Chapter 150
ရှမ်ယွမ်ရေ...ဒီနေ့လည်းဒုက္ခပေးမိပြန်ပြီ"။
ယခုလေးတင်အိမ်သို့ကတိုက်ကရိုက်ပြန်လာသော ရှောင်ယွမ်မှာ ဖုန်းယောက်ချင်းအားကြည်လင်ရွှင်ပျသောအပြုံးဖြင့်ပြုံးပြကာ ပြန်ပြောလာသည်။ "မဟုတ်တာ...အစ်မဖုန်းရယ်
ဒါကျွန်မအလုပ်ပဲလေ...ဒုက္ခပေးတာရယ်လို့မဟုတ်ပါဘူး"။
နေ့တိုင်းနေ့တိုင်း ကြိုးကြိုးစားစား ဝီရိယရှိရှိနှင့်အလုပ်လုပ်တတ်သော ရှမ်ယွမ်ကိုဖုန်းယောက်ချင်းကြည့်နေမိသည်။ ဆွေ့ဆွေ့၏လက်ထောက်အဖြစ် ရှမ်ယွမ်ကိုရွေးချယ်လိုက်ခြင်းက အမှန်ကန်ဆုံးသော ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်။ နှစ်ကုန်ပိုင်းတွင် ရှမ်ယွမ်ကိုလစာတိုးပေးရန် သူ(မ)တွေးမိသည်။
"ဒါဆိုရင်...အစ်မအရင်သွားတော့မယ်နော်...
ဆွေ့ဆွေ့လေးကိုစိတ်ချမယ်နော်...သေချာဂရုစိုက်ပေးပါဦး"။
"အစ်မစိတ်မပူပါနဲ့...ဆွေ့ဆွေ့ကိုကျွန်မသေသေချာချာဂရုစိုက်လိုက်ပါ့မယ်"။
ရှမ်ယွမ်လေးဖုန်းချပြီးဆိုဖာပေါ်တွင် တွေတွေလေးထိုင်နေသောကလေးငယ်ကိုလှမ်းကြည့်လိုက်မိသည်။ "ဆွေ့ဆွေ့....ဘာတွေတွေးနေတာလဲ"။
"ဖေဖေ့အကြောင်းစဉ်းစားနေတာပါ...မမရဲ့"။ ကလေးငယ်က တိုးလျညင်သာစွာပြန်ဖြေလာသည်။
ကလေးငယ်၏စကားကြောင့်ရှမ်ယွမ်အနည်းငယ်အံ့အားသင့်သွားသည်။ ဆွေ့ဆွေ့၏လက်ထောက်အဖြစ်စတာဝန်ယူရသည့်အချိန်မှယခုအထိကလေးငယ်က သူ(မ)အဖေအကြောင်းကို တစ်ကူးတစ်ကပြောသည်မျိုးမတွေ့ခဲ့ဖူးချေ။
ဆွေ့ဆွေ့၏ဖခင်ကိုသူ(မ)တစ်ခါမှမမြင်ဖူးသလို အစ်မဖုန်းယောက်ချင်းကလည်း ထိုသူနှင့်ပတ်သတ်ပြီး တစ်ခွန်းတစ်လေမပြောဖူးပေ။ ကလေးငယ်၏ဖခင်က သူ(မ)ငယ်စဥ်တည်းကကွယ်လွန်သွားပြီဖြစ်ကြောင်း နားစွန်နာဖျားကြားခဲ့ဖူးသည်။
"ဆွေ့ဆွေ့လေးရဲ့ဖေဖေက...ဆွေ့ဆွေ့ကိုကောင်းကင်ကနေကြည့်ရှုစောင့်ရှောက်နေမှာပါ"။ ရှမ်ယွမ်လည်း ဤသို့သောအခြေအနေမျိုး
နှင့်မရင်းနှီးလှသောကြောင့် ကလေးငယ်ကိုသူတတ်သလောက်မှတ်သလောက်လေးနှစ်သိမ့်ပေးလိုက်သည်။
မှိုင်တွေနေသောကလေးငယ်ကိုမကြည့်ရက်တော့သောကြောင့် ရှမ်ယွမ်လည်းအာရုံလွှဲလိုက်သည်။ "အော်...ဒါနဲ့ဆွေ့ဆွေ့ရဲ့အမေကဒီနေ့တစ်နေလုံးအပြင်သွားမှာဆိုတော့...ဆွေ့ဆွေ့အိမ်မှာပဲနေချင်လား...ဒါမှမဟုတ်အပြင်ထွက်ဆော့ချင်လား"။
"အပြင်ထွက်ပြီးလျှောက်လည်မယ်"။ ဆွေ့ဆွေ့၏မျက်ဝန်းလေးများအရောင်လက်သွားကာ ချက်ချင်းပြန်ဖြေသည်။
"မမရှမ်ယွမ်...ဒါနဲ့လေ...ဟိုသက်တော်စောင့်ဦးဦးကိုခေါ်လိုက်ရအောင်...ဆွေ့ဆွေ့တို့နဲ့အတူလျှောက်လည်ဖို့ကိုလေ"။
"အင်း...ဆွေ့ဆွေ့ခေါ်ချင်တယ်ဆိုရင်...မမခေါ်ပေးပါ့မယ်..."။
....
