အပိုင်း ၁၄၅
Viewers 15k

Chapter 145

အကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင်ဆုကို ကြော်ငြာပြီးနောက် အကောင်းဆုံးဒါရိုက်တာဆုကြော်ငြာရမည့်အလှည့်သို့ရောက်လာသည်။

အကောင်းဆုံးဒါရိုက်တာဆုရှင်မှာ သေချာပေါက် ဒါရိုက်တာချန်းပင်ဖြစ်သည်။

ယခင်နှစ်တွင် ဒါရိုက်တာချန်းမှာ အကောင်းဆုံးဒါရိုက်တာဆုနှင့်လွှဲချော်ခဲ့ရသော်လည်း ဤနှစ်တွင်မူ ပရိသတ်များနှင့်ရုပ်ရှင်လောကသားများ၏ မှန်းချက်နှင့်နှမ်းထွက်ကိုက်အောင် ဆုကိုထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့သည်။

ထို့အပြင် အကောင်းဆုံးရုပ်ရှင်ဆုကိုလည်း "တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကပင် ရရှိသွားသည်။
ကံမကောင်းစွာဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုနှင့် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအတွက် ဆန်ကာတင်စာရင်းဝင်ထားသော ဖူရင်းယွီနှင့်လုချီတို့နှစ်ယောက်လုံး ဆုမရခဲ့ချေ။

ဤအခြေအနေကိုဖူရင်းယွီစိတ်ထဲတွင်ကြိုတင်ပြင်ဆင်ထားသောကြောင့် ထူးထူးခြားခြားမခံစားရချေ။ ဒီတစ်နှစ်မရလည်း နောက်နှစ်တွေမှာပိုကြိုးစားဖို့အခွင့်အရေးရှိသေးသည် မဟုတ်လား။

လုချီကမူ အနည်းငယ်မျက်နှာပျက်ယွင်းသွားသည်မှလွဲ၍ အခြားတုံ့ပြန်မှုမရှိ။ သရုပ်ဆောင်ပိုင်းတွင်သူ့ထက်သာလွန်ပြီးစီနီယာကျသောမင်းသားကြီးက အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုရရှိသွားသောကြောင့် သူကျေနပ်ပါသည်။ အခြေအနေကိုအလိုက်သင့်လေးလက်ခံနိုင်သည်။

နားနေခန်းတွင်အားလုံးအနားယူနေကြစဥ်တွင် ခဲ့ကျင်းယန်က ဆွေ့ဆွေ့ကိုပွေ့ဖက်ကာဂုဏ်ပြုစကားပြောလာသည်။ "ပါပါးသမီးလေးကတော်လိုက်တာ...ဘယ်သူ့ကိုမှစိတ်မပျက်စေရဘူး
တကယ့်ကိုအတော်ဆုံးပဲ"။

"မမဖူနဲ့ကိုကိုလုချီလည်းတော်ပါတယ်...ပါပါးရဲ့"
ဆွေ့ဆွေ့ပြောမှ သူ့အားစိုက်ကြည့်နေကြသောဖူရင်းယွီနှင့်လုချီကို ခဲ့ကျင်းယန်သတိထားမိသည်။

သို့သော် သူဂရုမစိုက်ပေ။ ဘယ်သူရရ မရရ သူ
နှင့်မဆိုင်။ ဆွေ့ဆွေ့ကိုဂုဏ်ပြုအားပေးဖို့အကြောင်းတစ်ခုတည်းကြောင့် သူဒီနေရာသို့ရောက်နေခြင်းပင်။ ထိုနှစ်ယောက်ကိုနှစ်သိမ့်စကားပြောပေးရအောင်လည်း သူနှင့်ရင်းနှီးလှသည် မဟုတ်။ 

"အင်း...သူတို့လည်းတော်ပါတယ်"။

နိုဝင်ဘာနှစ်ဆယ့်ကိုးရက်နေ့တွင်ဆွေ့ဆွေ့ပါဝင်ရိုက်ကူးထားသော "တစ်ရက်တာမတော်တဆတွေ့ဆုံခြင်း" ဟုအမည်ရသည့်ဇာတ်လမ်းတွဲကို ကီဝီရုပ်သံလှိုင်းတွင်ထုတ်လွှင့်ပြသသည်။ တစ်ပတ်လျှင်နှစ်ပိုင်းနှုန်းဖြင့်ပြသခြင်းဖြစ်သည်။

အစပိုင်းတွင် ဤသို့သောနာမည်မရှိသည့်ဒါရိုက်တာများ သရုပ်ဆောင်များနှင့်ရိုက်ကူးထားသည့် အညတရဇာတ်လမ်းတွဲလေးကို မည်သူမှအာရုံမစိုက်ကြသော်လည်း ပူပူနွေးနွေး အကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင်ဆုပိုင်ရှင် ကုဆွေ့ဆွေ့ပါဝင်ရိုက်ကူးထားသောကြောင့် လူအများ၏စိတ်ဝင်စားမှုတို့မြှင့်တက်သွားသည်။

