင်းပတ်လည်ကြသည်။ ဝိုင်မြို့ကကျွန်းပတ်လည်ဝိုင်းရံနေသောကမ်းရိုးတန်းမြို့လေးဖြစ်သောကြောင့် ရာသီဥတုကမြို့တော်ထက်အတော်လေးအေးသည်။ နေသာနေသော်လည်း ပင်လယ်လေကကြမ်းလွန်းသည်။
ဥက္ကဋ္ဌချင်ကသူ့သားငယ်ကိုပြန်ခေါ်ချင်သော်လည်း သားကြီး၏မွေးနေ့ပွဲတွင်ဖြစ်ထားသောကိစ္စကြောင့် သားငယ်ကိုပြန်မခေါ်သေးပဲဝိုင်မြို့တွင်သူ့စိတ်ကြိုက်နေစေသည်။
ဖခင်ဆီမှခွင့်ပြုချက်ရထားသောချင်ဇီချန်းမှာ သူ့စိတ်ကြိုက်နေချင်သလိုနေကာ လွတ်လပ်မှုအရသာကိုအပြည့်အဝခံစားသည်။
"မေမေ...ပင်လယ်ကလှလိုက်တာနော်"။ ဆွေ့ဆွေ့က ပင်လယ်ပြာကြီးကိုကြည့်ကာတအံ့တသြဆိုလာသည်။ ပင်လယ်ကမ်းစပ်တွင်အတူယှဥ်တွဲလျက် စကားဖောင်ဖွဲ့နေကြသောဆွေ့ဆွေ့တို့သားအမိနှစ်ယောက်ကိုကြည့်ကာ ချင်ဇီချန်းတစ်ယောက် မနာလိုအားကျသည့်စိတ်လေးဝင်လာရသည်။
သူလည်းသူ့အမေနှင့်ဒီလိုလေးအတူအချိန်ကုန်ချင်ပါသည်။ သို့သော် မာမီကသူ့အလုပ်နှင့်သူအလုပ်ရှုပ်နေတတ်ပြီး မိသားစုအတွက်အချိန်မရှိပေ။ သူသိတတ်စအရွယ်တည်းက အလုပ်ကြောင့်စိတ်ဖိစီးနေသည့်မိခင်ဖြစ်သူကိုသာမြင်တွေ့ခဲ့ရသည်။
ယနေ့ကနိုဝင်ဘာနှစ်ဆယ့်လေးရက်နေ့ဖြစ်ပြီး မနက်ဖြန်ကပွဲနေ့ဖြစ်သောကြောင့် ဤနေ့တစ်နေ့လုံး အဝပျော်ထားကြသည်။ ပင်လယ်ကမ်းစပ်တွင် အတန်ကြာအောင်ပြေးလွှားဆော့ကစားပြီး
ပင်လယ်စာကင်သွားစားကြရန် စီစဥ်ထားသည်။
အဆုံးမရှိသောပင်လယ်ပြင်ကြီးကိုကြည့်ရင်းကလေးနှစ်ယောက်ကပျော်ရွှင်မြူးထူးနေကြသည်။ သဲသောင်ပြင်တွင်ပြေးလွှားဆော့ကစားကာ ခရုခွံများလိုက်ကောက်နေကြသည်။
သို့သော်ချင်ဇီချန်း၏သက်တော်စောင့်များက သူတို့သခင်လေးကိုအရိပ်တကြည့်ကြည့်နှင့်မမောနိုင်မပန်းနိုင်နေရာတကာလိုက်နေသောကြောင့် ဖုန်းယောက်ချင်းပင်မျက်စိနောက်လာရသည်။ ထို့ကြောင့် ကျောက်ဆောင်ကြီးတစ်ခုတွင်ထိုင်ကာ အနားယူနေလိုက်သည်။
ကမ်းစပ်တွင်အတူယှဥ်တွဲသွားလာနေသောမိသားစုများကိုမြင်တိုင်း ဖုန်းယောက်ချင်းတစ်ယောက် မေ့ပစ်ရန်ဆုံးဖြတ်ထားသောလူတစ်ယောက်ကို သတိရသွားသည်။
သူသာရှိလျှင် သူ(မ)တို့သားအမိနှစ်ယောက်လုံး ဒီထက့်ပျော်ပျော်ကြီးနေရနိုင်လောက်လား။ အခြေအနေတွေကပြောင်းလဲသွားမှာလား။ လူအများပြောသည့် ပြီးပြည့်စုံသောမိသားစုဘဝကိုသူ(မ)တစ်ကိုယ်တည်းပုံဖော်ကြည့်နေမိသည်။
လောကကြီးကိုမေ့ထားပြီးနှစ်ယောက်တစ်ကမ္ဘာချစ်ကြည်နူးနေကြသောသမီးရည်းစားစုံတွဲများကိုမြင်တိုင်း ပြန်မရနိုင်တော့သောသူ(မ)၏ငယ်ရွယ်နုပျိုမှုနှင့်လွတ်လပ်မှုကိုပြန်လည်တမ်းတမိသည်။
အချိန်သာနောက်ပြန်လို့ရရင် ထပ်တူညီသောဆုံးဖြတ်ချက်များကို သူ(မ)ရွေးချယ်နိုင်ဦးမည်လား။