ကုကျန်းနျန့်တစ်ယောက်မူးယစ်ဆေးဝါးဂိုဏ်းကိုဖော်ထုတ်ဖမ်းဆီးနိုင်ပြီးနောက် ရဲဝန်ထမ်းဘဝမှနှုတ်ထွက်ကာ မြို့တော်သို့တစ်ယောက်တည်းတက်လာခဲ့ပြီး ယခင်သူနေခဲ့ဖူးသည့်ရပ်ကွက်အနီးအနားတွင် အိမ်ဌားနေလိုက်သည်။
ရောက်လာသည်မှာမကြာသေးသောကြောင့် သူဌားနေသောအိမ်က အလွတ်ကြီးဖြစ်နေသည်။ ပရိဘောဂလည်းများများစားစားမရှိသေးပေ။
သမီးလေးနှင့်အနေနီးချင်သော်လည်း သူတို့နေသည့်ရပ်ကွက်ကအိမ်ခြံမြေစျေးမြင့်လွန်းလှသောကြောင့် ယခုအခြေအနေအရသူမတတ်နိုင်သေးပေ။
ထိုအချိန်စားပွဲပေါ်ရှိဖုန်းမြည်လာသေားကြောင့် သူကောက်ကိုင်လိုက်သည်။ တစ်ဖက်တွင်ကြားလိုက်ရသည့်သမီးလေး၏အသံချိုချိုကြောင့် ကုကျန်းနျန့်၏မျက်ဝန်းတို့မှာနူးညံ့မှုအရိပ်အယောင်တို့ဖြင့်ဖုံးလွှမ်းသွားသည်။
"ဦးဦး"။ ဆွေ့ဆွေ့က ကုကျန်းနျန့်ကိုတွေ့သည်နှင့် ပြေးဖက်ပြီးချွဲတော့သည်။
"ဖြေးဖြေး...မှောက်လဲမယ်"။ ကုကျန်းနျန့်လည်း ကလေးငယ်ကိုထိန်းပွေ့ပြီး သတိပေးသလိုပြောလိုက်သည်။ ရက်ပိုင်းအတွင်းသူ့ကိုခင်တွယ်လွန်းသောကလေးငယ်ကြောင့် အပြုံးတို့ကလည်းအတောသတ်လို့မရ။
"အော်...မစ္စတာကုကို...အစ်မဖုန်းယောက်ချင်းကပြောလိုက်တယ်...ဒီတစ်လကိုအစမ်းသဘောအနေနဲ့လုပ်ကြည့်ပါတဲ့...အဆင်ပြေမှအလုပ်ခန့်မယ်တဲ့...ဒါပေမဲ့ဒီတစ်လအတွက်...လစာကိုတော့အပြည့်ပေးမှာပါ"။ ဆွေ့ဆွေ့၏လက်ထောက်ဖြစ်သူရှမ်ယွမ်ကလှမ်းပြောလာသည်။
"ဟုတ်...ကျွန်တော်နားလည်ပါပြီ"။
"ဦးဦး...ဒီနေ့ဆွေ့ဆွေ့တို့စျေးဝယ်စင်တာမှာအရုပ်သွားကောက်ရအောင်...မမဖူရင်းယွီနဲ့လည်းဆော့ဖူးတယ်...မမကအရုပ်ကောက်တာအရမ်းတော်တာ...အရုပ်ကောက်ပြီးတာနဲ့စားသောက်ဆိုင်မှာ...အရသာရှိတာတစ်ခုခုသွားစားကြမယ်"။
ပြောရင်းဆိုရင်းဖုန်းမြည်လာသောကြောင့် ဆွေ့ဆွေ့မှာစကားဆက်မပြောနိုင်တော့ပဲဖုန်းဖြေရသည်။ ပါပါးခဲ့ကရှီရှီအိမ်မှာရှိနေသည်မို့ ဝင်
ကြည့်သွားရန်ဖုန်းဆက်အကြောင်းကြားခြင်းဖြစ်သည်။
"ဒါပေါ့ပါပါးရဲ့...ပါပါးခဲ့ကိုရော...ရှီရှီကိုရောလွမ်းနေတာ...ဆွေ့ဆွေ့လာခဲ့ပါ့မယ်"။
ပါပါးခဲ့?
