Chapter 149
တစ်ဖက်ဆေးရုံတွင်...
ဖုန်းယောက်ချင်းတစ်ယောက် အရေးပေါ်ခန်းအပြင်ဘက်တွင် နာရီပေါင်းများစွာစောင့်နေခဲ့သည်။ ထို့နောက် လူနာ၏အသက်အန္တရာယ်မရှိကြောင်း စိတ်ချရပြီဆိုမှ သူ(မ)လည်း လူနာဆောင်အပြင်ဘက်တွင် ခေတ္တခဏမျှအနားယူနိုင်တော့သည်။
တစ်ခဏအကြာတွင် မျက်ခုံးထူထူ မျက်လုံးပြူးပြူးနှင့်လူကောင်ကြီးကြီးအမျိုးသားတစ်ယောက်က လူနာဆောင်မှထွက်လာကာ ဖုန်းယောက်ချင်း၏ဘေးတွင်ဝင်ထိုင်ပြီး စကားစပြောလာသည်။ "ရှောင်ချင်း...တစ်ကယ်တမ်းတော့...အမေက...ဒီနှစ်တွေမှာ...နင့်အကြောင်းပဲတွေးနေခဲ့တာ"။
ဖုန်းယောက်ချင်းက စကားတစ်ခွန်းမျှပြန်မပြောပဲ တိတ်ဆိတ်နေသည်။ "အမေ့အကြောင်းလည်းနင်သိရဲ့သားနဲ့...သူကဒေါသကြီးပြီး...ခေါင်းမာတဲ့သူဆိုပေမဲ့...နင်ထွက်သွားတော့...ဆောက်တည်ရာမရဖြစ်နေခဲ့တာဘယ်လိုပဲပြောပြော...သူကငါတို့ရဲ့အမေပဲလေ"။
ထိုစကားကြောင့် ဖုန်းယောက်ချင်း၏မျက်နှာအနည်းငယ်ပျက်ယွင်းသွားသည်။ သူ(မ)၏လေသံကအေးတိအေးစက်နှင့်အက်ရှနေသည်။ "သူကနင့်အပေါ်မှာပဲကောင်းတာပါ...ငါ့ကိုဆိုရှိတယ်လို့တောင်မထင်ဘူး"။
သူ(မ)ငယ်ရွယ်စဥ်က မိသားစုထဲတွင်အစ်ကိုကြီးကိုသာအမြဲတမ်းဦးစားပေးရှေ့တန်းတင်ခဲ့ပြီး သူ(မ)ကိုမူ အမြဲလိုလိုချောင်ထိုးထားခဲ့သည်။
"ရှောင်ချင်း...အခုအမေ့ရဲ့အခြေအနေကိုနင်လည်းမြင်နေတာပဲ...ဆရာဝန်ကပြောတယ်...
အခုလောလောဆယ်ပြန်ကောင်းလာရင်တောင်
သူသိပ်မနေရတော့ဘူးတဲ့...အဲဒါကြောင့်သူနိုးလာတဲ့အခါ...စိတ်ချမ်းသာအောင်နူးနူးညံ့ညံ့နဲ့နှစ်သိမ့်တဲ့စကားလုံးတွေပဲပြောပေးလို့မရဘူးလား...အစ်ကိုတစ်ယောက်အနေနဲ့တောင်းဆိုတာပါ"။
ဖုန်းယောက်ချင်းတစ်ယောက် ခြောက်ခြောက်ကပ်ကပ်ရယ်လိုက်မိသည်။ ထို့နောက် အစ်ကိုဖြစ်သူအားအံကြိတ်ရင်းပြန်ပြောလိုက်သည်။ "ငါကသူ့အပေါ်ကောင်းပေးရမယ်တဲ့လား
သူရောငါ့အပေါ်ကောင်းပေးခဲ့ရဲ့လား...ငါအိမ်ကထွက်သွားတုန်းက...အစ်ကိုတို့အားလုံး...တစ်ချက်တောင်ဂရုစိုက်ခဲ့လို့လား...ငါဘာဖြစ်ချင်လဲဆိုတာတစ်ခွန်းတောင်မေးကြည့်ခဲ့ဖူးလား"။
"ဒီနှစ်တွေအတွင်းမှာ...ငါဘယ်လိုခံစားခဲ့ရလဲ...အစ်ကိုသိလား"။ ဖုန်းယောက်ချင်း၏အနှစ်နှစ်အလလမျိုသိပ်ထားခဲ့ရသော ခံစားချက်များကပေါက်ကွဲထွက်လာသည်။
သူ(မ)၏စကားအဆုံးတွင် အစ်ကိုကြီးကအားနာသလိုကြည့်လာသည်။ "ရှောင်ချင်း...အဲ့လိုမတွေးပါနဲ့...အမေကနင်ကောင်းဖို့အတွက်ပဲလုပ်ခဲ့တာပါ...မိဘတစ်ယောက်အနေနဲ့ထိန်းကျောင်းတဲ့ပုံစံမမှန်ခဲ့ပေမဲ့...သူနင့်ကိုတကယ်ချစ်ပါတယ်"။
"တစ်ခုခုလိုမှခေါ်လိုက်...အခုတော့အိမ်ပြန်တော့မယ်"။ ဤနေရာတွင်ဆက်နေလျှင် မွန်းကျပ်ပြီးလဲကျသွားမည်စိုးသောကြောင့် အမြန်ထွက်သွားရန်ပြင်လိုက်သည်။
သို့သော် သူ(မ)အခန်းအပြင်မထွက်မီတွင် အစ်ကိုကြီးကလှမ်းတားသည်။ "ချင်းရှောင်...နောက်တစ်ခေါက်ဆေးရုံလာရင်...နင့်အမျိုးသားနဲ့ကလေးကိုခေါ်လာခဲ့လေ...မေမေက
သူ့မြေးလေးကိုတွေ့ချင်နေရှာတာ"။
"ခေါ်လာဖို့လိုမယ်မထင်ပါဘူး...ကလေးကအစ်ကိုတို့နဲ့ဘာမှမဆိုင်ဘူး...စည်းမကျော်လာပါနဲ့"။ ဖုန်းယောက်ချင်းတစ်ယောက် အသံကိုမနည်းထိန်းပြီးပြန်ပြောလိုက်သည်။
.....
