Chapter 151
"ရှီရှီ...ဒီကိုလာပါဦး"။
ခဲ့ကျင်းယန်လည်း မဆိုစလောက်လေး မနာလိုဖြစ်လာ၍ ရှီရှီစားနေကျအစာသွပ်ဘူးကို အံဆွဲထဲမှထုတ်ကာ မျှားခေါ်လိုက်သည်။
ခွေးပေါက်လေးက သူ့ကိုပင်ဂရုမစိုက်ပဲ ကုဆွေ့ဆွေ့၏ပေါင်ပေါ်တွင် ဇိမ်ကျကျအိပ်နေသည်။
ပြုစုစောင့်ရှောက်ပြီးကျွေးမွေးတာဝန်ယူရသူမှာ ခဲ့ကျင်းယန်ဖြစ်သော်လည်း ရှီရှီက သူ၏ကစားဖော်ကစားဖက်ဆွေ့ဆွေ့ကိုပို၍ ခင်တွယ်သည်။
"ရှီရှီ"။
ခဲ့ကျင်းယန်မှာစိတ်မရှည်တော့သောကြောင့် အစာသွပ်ဘူးကိုဖွင့်ဖောက်ကာ ထပ်၍အော်ခေါ်လိုက်သည်။
လပေါင်းများစွာ ခဲ့ကျင်းယန်ကအစာသေချာကျွေးထားသောကြောင့် ခွေးငပျင်းက မထချင်ထချင်နှင့်ထလာသည်။ ထို့နောက် အမြှီးတနှံ့နှံ့
နှင့် ချစ်စဖွယ်မျက်နှာဘေးလေးလုပ်ပြပြန်သည်။ ဆူငေါက်ချင်သည့် ခဲ့ကျင်းယန်၏
စိတ်ကူးတို့မှာလည်းကြက်ပျောက်ငှက်ပျောက်ပင်။
"နောက်တစ်ခါကျရင်...ခေါ်တာနဲ့တန်းလာနော်
မဟုတ်ရင်အစာငတ်ပြီမှတ်"။ ခဲ့ကျင်းယန်တစ်ယောက် ရှီရှီအားဆူသလိုလေးပြောလိုက်သည်။
"ပါပါးခဲ့...ရှီရှီကပိုဝလာသလိုပဲနော်...ဆွေ့ဆွေ့
ဖြစ်ချီတောင်မချီနိုင်တော့ဘူး"။ ဆွေ့ဆွေ့က ရှီရှီအားအစာကျွေးနေသောခဲ့ကျင်းယန်အား ညီးညူပြောပြလာသည်။
"ပိုဝလာတော့လုံးလုံးလေးနဲ့ပိုချစ်ဖို့ကောင်းသွားတာပေါ့...ပိုကိုင်လို့လည်းကောင်းတယ်လေ"။ သူ့အကြောင်းပြောလို့ပြောမှန်းမသိ ခေါင်းမဖော်တမ်းအစာစားနေသော ဖက်တီးရှီရှီကတစ်မျိုးချစ်ဖို့ကောင်းနေပြန်သည်။
"မစ္စတာခဲ့က...ဆွေ့ဆွေ့ရဲ့ခွေးလေးကိုဘာလို့တာဝန်ယူပြီးမွေးပေးထားတာလဲဟင်"။ တစ်ဖက်ဆိုဖာပေါ်တွင်ထိုင်နေသော ကုကျန်းနျန့်က ရုတ်တရက်မေးလာသည်။
"မစ္စတာခဲ့ကတစ်ကိုယ်တည်းသမားမလား...ပြီးတော့အမြဲတမ်းအလုပ်ရှုပ်နေတာမဟုတ်လား
ကျွန်တော်ပဲဆွေ့ဆွေ့လေးနဲ့အတူခွေးလေးကိုဆက်မွေးလိုက်မယ်လေ...ကျွန်တော့်ဆီကိုပေးလိုက်လို့ရပါတယ်"။
သက်တော်စောင့်၏စကားကြောင့် ခဲ့ကျင်းယန်တစ်ယောက် မျက်မှောင်ကြုတ်သွားသည်။ တစ်ဆိတ်လောက်...ဒီလူအရမ်းစည်းကျော်နေပြီမဟုတ်လား။
"မဟုတ်တာ...ကူညီပေးချင်တဲ့စိတ်ကိုအရမ်းကျေးဇူးတင်မိပေမဲ့...မလိုပါဘူး...ရှီရှီ့ကိုကျွန်တော်တစ်ယောက်တည်း...ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်...ကျွန်တော်အလုပ်ရှုပ်နေရင်တောင်...ကူကြည့်ပေးဖို့လက်ထောက်တွေမန်နေဂျာတွေရှိတယ်...ပြီးတော့မစ္စတာကုက...သက်တော်စောင့်တစ်ယောက်...မဟုတ်လား...ကလေးကိုပဲကောင်းကောင်းဂရုစိုက်လိုက်ပါ...မလိုအပ်တဲ့အလုပ်တွေနဲ့ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်လို့ပါ"။
ကုကျန်းနျန့်ကလည်း လက်မလျှော့သေးပေ။ "ခွေးတစ်ကောင်လေးမွေးတာ...ဘာမှရေးကြီးခွင်ကျယ်မဟုတ်ပဲနဲ့...အသေးအမွှားကိစ္စလေးပါ...ကျွန်တော်ကမစ္စတာခဲ့အကူအညီများလိုမလားလို့ပြောလိုက်တာပါ...စိတ်မရှိပါနဲ့"။