တစ်ဖက်လူအပေါ်ပါပါးဟုသုံးနှုန်းခေါ်ဝေါ်နေသောသမီးဖြစ်သူကြောင့် ကုကျန်းနျန့်၏မျက်ခုံးတို့တွန့်ချိုးသွားရသည်။ စိတ်ထဲတွင်လည်း ဘဝင်မကျမှုများ မနာလိုမှုများဖြစ်တည်လာသည်။
.....
နာရီဝက်ခန့်ကြာပြီးနောက် သူတို့သုံးယောက်သား ခဲ့ကျင်းယန်၏နေအိမ်သို့ရောက်ရှိသွားသည်။ ကုဆွေ့ဆွေ့မှာ သူ(မ)အလွန်ရင်းနှီးနေသောနေရာဖြစ်သောကြောင့် ကိုယ်ပိုင်အိမ်လိုသဘောထားကာ ဝင်ထွက်သွားလာသည်။
ခဲ့ကျင်းယန်တစ်ယောက် လူခေါ်ဘဲလ်သံကြောင့် ဝမ်းသာအားရတံခါးဖွင့်လိုက်ရာ မျက်စိရှေ့ရှိမြင်ကွင်းကို သူ့ကိုစနှိုးစနှောင့်ဖြစ်သွားစေသည်။ ဆွေ့ဆွေ့နှင့်ရှမ်ယွမ်၏ဘေးတွင် သူ့နီးနီးရုပ်ရည်ချောမောပြေပြစ်သောလူတစ်ယောက်ရပ်နေသည်။
"ဆွေ့ဆွေ့...သူကဘယ်သူလဲ"။ ဂရုမစိုက်ဟန်ဖြင့် မှင်သေသေကြည့်နေသောကြောင့် ခဲ့ကျင်းယန်လည်း ဘောက်ဆတ်ဆတ်မေးခွန်းထုတ်လိုက်သည်။
"သူက...အစ်မဖုန်းယောက်ချင်းနဲ့ကိုယ်စားလှယ်လုယွင်ကျီတို့ကိုယ်တိုင်ခန့်ထားတဲ့...ဆွေ့ဆွေ့ရဲ့သက်တော်စောင့်ပါ"။ ရှမ်ယွမ်က မိတ်ဆက်ပေးလာသည်။
ရှမ်ယွမ်၏စကားကိုကြားလိုက်ရမှ ခဲ့ကျင်းယန်လည်းစိတ်အေးသွားသည်။ သို့သော်ဆွေ့ဆွေ့ကိုထိုသက်တော်စောင့်နှင့်အနေမနီးစေချင်ပေ။ မတော်လို့ကလေးငယ်ကထိုလူကိုအလွန်ခင်တွယ်သွားလျှင် သူ့အပေါ်အရင်လိုသံယောဇဥ်ရှိတော့မည်မဟုတ်။ ခဲ့ကျင်းယန်မှာတစ်ကိုယ်တည်းအတွေးလွန်ရင်း စိုးရိမ်စိတ်များဝင်လာသည်။