အပိုင်း ၁၄၈
Viewers 16k

Chapter 148

သူ့သမီးလေး၏အပြစ်ကင်းစင်ပြီးမျှော်လင့်ချက်ပြည့်နေသောမျက်ဝန်းများကိုကြည့်ရင်း ကုကျန်းနျန့်တစ်ယောက်နှုတ်ခမ်းပါးကိုတင်းတင်းစေ့လိုက်မိသည်။ နှလုံးသားတစ်နေရာတွင် ခါးသီးမှုတို့ ရုတ်ချည်းဝင်ရောက်လာသည်။

နှစ်ပေါင်းများစွာကြာအောင် လူယုတ်လူညံ့များကြားတွင် သွေးအညစ်အပတ်များအစွန်းအထင်းခံပြီး နေလာခဲ့သည်။ ထိုအခိုက်အတန့်များတွင်ပင်လျှင် အကြောက်အလန့်စိုးစဥ်းမျှမရှိခဲ့ပေ။ သို့သော် သမီးလေး၏ရိုးရိုးရှင်းရှင်းမေးခွန်းက 
သူ့အားအကြောက်တရားများဖြင့်လွှမ်းမိုးသွားစေသည်။

ယူနန်တွင်ရှိနေချိန်အတွင်း သမီးဖြစ်သူကိုအန္တရာယ်တွင်းထဲဆွဲခေါ်မိမည်စိုးသောကြောင့် သွားပင်မတွေ့ရဲခဲ့ချေ။ အမြဲတမ်းပုန်းရှောင်ကာထွက်ပြေးနေခဲ့မိသည်။ ဖခင်ကောင်းတစ်ယောက်၏ တာဝန်ကို ဘယ်သောအခါမှမကျေပွန်ခဲ့ပေ။

သူဘယ်သူ့ကိုမှလည်းအပြစ်မတင်နိုင်ပေ။ ဒီကိစ္စအားလုံးဖြစ်စေခဲ့သည့်အကြောင်းရင်းက သူကိုယ်တိုင်ဖြစ်နေသောကြောင့်ပင်။ 

ကုဆွေ့ဆွေ့က လူတစ်ယောက်၏ခံစားချက်အပြောင်းအလဲကိုအာရုံခံနိုင်သည့်အလျောက် 
စိတ်ဓာတ်ကျညှိုးငယ်သွားသောသူ(မ)ဖေဖေ၏ခံစားချက်ကို ရိပ်မိလိုက်ပါသည်။

ထို့ကြောင့် အတတ်နိုင်ဆုံးမျက်နှာကိုပြင်ပြီးပြုံးပြလိုက်ကာစကားစလိုက်သည်။ "ဦးဦး...သမီးကစလိုက်တာပါ"။

"မေမေက...ဖေဖေ့အကြောင်းပြောတဲ့အခါတိုင်း
ဖေဖေကအရမ်းချောတယ်ဆိုပြီးအမြဲတမ်းပြောတယ်...သမီးကလည်းဖေဖေ့ကိုတစ်ခါမှမမြင်ဖူးတော့...ဦးဦးကိုမြင်လိုက်တဲ့အချိန်မှာ....သမီးဖေဖေလည်း...ဦးဦးနီးပါးချောမှာပဲဆိုပြီးတွေးမိလို့ပါ"။ 

ကလေးငယ်၏စကားကြောင့်သူ့ရင်ဘတ်တစ်နေရာတွင် တင်းကျပ်သွားရသည်။ "သမီးရဲ့မေမေက....သမီးအပေါ်ကောင်းရဲ့လား"။

"ဒါပေါ့ဦးဦးရဲ့...မေမေကသမီးကိုအရမ်းချစ်တာ
ကမ္ဘာပေါ်မှာအကောင်းဆုံးအမေပဲ...အင်း...ဖေဖေလည်းသမီးကိုချစ်လောက်မှာပါ"။

ထိုစကားလုံးများက သူ့နှလုံးသားကိုတစ်စစီဆွဲဖြဲသလိုခံစားရစေသည်။ မျက်တောင်ကိုမြန်မြန်ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း ယောကျာ်းတန်မဲ့မျက်ရည်မကျလာအောင် အတတ်နိုင်ဆုံးထိန်းချုပ်လိုက်သည်။

သူ(မ)ရှေ့တွင်ရှိနေသောဦးဦးသက်တော်
စောင့်၏တုံ့ပြန်ချက်ကြောင့် ဆွေ့ဆွေ့၏စိတ်ထဲတွင်ရှုပ်ထွေးသွားသည်။ သူ(မ)မျှော်လင့်ထားသလို သားအဖနှစ်ယောက်ပြန်လည်တွေ့ဆုံရာတွင် ဖြစ်ပျက်နေကျတုံ့ပြန်ချက်မျိုးမဟုတ်ပဲ ထိုဦးဦးက ဘာမှမဖြစ်သလိုတည်ငြိမ်လွန်းလှသည်။

