Chapter 147
နောက်နေ့တွင် ဆွေ့ဆွေ့အားကျောင်းကြိုရန် မသွားမီအခိုက်အတန့်လေးတွင် သက်တော်စောင့်အားရှာတွေ့ပြီဖြစ်ကြောင်း ဖုန်းယောက်ချင်းသိလိုက်ရသည်။
လွန်ခဲ့သောလအနည်းငယ်အတွင်း သင့်တော်
သည့် သက်တော်စောင့်ကိုမတွေ့ခဲ့ရသော်လည်း ယခုမူ အဆင်ပြေသင့်လျော်သောသက်တော်စောင့်ကိုရှာတွေ့နိုင်မည်ဟု သူ(မ)မျှော်လင့်နေမိသည်။
ပြဿနာများကိုဖြေရှင်းပြီးနောက် ဖုန်းယောက်ချင်းမှာ တိတ်တဆိတ်သက်ပြင်းချလိုက်မိသည်။
သက်တော်စောင့်မှာ သန်မာကြံ့ခိုင်သော အမျိုးသားကောင်းတစ်ယောက်ဖြစ်တန်ရာသည်။ ဆွေ့ဆွေ့အတွက် သက်တော်စောင့်တစ်ယောက်ထားဖို့ရာ အလွန်လိုအပ်နေသည်။ လက်ထောက်တစ်ယောက်တည်းနှင့်အလုပ်မဖြစ်တော့ချေ။
ထို့နောက်ဖုန်းယောက်ချင်းလည်း အပေါ်ဝတ်ကုတ်အင်္ကျီကောက်ဝတ်ကာဆွေ့ဆွေ့ကိုမူကြိုကျောင်းမှသွားကြိုရန်ပြင်လိုက်သည်။ ပြီးမှ ရွေးချယ်ထားသောသက်တော်စောင့်ကိုသွားတွေ့ရန်ဆုံးဖြတ်လိုက်သည်။
သို့သော်ရုတ်တရက်ဝင်လာသောဖုန်းခေါ်ဆိုမှုက သူ(မ)၏အစီအစဥ်ကိုအနှောင့်အယှက်ဖြစ်သွားစေသည်။
ဖုန်းချလိုက်ပြီးနောက် ဖုန်းယောက်ချင်းတစ်ယောက် တုတ်တုတ်မလှုပ်ပဲခန္ဓာတစ်ခုလုံး
တောင့်ခဲနေသည်။ သူ(မ)၏မျက်ဝန်းထဲတွ ဘဝင်မကျမှုတို့ကိုအတိုင်းသားတွေ့မြင်နိုင်သည်။ အတန်ကြာအောင်တွေဝေနေပြီးနောက် စိတ်ဒုံးဒုံးချပြီးရှမ်ယွမ်ကိုလှမ်းပြောလိုက်သည်။
"ရှမ်ယွမ်ရေ...အစ်မကိုယ်စားဆွေ့ဆွေ့ကိုမူကြိုမှာသွားကြိုပေးလို့ရမလား...ဒီနေ့ညနေအစ်မသွားစရာလေးတစ်ခုရှိနေလို့...နည်းနည်းနောက်ကျမယ်ဆိုတော့...ဆွေ့ဆွေ့ကိုညစာလေးပါကျွေးထားပေးနော်"။
တစ်ဖက်မှရှမ်ယွမ်ကလျင်မြန်စွာပြန်ဖြေသည်။ "ရပါတယ်အစ်မဖုန်း...သွားစရာရှိတာစိတ်ဖြောင့်ဖြောင့်သွားနော်...ကျွန်မဆွေ့ဆွေ့ကိုသေသေချာချာဂရုစိုက်လိုက်ပါ့မယ်"။
ထို့နောက်ရှမ်ယွမ်လည်း ဆွေ့ဆွေ့ကိူကြိုရန်အင်ပါယာနိုင်ငံတကာမူကြိုကျောင်းဘက်သို့ကားကိုပြန်လှည့်လိုက်သည်။