မနေ့ညကသူ(မ)၏အဖေပြန်လာကြောင်း မေမေ့ကိုပြောရန် ဆွေ့ဆွေ့အခွင့်အရေးမရလိုက်ပေ။ အချိန်အတော်ကြာကြာမေမေကိုစောင့်နေခဲ့သော်လည်း ဆွေ့ဆွေ့အိပ်ရာဝင်သည်အထိမေမေပြန်မရောက်လာသေးချေ။ ထို့ကြောင့် သူ(မ)လည်းဆက်မစောင့်နိုင်တော့ပဲ အိပ်မောကျသွားသည်။
နောက်တစ်နေ့မနက်အစောတွင်...
ကုဆွေ့ဆွေ့တစ်ယောက်အိပ်ရာမှနှိုးလာပြီး အိပ်မှုန်စုံမွှားဖြင့်မျက်လုံးများကိုလက်ခုံဖြင့်ခပ်နာနာပွတ်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကိုရုတ်တရက်သတိရသွားသောကြောင့် အိမ်စီးဖိနပ်အပါးကိုအမြန်ကောက်စွတ်ကာ အခန်းအပြင်သို့အပြေးထွက်သွားသည်။
ဧည့်ခန်းထဲသို့ရောက်သောအခါ ဆိုဖာပေါ်တွင်လက်မှိုင်ချလျက်ထိုင်နေသော သူ(မ)၏အမေကိုတွေ့လိုက်ရသည်။ ဖေဖေ့အကြောင်းပြောပြရန်ပြင်လိုက်သော်လည်း သူ(မ)ကိုမေမေကသတိထားမိပုံမရပေ။ ခါတိုင်းဤအချိန်ဆိုလျှင် အစားအသောက်အပြည့်ရှိနေတတ်သောထမင်းစားပွဲက ယခုအလွတ်ကြီးဖြစ်နေသည်။
"မေမေ...ဆွေ့ဆွေ့မနက်စာဘာစားရမလဲဟင်"။
"....."
"မေမေ"
"ဟင်...အော်...ဆွေ့ဆွေ့လေး...မေမေခဏနေမှမနက်စာလုပ်ပေးမယ်နော်...ခဏစောင့်ဦး"။ မျက်နှာမလန်းသောမေမေ့ကိုကြည့်ရင်း တစ်ခုခုမူမမှန်သည်ကိုဆွေ့ဆွေ့သတိထားမိသွားသည်။
"ဆွေ့ဆွေ့...မေမေပြောစရာရှိသေးတယ်..ဒီနှစ်ရက်လုံးမေမေအပြင်သွားစရာလေးရှိနေလို့
မမရှမ်ယွမ်နဲ့ပဲအတူတူနေခဲ့နော်"။
"မေမေ....ဝမ်းနည်းနေတာလားဟင်"။ စိတ်ခံစားချက်များကိုအာရုံခံနိုင်သော ဆွေ့ဆွေ့က မိခင်ဖြစ်သူ၏ ညိုးငယ်ဝမ်းနည်းနေသောခံစားချက်ကို သေချာပေါက်အာရုံခံမိသည်။
"ဘယ်ကလာ...မေမေဝမ်းမနည်းပါဘူး...ဆွေ့ဆွေ့ရဲ့"။ ဖုန်းယောက်ချင်းမှာ ဆွေ့ဆွေ့ရိပ်မိသွားနည်စိုးသောကြောင့် မျက်နှာကိုတစ်ဖက်လွှဲလိုက်ရသည်။ ဆေးရုံမှပြန်လာပြီးတည်းက ဘာကိုဝမ်းနည်းလို့ဝမ်းနည်းမှန်းမသိ။ ရင်ထဲတွင်တင်းကျပ်နေသည်။