"တိမ်မြှုပ်နေသော" ရုပ်ရှင်ကတစ်သက်တာလုံး၏ ရုံဝင်ငွေအများဆုံးရုပ်ရှင်ဖြစ်သွားသလို "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးကလည်း လတ်တလောတွင်ကြည့်ရှုသူအများဆုံးရသစုံရှိုးတစ်ခုဖြစ်သည်။ ထို့အပြင် အကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင်ဆုကို လောလောလတ်လတ်ရရှိထားသောကြောင့် ကုဆွေ့ဆွေ့ကို မသိသူမရှိလောက်အောင်အောင်မြင်ကျော်ကြားလာသည်။

.....

ဒီဇင်ဘာလအစောပိုင်းတွင် အင်ပါယာမြို့တော်က ဤနှစ်ဆောင်းရာသီ၏ပထမဆုံးနှင်းကိုခရီးဦးကြိုပြုသည်။

ဆီးနှင်းပွင့်များကလောကတစ်ခွင်လုံးကိုဖုံးလွှမ်းပြီးအလှဆင်ထားသည့်နှယ်။ မြောက်ပြန်ဆောင်းလေအေးကလည်း တစ်သုန်သုန်တိုက်ခတ်နေရာ မည်သူမှအပြင်မထွက်လိုကြပေ။

ဆွေ့ဆွေ့နှိုးလာချိန်တွင် ပတ်ဝန်းကျင်တစ်ခွင်လုံးက ဖြူဖွေးကာအရောင်အဆင်းမဲ့လို့နေသည်။ 
"မေမေ...အပြင်မှာနှင်းတွေကျနေတယ်...ကြည့်ပါဦး...ဖြူဖွေးနေတာပဲ"။

"အင်း..ဒီတစ်နှစ်ဆောင်းရာသီကအရင်နှစ်ဆောင်းတွေထက်...ပိုအေးတယ်...တော်သေးတာက...အိမ်မှာအပူပေးစက်တပ်ထားလို့ပေါ့...မဟုတ်ရင်တော့မလွယ်လောက်ဘူး"။ ဖုန်းယောက်ချင်းတစ်ယောက် ဆောင်းရာသီ၏အအေးဒဏ်ကိုညီးညူရင်း အိမ်ထဲတွင်သာသက်တောင့်သက်သာနှင့်နွေးနွေးခွေးထွေးနေလိုသည်။

သို့သော် ဆွေ့ဆွေ့ကမူဆောင်းနှင့်ဆောင်း၏အဖော်ဖြစ်သောနှင်းကိုမြတ်နိုးသည်။ ဆီးနှင်းများအကြားဆော့ကစားချင်စိတ်ကိုထိန်းမရ။ ထို့ကြောင့် ကိုကိုချင်ဇီချန်းအားဖုန်းဆက်ပြီး နှင်းလူသားလုပ်ကြမည်ဟုဆိုကာသူ(မ)အိမ်သို့လာရန်လှမ်းပြောလိုက်သည်။ 

ထို့နောက်ချင်ဇီချန်းရောက်လာသည်နှင့်မမရှမ်ယွမ်နှင့်အတူသုံးယောက်သားအိမ်ပြင်ထွက်ကာ နှင်းလူသားလုပ်တမ်းကစားကြသည်။ အတန်ကြာအောင် ဆောင်းလေရူးသုန်သုန်နှင့်နှင်းစက်များအကြားပြေးလွှားဆော့ကစားပြီးနောက် သူတို့၏ပါးပြင်များကမြောက်ပြန်လေ၏ကျီစယ်တိုက်ခတ်မှုနှင့်အအေးဒဏ်
ကြောင့် နီရဲလို့နေသည်။

ဖုန်းယောက်ချင်းကနေ့လည်စာစားရန်အော်ခေါ်မှသုံးယောက်သားအိမ်ပေါ်ပြန်တက်လာကြသည်။ 

ထိုစဥ် တီဗွီရုပ်သံလှိုင်းတစ်ခုမှ မနက်ပိုင်းသတင်းအစီအစဥ်ကိုထုတ်လွှင့်ပြသနေသည်။ 
"ယူနန်ဒေသခံရဲတပ်ဖွဲ့မှ...အဓိကမူးယစ်ဆေးဝါးဂိုဏ်းအကြီးဆုံးကိုဖော်ထုတ်နိုင်ခဲ့ပြီး...မူးယစ်ဆေးဝါးထုတ်စက်ရုံများနှင့်သယ်ယူပို့ဆောင်ရေးကဏ္ဍအားလုံးကိုရပ်ဆိုင်းနိုင်ခဲ့ပါတယ်...ဂိုဏ်းခေါင်းဆောင်ရာဇဝတ်သားဆယ့်ရှစ်ယောက်ကိုလည်းဖမ်းဆီးနိုင်ခဲ့ပါတယ်"။