"တစ်ဆိတ်လောက်...ဒီကမစ္စတာကုက...သက်တော်စောင့်နေရာလျှောက်ထားတဲ့သူလားမသိဘူး"။
ဆွေ့ဆွေ့အတွက်ကိုယ်စားလှယ်လုယွင်ကျီကသက်တော်စောင့်ရွေးပေးထားမှန်း ရှမ်ယွမ်သိသည်။ မူကြိုကျောင်းသို့ရောက်ရောက်ချင်းပပေါက်ဝတွင်ရပ်စောင့်နေသူကြောင့် ရှမ်ယွမ်လည်းသက်တော်စောင့်အထက်နှင့်ရမ်းသမ်းပြီးမေးလိုက်သည်။
"ဟုတ်ပါတယ်...ကျွန်တော်ကကုကျန်းနျန့်ပါ"။
ထိုသက်တော်စောင့်က သူ(မ)မေးသမျှကိုသာပြန်ဖြေပြီးအပိုအလိုစကားမပြောချေ။ ကုကျန်းနျန့်၏မျက်နှာကို ရှမ်ယွမ်တစ်ယောက်မသိမသာအကဲခတ်လိုက်မိသည်။
ဘယ်ဘက်ပါးပြင်ပေါ်ရှိအမာရွတ်မှလွဲ၍ မျက်နှာတစ်ပြင်လုံးကရှင်းသန့်ကြည်လင်နေသည်။ ယခုလက်ရှိသရုပ်ဆောင်မင်းသားအတော်များများထက်ပင် ထိုလူကပိုကြည့်ကောင်းနေသေးသည်။ ရုတ်တရက်ကြည့်လိုက်လျှင် နာမည်ကျော်အနုပညာရှင်တစ်ယောက်ဟု ထင်မှတ်ရလောက်သည်အထိရုပ်ရည်ရှိသည်။
"ဒီမတိုင်ခင်တုန်းက...မစ္စတာကုရဲ့အလုပ်အကိုင်ကိုသိလို့ရမလား"။ မဝံ့မရဲနှင့်ရှမ်ယွမ်မေးလိုက်သည်။
"ကျွန်တော့်အရင်အလုပ်အကိုင်က...ရဲအရာရှိပါ"။ ကုကျန်းနျန့်က ရဲအရာရှိအထောက်အထားကတ်နှင့်ပင်စင်ယူထားသောလက်မှတ်ကိုထုတ်ပေးသည်။
"အဲဒါဆိုရင်...မစ္စတာကုက...ရဲဝန်ထမ်းဘာလို့ဆက်မလုပ်တော့တာလဲဟင်"။ ရဲဝန်ထမ်းဆိုသည်မှာ ဂုဏ်ယူရသည့်ပြည်သူ့အမှုထမ်းအသက်မွေးဝမ်းကျောင်းတစ်ခု မဟုတ်လား။ ဘာကြောင့်များအနားယူလိုက်ရတာပါလိမ့်။
"မစ်ရှင်တစ်ခုလုပ်နေရင်း...ဒဏ်ရာအပြင်းအထန်ရသွားလို့ပါ...အဲဒါကြောင့်ဆေးပင်စင်နဲ့အလုပ်ကနေနားလိုက်တာ"။
သက်တော်စောင့်၏စကားကြောင့်ရှမ်ယွမ်တစ်ယောက် အတော်လေးအထင်ကြီးသွားမိသည်။ မည်သို့ပင်ဆိုစေရဲအရာရှိဟောင်းတစ်ယောက်ကို ဆွေ့ဆွေ့အတွက်သက်တော်စောင့်အဖြစ်ခန့်လိုက်ခြင်းထက် ပိုကောင်းသောအရာမရှိနိုင်တော့။
.....