မူမမှန်သောလေထုကြောင့်ဆွေ့ဆွေ့လည်းဆက်မတွေးချင်တော့ပဲ စကားလမ်းကြောင်းလွှဲလိုက်သည်။ "ဦးဦး...ခဏနေကျရင်မမရှမ်ယွမ်ကားနဲ့ရောက်လာမှာ...ဆွေ့ဆွေ့တို့ညစာအတူတူသွားစားကြရအောင်..."။

ထိုအချိန်တွင် တိုက်တိုက်ဆိုင်ဆိုင်ရှမ်ယွမ်လည်းအချိန်မီရောက်လာသောကြောင့် ဆွေ့ဆွေ့စကားကိုကြားသွားသည်။ "အော်...ဟုတ်သားပဲ...မစ္စတာကုရောအချိန်ရရဲ့လား...ယူနန်မှာတုန်းက...ဆွေ့ဆွေ့ကိုတောအုပ်ထဲမှာကယ်ထုတ်လာတာ...အခုထိသေသေချာချာကျေးဇူးမတင်ရသေးဘူး...ဒီနေ့တော့ညစာလိုက်ကျွေးချင်ပါတယ်"။

"ကျွန်တော်အချိန်ရပါတယ်"။ ညစာစားရန်ကမ်းလှမ်းချက်ကိုသူချက်ချင်းလက်ခံလိုက်သည်။ သူ့သမီးလေးနှင့်ရသလောက်အချိန်များများကုန်ဆုံးလိုသည်။ ဘယ်အချိန်ကျမှ ညစာအတူစားနိုင်မည့်အခွင့်အရေးထပ်ရနိုင်ဦးမည်မသိ။

.....

နာရီဝက်ခန့်ကြာပြီးနောက် သူတို့သုံးယောက်သား အနီးအနားပတ်ဝန်းကျင်ရှိစားသောက်ဆိုင်သို့ရောက်သွားသည်။

စားသောက်ဆိုင်လေးကမကျဥ်းမကျယ်အနေအထားရှိပြီး လူတန်းစားမရွေးစားသုံးနိုင်သည်အထိ စျေးနှုန်းချိုသာလှသည်။ ဆိုင်ဘေးကပ်ရပ်တွင်စျေးဝယ်စင်တာကြီးရှိနေသောကြောင့် စားပြီးသည်နှင့်စျေးဝင်ဝယ်ရုံပင်။

ဆိုင်ထဲရောက်သည်နှင့်ဆွေ့ဆွေ့က စားချင်သမျှအစားအသောက်များကိုအလျှံအပယ်မှာသည်။ ရှမ်ယွမ်ပင်လှမ်းတားယူရသည်။ "ဆွေ့ဆွေ့...သမီးမေမေပြောထားတာမှတ်မိလား
သရေစာအများကြီးမစားရဘူး...စားနိုင်သလောက်ပဲမှာ"။ 

ရှမ်ယွမ်၏စကားအဆုံးတွင်ကုကျန်းနျန့်တစ်ယောက် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့သမီးကိုအခြားလူတစ်ယောက်က ဆူနေသည်ကိုဘဝင်မတွေ့လှ။ ထို့ကြောင့်သူဝင်ပြောလိုက်သည်။ "ညီမရှမ်ယွမ်...ကလေးကြိုက်တာမှာပါစေ...ဒီနေ့ကျွန်တော်ကျွေးမှာမလို့...ကြိုက်သလောက်မှာလို့ရတယ်"။

"မစ္စတာကု...ကျွန်မပဲဒီနေရာကိုခေါ်လာတာလေ
ရှင့်ကိုပိုက်ဆံထုတ်ခိုင်းလို့ဘယ်ဖြစ်မလဲ...အားနာစရာကြီး"။ 

"မမရှမ်ယွမ်ကလည်း...ဦးဦးဝယ်ကျွေးမယ်လို့ပြောနေတယ်လေ...နော်ဦးဦး...သမီးစားချင်တာစားမယ်နော်...မေမေမရှိတုန်းလေ...ကူညီပါမမရယ်"။ 

"အင်း...ဆွေ့ဆွေ့စားချင်တာအကုန်စား...ဦးဦးကဝယ်ကျွေးမှာမလို့ကိစ္စမရှိဘူး"။ 

သက်တော်စောင့်ခန့်ထားသည်မှာမကြာသေးသော်လည်း အတွဲညီနေပြီဖြစ်သောဆွေ့ဆွေ့နှင့်မစ္စတာကုကိုရှမ်ယွမ်လည်း ပြောမနိုင်တော့သောကြောင့် လွှတ်ထားလိုက်ရသည်။