အဓိပ္ပါယ်မရှိသောကိစ္စကိုအစအနဖော်ပြီး အသားလွတ်ကြီးသူခိုးလူပြန်ဟစ်နေသည့်ထိုလူ့ကို ခဲ့ကျင်းယန်စိတ်အချဥ်ပေါက်သွားသည်။ ပါးစပ်ကပြန်ပြောဖို့ပြင်လိုက်သော်လည်း သူ့ကိုမျက်လုံးရွဲကြီးနှင့်ကြည့်နေသောကလေးငယ်ကြောင့် စိတ်လျှော့လိုက်ရသည်။
ဘေးမှကြည့်နေသောရှမ်ယွမ်လည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသည်။ ယနေ့မှတစ်ယောက်နှင့်တစ်ယောက်ဆုံဖူးကြသောကုကျန်းနျန့်နှင့်ခဲ့ကျင်းယန်မှာ အတိတ်ဘဝကရန်သူများအလား။
"အမ်း...ဦးဦး...ရှီရှီ့ကိုပါပါးပဲမွေးပါစေ...ရှီရှီကဆွေ့ဆွေ့ရဲ့ခွေးလေးဆိုပေမဲ့...တကယ်တော့ပါပါးခဲ့ကလက်ဆောင်အနေနဲ့ဝယ်ပေးထားတာ
မေမေကအိမ်မှာပေးမမွေးလို့...ပါပါးခဲ့ဆီမှာအပ်ထားရတာပေါ့"။ ဆွေ့ဆွေ့၏စကားကြောင့် ကုကျန်းနျန့်လည်းဘာမှဆက်မပြောတော့။
နေ့လည်စာကိုခဲ့ကျင်းယန်၏တိုက်ခန်းတွင်သာစားဖြစ်ကြပြီး ဆွေ့ဆွေ့တစ်ယောက်ရှီရှီနှင့်အတန်ငယ်ဆော့ကစားပြီးနောက် အိမ်ပြန်ရန်ပြင်လိုက်သည်။
မပြန်မီတွင်ရှီရှီကိုပွေ့ထားသောဆွေ့ဆွေ့က သူ(မ)နှင့်ဓာတ်ပုံရိုက်ပေးရန် ကုကျန်းနျန့်အားအတင်းလာခေါ်သည်။ မငြင်းသာတော့သောကြောင့် ကုကျန်းနျန့်မှာဓာတ်ပုံဝင်ရိုက်လိုက်ရာ ကင်မရာရှေ့တွင် သဘာဝမကျစွာတောင့်တောင့်ကြီးဖြစ်နေသည်။
ဆွေ့ဆွေ့၏ရည်ရွယ်ချက်မှာ ဖေဖေနှင့်ရးတွဲရိုက်ထားသောဤပုံကို မေမေ့အားပြရန်ဖြစ်သည်။ ဖေဖေ့ပုံကိုမြင်လျှင် မေမေမှတ်မိကောင်းပါရဲ့။
အိမ်အပြန်တစ်လမ်းလုံး သူတို့သုံးယောက်လုံး အတွေးကိုယ်စီနှင့်တိတ်ဆိတ်နေကြသည်။ ရှမ်ယွမ်မှာ တာဝန်ချိန်မဟုတ်သော်လည်း လာပေးသောမစ္စတာကုကိုအားနာသောကြောင့် ရာသီဥတုအေးအေးချမ်းချမ်းနှင့်တစ်ယောက်တည်းပြန်မလွတ်ရက်ပေ။ ထို့
ကြောင့် မစ္စတာကု၏တိုက်ခန်းရှိရာသို့အရင်လိုက်ပို့ပေးလိုက်သည်။
ကုကျန်းနျန့်ကားပေါ်မှဆင်းခါနီးအချိန်လေးတွင် ဆွေ့ဆွေ့ကအမြန်လှမ်းတားပြီးသူ(မ)၏မွေးနေ့တွင် မေမေကလက်ဆောင်အဖြစ်ပေးထားသောဖေဖေ့ဓာတ်ပုံလေးကိုအိတ်ထဲမှထုတ်ကာ လက်ထဲသို့ အတင်းထိုးထည့်ပေးလိုက်သည်။
"ဒါဦးဦးအတွက်နော်...သေချာပေါက်ကြည့်
ကြည့်ပါ...တာ့တာဦးဦး...နောက်နေ့မှတွေ့မယ်"။
တရွေ့ရွေ့ထွက်ခွာသွားသောကားလေးမြင်ကွင်းမှပျောက်ကွယ်သွားချိန်တွင် ကုကျန်းနျန့်လည်းဆွေ့ဆွေ့ပေးသွားသောဓာတ်ပုံလေးကိုအသေအချာဖြန့်ကြည့်မိသည်။
တွေ့လိုက်ရသောပုံရိပ်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးအေးစက်တောင့်ခဲသွားပြီး အသက်ရှူရပ်မတတ်ဖြစ်သွားသည်။ ဓာတ်ပုံထဲမှလူက သူမှသူအစစ်။
တစ်ပြိုင်နက်တည်းတွင် တစ်စုံတစ်ခုကိုသူသဘောပေါက်သွားသည်။ သူ့သမီးက သူ့ကိုနဂိုတည်းက မှတ်မိပြီးသူ့သရုပ်မှန်ကိုသိနေခြင်းပင်။