ညနေလေးနာရီခန့်တွင် ဆွေ့ဆွေ့မူကြိုကျောင်းမှဆင်းလာသည်။ ဖုန်းယောက်ချင်းကိုယ်တိုင်လာမကြိုနိုင်သောကြောင့် လက်ထောက်ရှမ်ယွမ်လာကြိုမည်ဖြစ်ကြောင်း အတန်းပိုင်ဆရာမကိုကြိုပြောထားရသည်။
"မမရှမ်ယွမ်သမီးကိုလာကြိုတာလား...မေမေရောဘယ်မှာလဲဟင်"။
"ဆွေ့ဆွေ့မေမေကဒီနေ့အပြင်သွားစရာလေးရှိလို့တဲ့...မမကပဲဆွေ့ဆွေ့ကိုညစာလိုက်ကျွေးမယ်နော်"။
ထို့နှင့်သူတို့နှစ်ယောက်သားဟိုဟိုဒီဒီပြောဆိုစနောက်ပြီး ကျောင်းဝန်းထဲမှအပြင်သို့ထွက်လာကြသည်။ ရှမ်ယွမ်၏ကားအနားတွင် သက်တော်စောင့်ကအသင့်ရပ်နေသည်။
ရုတ်တရပ်တွေ့လိုက်ရသောမျက်နှာချောချောကြောင့် ကုဆွေ့ဆွေ့၏ခြေလှမ်းအစုံတို့ရပ်တန့်သွားရသည်။ ရင်းနှီးသည်ထက်ပိုနေသောမျက်နှာကို ဆွေ့ဆွေ့သေချာပေါက်မှတ်မိပါသည်။
မေမေပြသောဓာတ်ပုံထဲတွင်တွေ့ခဲ့ရသည့်သူ(မ)၏ဖေဖေ ၊ ယူနန်တောအုပ်ထဲတွင်သူ(မ)
နှင့်ကင်မရာမန်းကိုအသက်ဘေးမှကယ်ပေးခဲ့
သည့် အမည်မသိဦးဦး။ ဖေဖေရော သူ(မ)ကိုမှတ်မိသေးရဲ့လား။
ကုကျန်းနျန့်မှာလည်း သူ့ကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်နေသောသမီးဖြစ်သူကြောင့် ချွေးများပြန်လာရသည်။ ဘာများဖြစ်လို့ပါလိမ့်။
ထို့နောက်ဆွေ့ဆွေ့ကိုမပြောမဆိုနှင့်ကုကျန်း
နျန့်၏ကိုယ်ပေါ်သို့ခုန်တက်ပြီး လွှတ်ထွက်သွားမှာစိုးသည့်အလား တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားသည်။
"ဆွေ့ဆွေ့...မစ္စတာကု...အရင်တည်းက...တစ်ယောက်နဲ့တစ်ယောက်သိကြတာလား"။ ဆွေ့ဆွေ့က သူစိမ်းတစ်ယောက်ကိုတွေ့တွေ့ချင်း ဤသို့သောအပြုအမူမျိုးတစ်ခါမှမလုပ်ခဲ့ဖူးချေ။ ထို့ကြောင့် ရှမ်ယွမ်လည်းနှစ်ယောက်သားတွေ့ဖူးလေသလားဟု တွေးကာမေးလိုက်ခြင်းဖြစ်သည်။
ထို့အပြင်ကုဆွေ့ဆွေ့နှင့်ကုကျန်းနျန့်...။ နှစ်ယောက်လုံး၏မျိုးရိုးနာမည်ကတူနေသည်။ ဆွေမျိုးတွေများလား။
"မမရှမ်ယွမ်...ဒီဦးဦးကသမီးတို့ကို...ယူနန်တောအုပ်ထဲမှာလမ်းပျောက်သွားတုန်း...ကယ်လာပေးခဲ့တဲ့ဦးဦးလေ"။ ဆွေ့ဆွေ့၏စကား
ကြောင့် ရှမ်ယွမ်တစ်ယောက်ဘာမှမပြောနိုင်ပဲဆွံ့အသွားရသည်။
ဆွေ့ဆွေ့က ကုကျန်းနျန့်အနားကပ်ကာ တိုးညင်းစွာဖြင့်ပြောလိုက်သည်။ "ဦးဦးက...သမီးရဲ့အဖေလား"။ တိုးလွန်းသဖြင့် ရှမ်ယွမ်ပင် မကြားလိုက်။ သို့သော် ကုကျန်းနျန့်ကကောင်းကောင်းကြားလိုက်ပါသည်။ မထင်မှတ်ထားသောမေးခွန်းကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးတောင့်ခဲသွားရသည်။